စစ်မှုထမ်းလုပ်ငန်းစဥ်မဆောင်ရွက်လိုသဖြင့် မွန်ပြည်နယ်အတွင်းရှိရပ်ကျေးအုပ်ချုပ်ရေးမှုးတချို့ တာဝန်မှ နှုတ်ထွက်

0
353

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းတွင် စစ်ကောင်စီ၏ စစ်မှုထမ်းဆောင်ရေး လုပ်ငန်းစဥ်တွင် ပူးပေါင်း ဆောင်ရွက်လိုခြင်းမရှိသည့်အတွက် ရပ်ကျေးအုပ်ချုပ်ရေးမှုးတာဝန်မှ နှုတ်ထွက်သူတချို့ ရှိလာသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

စစ်ကောင်စီ၏ အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာလုပ်ဆောင်ရမည်ဖြစ်သလို ဒေသအတွင်းရှိ တော်လှန်ရေး တပ်ဖွဲ့တို့၏ ဖိအားပေး အရေးယူမည့် ထုတ်ပြန်ချက်များလည်း ရှိနေသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအတွက် အကျပ်ရိုက်စေမည့် အနေအထားရှိနေသည်ဟု ဒေသခံများက ပြောဆိုသည်။

“ကျွန်တော်တို့ဒေသဘက်မှာ စစ်ကောင်စီက ညွှန်ကြားတဲ့အတိုင်းလုပ်ရင် အခြားတစ်ဖွဲ့က အပြစ်ပေးတာလည်း ခံရမယ်။ ကျဥ်းထဲကျပ်ထဲရောက်နေပြီး မလိုက်နာလို့လည်း မရ၊ အဲဒါနဲ့ပဲ ရေးမြောက်ပိုင်းက အုပ်ချုပ်ရေးမှူး တချို့က အလုပ်ထွက်လိုက်ကြတယ်” ဟု ရေးမြို့မြောက်ပိုင်းရှိ ကျေးရွာရပ်မိရပ်ဖအဖွဲ့ဝင်တစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်မှုထမ်းဥပဒေအရ စစ်မှု့ထမ်းဆောင်ရမည့်သူ အမည်စာရင်းကို ကျေးရွာအလိုက် ကောက်ခံပေးရန် စစ်ကောင်စီ မြို့နယ်ရုံးမှတဆင့် ညွှန်ကြားလာပြီးနောက် မွန်ပြည်သစ်ပါတီ (AD) ကလည်း စစ်မှုထမ်းဆောင်ရေး လုပ်ငန်းစဥ်တွင် ပူးပေါင်းလုပ်ဆောင်သူများကို ပြတ်ပြတ်သားသား အရေးယူမည်ဟု ထုတ်ပြန်ပြောဆိုလာတာ ကြောင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများအတွက် ကြီးမားသော စိန်ခေါ်မှုတရပ် ဖြစ်လာသည်ဟု ၎င်းက ဆိုသည်။

ထိုကြောင့် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေနှင့်နီးစပ်သည့် မွန်ပြည်နယ်အတွင်းက ရပ်ကျေးအုပ်ချုပ်ရေးမှူတချို့ တာဝန်မှ နှုတ်ထွက်ရသည့် အခြေအနေ ဖြစ်လာရသည်ဟု ဆိုသည်။

အခြားကျေးရွာရပ်မိရပ်ဖအဖွဲ့ဝင်တစ်ဦးက “ကျွန်တော်တို့နဲ့ ခင်တဲ့သူ (အုပ်ချုပ်ရေးမှုး) ဆိုရင် ဒီလိုမျိုး ပြောလိုက်တာရှိတယ်။ ကျွန်တော်တို့ဒေသက မွန်ပြည်သစ် ထိန်းချုပ်နယ်မြေနဲ့ အနီးစပ်နေရာမှာ ဖြစ်နေတယ်။ ဆိုတော့ စစ်တပ်ခိုင်းတာကို လုပ်ပေးရင် အချိန်မရွေး သူတို့ (မွန်ပြည်သစ်ပါတီ – AD) အရေးယူနိုင်တဲ့ အခြေအနေမှာ ရှိနေတဲ့အတွက် ဒီအချိန်ဟာ (အုပ်ချုပ်ရေးမှုး) တာဝန်ကနေ နှုတ်ထွက်လိုက်တာ အကောင်းဆုံးပဲဆိုပြီးတော့ အဲဒီလိုမျိုး အကြံပေးခဲ့တာရှိတယ်” ဟု ပြောပါသည်။

စစ်မှုထမ်းဆောင်ရန် အမည်စာရင်းကောက်ခံရမည့် လုပ်ငန်းစဥ်များအား စစ်ကောင်စီမှ ညွန်ကြားလာပြီးနောက် ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ-AD က စစ်မှုထမ်းရန် ပါဝင်ဆောင်ရွက်ပေးသည့် ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်နှင့် ရေးမြောက်ပိုင်းက ရပ်ကျေးအုပ်ချုပ်ရေမှုးများကို ပြတ်ပြတ်သားသား အရေးယူမည်ဟု ထုတ်ပြန်လာခဲ့ခြင်းဖြစ်သည်။

လက်ရှိအခြေအနေအရ မွန်ပြည်နယ်ရှိ မြို့နယ်တချို့၌ တပ်ဖွဲ့ဝင်အင်အား ဖြန့်ကျက်နေရာယူထားပြီးသားဖြစ်သည့် မွန်ပြည်သစ်ပါတီ (AD) က စစ်ကောင်စီနှင့် တိုက်ပွဲငယ်များ စတင်ဖော်ဆောင်လာသည်ကို တွေ့နေရပြီဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here