မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မုဒုံ – သံဖြူဇရပ်ကားလမ်းပေါ်တွင် ကမာဝက်မြို့ နယ်မြေရဲစခန်းမှူးစီးနင်းလာသည့် ကားကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD က ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မတ်လ ၁၄ ရက်နေ့ ညနေ ၆ နာရီခွဲခန့်က သံဖြူဇရပ်မြို့ဘက်မှ မုဒုံမြို့ဘက်သို့ မောင်းနှင်လာသည့် ကမာဝက်မြို့ နယ်မြေရဲစခန်းမှူးမင်းဌေးမောင်မောင် စီးနင်းလိုက်ပါလာသည့်ကားကို မုဒုံ – သံဖြူဇရပ်ကားလမ်း၊ ကွမ်လှာကျေးရွာနှင့် ရောင်းဒေါင်းကျေးရွာကြား အရောက်တွင် NMSP-AD က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ကမာဝက်မြို့ နယ်မြေရဲစခန်းမှူးကားနှင့်အတူ သံဖြူဇရပ်မြို့ စရဖကားလည်း တိုက်ခိုက်ခံရပြီး ကားပေါ် ပါလာသူများ ထွက်ပြေးလွတ်မြောက်သွားသည့်အတွက် ထိခိုက်သေဆုံးမှု မရှိကြောင်း NMSP-AD ထံမှ သိရသည်။
အဆိုပါ တိုက်ခိုက်ဖြစ်စဉ်အတွင်း MA1 သေနတ်တစ်လက်နှင့် စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရမိပြီး၊ ကားနှစ်စီးကို လည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း NMSP-AD က ထုတ်ပြန်ထားသည်။
မတ်လ ၁၅ ရက်နေ့ (ယနေ့) နံနက်ပိုင်းတွင် ယင်းသို့ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် ရောင်းဒေါင်ကျေးရွာထဲသို့ အင်အား ၃၀ ခန့် ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကား ၃ စီးဖြင့် ရောက်ရှိလာသည်ဟု ဒေသခံများထံမှ သိရသည်။
ဒေသခံတစ်ဦးက “ဒီနေ့ စစ်သားတွေ ကားသုံးစီး အင်အား ၃၀ ကျော်လောက် ရှိမယ်။ ရွာထဲကို လမ်းလျှောက်ဝင်လာကြတယ်။ မေးမြန်းတာ ဘာညာတော့မရှိဘူး။ ရွာလမ်းဝမှာလည်း ၈ ယောက်လောက်ရှိတယ်” ဟု ပြောသည်။
ကမာဝက်မြို့ နယ်မြေရဲစခန်းမှူးကား တိုက်ခိုက်ခံရမှု ဖြစ်စဉ်အတွင်း သံဖြူဇရပ်တိုးဂိတ်မှ မန်နေဂျာဖြစ်သူ သေဆုံးသွားသည်ဟု သတင်းထွက်နေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ယင်းနေ့တွင်ပင် NMSP-AD တပ်ဖွဲ့တို့က ကျိုက်မရောမြို့နယ်၊ ကြံတောကျေးရွာတွင် အခြေစိုက်ထားသည့် စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းနှင့် မတ်လ ၁၃ ရက်နေ့ကလည်း တံခွန်တိုင်ကျေးရွာရှိ စစ်ကောင်စီတပ်ကို မဟာမိတ်တပ်များနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု NMSP-AD က ထုတ်ပြန်ထားသည်။
NMSP-AD သည် မွန်ပြည်သစ်ပါတီမှ ခွဲထွက်ပြီး စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်သွားမည်ဟု ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ထုတ်ပြန်ကြေညာထားပါသည်။
NMSP-AD သည် မုဒုံမြို့နယ်၊ ကျိုက်မရောမြို့နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်တို့တွင် လှုပ်ရှား နေသည့်အတွင် ဒေသအတွင်း တိုက်ပွဲပြင်းထန်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
IMNA ပေးပို့သည်။