စစ်မှုထမ်းပါက လစာငွေကျပ် ၃ သိန်း ရရှိမည်ဟု ဧရာဝတီတိုင်းရှိ ကျေးရွာတချို့၌ မက်လုံးပေးပြီး ခေါ်ယူနေ

0
422
Photo - SAC

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ တလုတ်ထော်မြို့ရှိ ကျေးရွာတချို့တွင် ပြီးခဲ့သည့်ရက်ပိုင်း၌ ကျေးရွာ အုပ်ချုပ်ရေးမှုးများက စစ်မှုထမ်းလိုက်ပါသူများ လစာငွေအဖြစ် တစ်လလျှင် ငွေကျပ် ၃ သိန်း ရရှိမည်ဖြစ်ကြောင်း မက်လုံးပေး ခေါ်ယူနေသည်ဟု ဒေသခံများက ပြောသည်။

မတ်လဒုတိယအပတ်တွင်း တလုတ်ထော်မြို့၊ ကျေးရွာအုပ်စုအောက်ရှိ ကျေးရွာများတွင် ရွာအုပ်ချုပ်ရေးမှူးများက ဦးစီး၍ တစ်ရွာလျှင် တစ်ယောက်နှုန်း စစ်မှုထမ်းခေါ်ယူရန် မဲနှိုက်ရွေးချယ်ခဲ့ပြီး စစ်မှုထမ်းလိုက်ပါသူများကို စစ်အစိုးရက လစာထောက်ပံ့ငွေအဖြစ် တစ်လလျှင် ငွေကျပ် ၃ သိန်း ပေးသွားမည်ဟု ၎င်းတို့က ပြောဆိုသည်။

အမည်မဖော်လိုသူရွာသားတစ်ဦးက “စစ်မှုသွားထမ်းတဲ့သူကို ၃ သိန်း ထောက်ပံ့ပေးမယ်လို့ပြောတယ်၊ အခုတော့ မဲပေါက်တဲ့လူတွေကို တခါတည်းခေါ်မသွားသေးဘူး။ ၃ သိန်း ပေးမယ့်ကိစ္စကလည်း သူတို့သာပြောတာ လူတွေကတော့ အယုံအကြည်မရှိဘူး။ သတင်းစာထဲမှာတောင် မပါတဲ့ကိစ္စကို ပါးစပ်နဲ့သာ ပြောနေတာ သပ်သပ်မက်လုံးပေးတာ ဘယ်သူမှ သူတို့သားသမီးကို မထည့်ချင်ဘူး” ဟု ပြောပါသည်။

ထို့အပြင် မဲနှိုက်ရွေးချယ်မှု ပြုလုပ်ခဲ့သည့် ထိုအစည်းအဝေးအတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးတချို့က စစ်မှုထမ်း လိုက်ပါသူ၏ မိသားစုအား မလိုက်ပါသောရွာရှိ ကျန်နေအိမ်များက ထောက်ပံ့ငွေပေးရမည်ဟုလည်း ပြောဆိုကြောင်းလည်း တလုတ်ထော်မြို့ ဒေသခံများက ပြောသည်။

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင်လည်း ဒေသခံလူငယ်များအား မဲနှိုက်ရွေးချယ်မှုများ လုပ်ဆောင်နေပြီဖြစ်သဖြင့် အုပ်ထိန်းသူမိဘများမှာ ၎င်းတို့သားသမီး၊ မိသားစုဝင်များအတွက် စိုးရိမ်ပူပန် နေကြသည်ဟု ဒေသခံများထံမှ သိရသည်။

လှည်းဆိပ်အုပ်စုနေ ရွာသူတစ်ဦးက “လူတွေ တော်တော်စိုးရိမ်နေကြတယ်။ လူငယ်တွေဆို အပြင်တောင် သိပ်မထွက်ရဲဘူး။ မနေ့ညကလည်း ချောင်းစောက်ရွာမှာ တစ်ယောက်ကို မဲပေါက်လို့လာခေါ်တာ မလိုက်သွားဘူး ပြောတယ်။ သူတို့အုပ်ကြီးကတော့ ဘယ်လိုလုပ်မလဲမသိဘူး” ဟု ပြောသည်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေအား ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စတင် အတည်ပြု ပြဌာန်းထုတ်ပြန်ပြီး နောက်ပိုင်း ခေါ်ယူရေးအဖွဲ့များဖွဲ့ကာ တစ်နိုင်ငံလုံးအနေအထားဖြင့် လူအင်အားစုဆောင်းမှုများ လုပ်ဆောင် ခဲ့ခြင်းကြောင့် လူထုအကြား စိုးရိမ်မှုမြင့်တက်လာသလို လူငယ်များသည်လည်း နည်းမျိုးစုံဖြင့် စစ်မှုထမ်း တိမ်းရှောင်နေကြရသည်။

ယခုအခါ နယ်မြို့များသာမက ရန်ကုန်တိုင်း၊ မန္တလေးတိုင်းတို့တွင်လည်း စစ်ကောင်စီတပ်က စစ်မှုထမ်းရန် အသက်ပြည့်မီသူများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ ခေါ်ယူ၍ နာမည်စာရင်းကောက်ခြင်းနှင့် မဲနှိုက် ရွေးချယ်ခြင်းများပါ တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံက သိရသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here