အင်းတော်၊ မော်လူးမြို့တွင် တရုတ်ကိုတင်ပို့မည့် သစ်မှောင်ခိုကားများကို ဒေသခံပြည်သူများဖမ်းဆီး

0
272
ပုံစာ - ဖမ်းဆီးထားသည့် သစ်မှောင်ခိုကားများ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် မော်လူးမြို့တွင် တရုတ်ပြည်သို့တင်ပို့မည့် သစ်မှောင်ခိုကားများကို ဒေသခံပြည်သူများက မတ်လ ၁၇ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း ဒေသခံများ ပြောဆိုမှုအရ သိရသည်။

အဆိုပါ သစ်မှောင်ခိုကားများသည် ဗန်းမောက်မြို့နယ်ဘက်မှ ထွက်ခွာလာခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF ထိန်းချုပ်ရာ လမ်းတလျှောက်ကို ခွင့်ပြုချက်ဖြင့် ဖြတ်သန်းလာကြခြင်း ဖြစ်ကြောင်းလည်း ဒေသခံများက ပြောသည်။

“ဗန်းမောက်ကနေ ထုတ်ကြတာ။ အခုတောင် နတ်ရုံမှာတော့ ကျန်သေးတယ် ၁၅ စီးလောက်၊ ပြဿနာက မပြီးသေးဘူးထင်တယ်။ ကျန်အုံးမယ်” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ဆိုသည်။

ဒေသခံပြည်သူများ တနိုင်တပိုင်သစ်ထုတ်လုပ်ခြင်းကို တားမြစ်ထားပြီး ထိုကဲ့သို့ သစ်မှောင်ခိုကားများကို ပြည်သူ့ကာကွယ်ရေးတပ် PDF များက ဖြတ်သန်းခွင့် ပြုနေခြင်းကို မကျေနပ်ကြခြင်းဖြစ်ကြောင်းလည်း ဒေသခံများက ဆိုသည်။

ဒေသခံတစ်ဦးက “မကျေနပ်ကြတာပေါ့၊ ရွာသားတွေကြတော့ ကိုင်းဖျားကိုင်းနားတွေ သွားယူတာကို ရိုက်လွတ်ခဲ့တာ၊ PDF တွေက။ မနေ့က ရွာသားတွေက ဖမ်းထားကြတာ၊ ၃ စီး ဖမ်းထားတယ်” ဟု ပြောဆိုသည်။

မော်လူးမြို့သည် အမျိုးသားညီညွှတ်ရေးအစိုးရ NUG ၏ ထိန်းချုပ်နယ်မြေအဖြစ် တရားဝင်ကြေညာထားသော ဒေသတစ်ခုလည်း ဖြစ်သည်။

စစ်ကိုင်းတိုင်းအတွင်း သစ်မှောင်ခိုကိစ္စများသည် မကြာခဏ ဖြစ်ပွားလေ့ရှိပြီး သစ်မှောင်ခိုကားများ ဖြတ်သန်းသွားရာ လမ်းတလျောက်ရှိ စစ်ကောင်စီတပ်များကို သာမက တော်လှန်ရေးအဖွဲ့အစည်းများကိုပါ ငွေကြေးပေးဆောင်၍ တရုတ်ပြည်သို့ တရားမဝင် ထုတ်လုပ်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

သစ်မှောင်ခို ထုတ်လုပ်သည့်ကိစ္စသည် စစ်ရေးပဋိပက္ခအတွင်း လျော့နည်းသွားခြင်းမရှိဘဲ ပိုမိုဆိုးရွားလျက်ရှိပြီး စစ်ကိုင်းတိုင်း အထက်ပိုင်းရှိ သစ်တောကြိုးဝိုင်းများပါ ပျောက်ကွယ်နိုင်သည့်အခြေအနေ ရှိနေကြောင်းလည်း ဒေသခံများက အသိပေး ပြောဆိုပါသည်။

ဆေကောင်ခမ်း(ရှမ်းနီအသံ) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here