မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်း စစ်မှုထမ်းအငှားခေါ်သည့် စျေးနှုန်းမှာ ကျပ်သိန်း ၄၀ ဝန်းကျင်အထိ ပေါက်စျေးရှိနေသည်ဟု ဒေသခံများက ပြောဆိုသည်။
စစ်ကောင်စီ၏ ပြည့်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဆောင်ရန် ကျေးရွာနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မဲနှိုက်လူရွေးချယ်မှုပြုရန် လှုံ့ဆော်လုပ်ဆောင်နေချိန်တွင် ယခုလိုစျေးကွက် ဖြစ်လာသည်ဟု ဒေသခံများက ပြောသည်။
“ရွာထဲက ပိုက်ဆံရရင် စစ်မှုထမ်းမယ့်သူတွေကို တစ်ယောက် သိန်း ၄၀ ပေးရမယ်။ တစ်အိမ်ကို ခွဲတမ်းကျတာဝန် ယူရမှာပေါ့။ အဲဒီလိုပေးမယ်ဆိုရင် မဲနှိုက်ရမယ့်ကိစ္စက မနှိုက်ရတော့ဘူး” လို့ ဒေသခံတစ်ဦးက ပြောပြသည်။
ယခင်က စစ်မှုမထမ်းလိုသူများအနေနှင့် တစ်အိမ်ကို ငွေကျပ် ၅၀၀၀ ကနေ ငွေကျပ် ၅၀၀၀၀ နှုန်း အထိ ပေးဆောင်ရမှု ရှိခဲ့ပေမယ့် လက်ရှိတွင် စစ်မှုထမ်းမည့်သူကို ကျပ်သိန်း ၄၀ အထိ ပေးရမှာဖြစ်တယ်ဟု ဆိုသည်။
စလင်း၊ ပွင့်ဖြူနှင့် စေတုတ္တရာမြို့နယ်တို့ရှိ ကျေးရွာများတွင် စစ်မှုထမ်းရန် အုပ်ချုပ်ရေးမှူးများက ကြိုးပမ်း လုပ်ဆောင်နေကြသလို စစ်ကောင်စီတပ်ဖွဲ့ကလည်း ပြည်သူ့စစ်အတွက် စည်းရုံးမှုတွေရှိနေပြီး တချို့ကို အမြဲတမ်း စစ်သားအဖြစ် လုပ်ဆောင်ရန် ငွေပေးစည်းရုံးမှုများလည်း ရှိနေသည်ဟု ဒေသခံများက ပြောပါသည်။
အမည်မဖော်လိုသည့် CDM ဗိုလ်ကြီးတစ်ဦးက စစ်ကောင်စီတပ်က ငွေပေးစည်းရုံးနေရသည့် အခြေအနေနှင့် ပတ်သက်ပြီး အခုလိုသုံးသပ် ပြောဆိုသည်။
“စစ်သည်အင်အား ၄ သိန်း ဆိုတာက ကျွန်တော်တို့တပ်ထဲရှိနေတဲ့ အချိန်တုန်းထဲက မရှိတော့ဘူး။ အခု တိုက်ပွဲတွေမှာ အထိနာတာနဲ့ CDM ဝင်တာလာတွေ များနေလို့ သူတို့ဘက်က ရသလို စည်းရုံးတာတွေ ဆက်လုပ်နေဦးမှာပဲ။ ဒီလိုစည်းရုံးထားတဲ့ လူသစ်တွေကလည်း တပ်ထဲမှာ အချိန်ကြာကြာ ဒဏ်ခံနိုင်မှာ မဟုတ်ဘူး” လို့ ၎င်းက ပြောပါသည်။
စစ်ကောင်စီဘက်က မြန်မာနှစ်သစ်ကူးအပြီး ဧပြီလနှောင်းပိုင်း၌ စစ်မှုထမ်းဆင့်ခေါ်ရေး လုပ်ငန်းစဉ်များ စတင် လုပ်ဆောင်မည်ဟု ပြောဆိုထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ကရင်အမျိုးသားအစည်းအရုံးက KNU က စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေကို မလိုက်နာရန် ပြောဆိုထားပြီး ယင်းဥပဒေ အသက်ဝင်သည်ဆိုသည့် အပေါ်ကိုလည်း ရှုတ်ချထားသည်။
သံလွင်တိုင်းမ် ပေးပို့သည်။