ရခိုင်စစ်ဘေးရှောင်များ အချိန်ခါမဟုတ်မိုးရွာသွန်းမှုကြောင့် နေထိုင်ရေးအခက်အခဲကြုံနေ

0
239

ရခိုင်ပြည်အတွင်း အချိန်အခါမဟုတ်မိုးရွာသွန်းမှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြသော စစ်ဘေးရှောင်များသည် နေထိုင်ရေး၊ ချက်ပြုတ်စားသောက်ရေး အခက်အခဲများ ကြုံတွေ့နေကြရကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြိုနယ်မှ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက “ကျနော်တိုက ကားလမ်းမဘေးမှာ တဲထိုးပြီး နေနေရတာ။ အမိုးအကာလည်း မလုံဘူး။ လေပြင်းတိုက်ရင် အကုန်လုံး လွှင့်စင်သွားတယ်။ မနေ့က မိုးရွာတော့ အိပ်ဖိုနေရာမရှိ ဖြစ်ခဲ့ရတယ်” ဟု ပြောသည်။

မတ်လ ၂၀ ရက် ညအချိန်က လေပြင်းတိုက်ခိုက်မှုနှင့်အတူ မိုးအနည်းငယ်ရွာသွန်းခဲ့မှုကြောင့် ချက်ပြုတ် စားသောက်ရေး၊ အိပ်စက်ရန်နေရာ အခက်အခဲများ ရင်ဆိုင်ခဲ့ရသည်ဟု စစ်ဘေးရှောင်များက ဆိုသည်။

မိုးဇလဌာန၏ မတ်လ ၂၁ ရက် ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်သဖြင့် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် ရခိုင်ပြည်တွင် ၁ ရက်မှ၂ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်သည်ဟု ခန့်မှန့်ထားသည်။

ထိုကြောင့် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ စစ်တွေ၊ ပေါက်တော၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်နှင့် ရမ်းဗြဲ စသည့် မြိုနယ်များက စစ်ဘေးရှောင်များသည် အမိုးအကာ မလုံခြုံမှုကို ရင်ဆိုင်နေကြရကြောင်း သိရသည်။

“မိုးရွာတော့ တော်တော်လေး အခက်အခဲဖြစ်ရတယ်။ ဟိုနေရာကိုရွှေ့ ဒီနေရာကိုရွှေ့နဲ့ မိုးလုံမယ့်နေရာကို ပြောင်းနေရတယ်။ အမိုးအကာလည်း မရှိတော့ အကုန်လုံးက ဒုက္ခရောက်ကြတာပဲ” ဟု ပေါက်တောမြိုမှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

ရခိုင်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ ၃ သိန်းကျော်ထိ တိုးလာနေပြီး စားနပ်ရိက္ခာ၊ နေထိုင်ရေး၊ အမိုးအကာနှင့် ဆေးဝါးအကူအညီ လိုအပ်ချက်များ မြင့်မားလျက် ရှိသည်။

စစ်ရေးပဋိပက္ခကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြသော ရခိုင်က စစ်ဘေးရှောင်များအတွက် လူသားချင်းစာနာမှုအကူအညီ လိုအပ်ချက်မှာ အဆိုးရွားဆုံးအခြေအနေသို ရောက်ရှိနေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ကလည်း ထုတ်ပြန်ထားသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here