ဖယ်ခုံ – ပင်လောင်းနယ်စပ်တွင် တိုက်ပွဲကြောင့် ဒေသခံပြည်သူ ၃ ထောင်နီးပါး ထပ်မံစစ်ဘေးတိမ်းရှောင်နေရ

0
215
ပုံစာ - ဖယ်ခုံ-ပင်လောင်းမြို့နယ်စပ်ရှိ စစ်ရှောင်ပြည်သူတချို့။

ရှမ်းပြည် ဖယ်ခုံ – ပင်လောင်း နယ်စပ်ရှိ ကျေးရွာများ အနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံပြည်သူ ၃ ထောင်ဝန်းကျင်သည် ဘေးလွတ်ရာကို စစ်ဘေးတိမ်းရှောင် ထွက်ပြေးနေရတယ်လို့ ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်က ပြောပါသည်။

နယ်စပ်ကျေးရွာ အနီးတဝိုက်၌ မတ်လ ၇ ရက်နေ့က စတင်ပြီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေတာကြောင့် နမ့်ဖာမူ၊ နောင်ဝိုးနှင့် အနီးအနားက ကျေးရွာခံများ သာမက ထိုဒေသတွင် လာရောက်တိမ်းရှောင်နေသည့် စစ်ရှောင်များပါ ထပ်မံ တိမ်းရှောင် ထွက်ပြေးနေကြ ရတယ်လို့ စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေး ကွန်ရက်က ပြောသည်။

“ဖယ်ခုံကနေ နယ်စပ်ပြောင်းရတဲ့အဖွဲ့ ပင်လောင်းနဲ့ ဖယ်ခုံကြားမှာ စစ်ဘေးရှောင်ကြတယ်။ အဲ့မှာက လူဦးရေ ၂ ထောင်၊ ၃ ထောင်လောက် ရှိတယ်။ အဲ့တော့ အဲ့မှာစစ်ကြောင်းထိုးတော့ အဲ့နယ်စပ်နီးနားက ကျေးရွာတွေက ထပ်ရှောင် ရတယ်ပေါ့နော်။ အဲ့မှာက လူဦးရေက ၅၊ ၆ ထောင်လောက် ရှိသွားတယ်ပေါ့ စစ်ရှောင်တွေက အဲ့မှာနေတဲ့ စစ်ဘေးရှောင်တွေပါ” လို့ ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်မှ အသင်းဝင်တစ်ဦးက ဆိုသည်။

ကျေးရွာခံများနှင့် စစ်ဘေးရှောင်ပြည်သူများသည် နီးစပ်ရာမြို့များဖြစ်သည့် ညောင်ရွှေ၊ တောင်ကြီးမြို့တို့သို့ သွားရောက်တိမ်းရှောင်သူများ ရှိသလို ဖယ်ခုံအနောက်ဘက်ခြမ်းတွင်လည်း သွားရောက်တိမ်းရှောင် နေကြတယ်လို့ စစ်ရှောင်ကူညီနေသူများက ပြောသည်။

ဖယ်ခုံမြို့အနောက်ဘက်ခြမ်းတွင် ရှိနှင့်ပြီးသော စစ်ရှောင်များသည် စားနပ်ရိက္ခာလိုအပ်ချက်ရှိနေဆဲဖြစ်ပြီး စစ်ရှောင်ဦးရေ ထပ်မံတိုးလာတာကြောင့် စားနပ်ရိက္ခာ၊ နေရာထိုင်ခင်း၊ အမိုးအကာ လိုအပ်ချက် ပိုများနေတယ်လို့ ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်မှ အသင်းဝင်တစ်ဦးက ပြောဆိုသည်။

“စစ်ကြောင်းထိုးလာလို့ ရုတ်တရက်ထွက်ပြေးလာတော့ လိုအပ်ချက်တွေက အမျိုးမျိုးရှိတယ်ပေါ့။ အမြဲတမ်း ကြုံရသလိုပဲ စားနပ်ရိက္ခာပိုင်းတို့ အဝတ်အထည်တို့ စောင်တို့ စသဖြင့်ပေါ့နော်။ အဲ့ဟာတွေ လိုအပ်နေတယ် ပေါ့နော်” လို့ ၎င်းက ပြောပါသည်။

ပြီးခဲ့သည့် ဇန်နဝါရီလက ဖယ်ခုံမြို့တွင် တိုက်ပွဲဖြစ်ပွားတာကြောင့် မြို့နေဒေသခံများသည် နီးစပ်ရာ ကျေးရွာများသို့ သွားရောက်တိမ်းရှောင် နေကြရသည်။

ယင်းသို့ တိမ်းရှောင်နေထိုင်သည့် နေရာတွင်လည်း တိုက်ပွဲထပ်မံဖြစ်ပွားတာကြောင့် ထပ်ဆင့် စစ်ဘေးတိမ်းရှောင် ပြေးနေကြရသည်ဟု စစ်ရှောင်ကူညီနေသူများက ပြောပါသည်။

လတ်တလောတွင်လည်း ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီက လက်နက်ကြီးနှင့် ပစ်ခတ်နေတာကြောင့် ပိတ်မိနေသည့် ပြည်သူများလည်း ကျန်ရှိနေသေးကြောင်း ၎င်းတို့ပြောဆိုမှုအရ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ဖယ်ခုံမြို့တွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား ထိတွေ့မှု ၂ ကြိမ်ရှိခဲ့ပြီး စစ်ကောင်စီက ဒေသခံပြည်သူများကို ပစ်မှတ်ထားပြီး လက်နက်ကြီးနှင့် ပစ်ခတ်တိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်နေတယ်ဟု မတ်လ ၁၀ ရက်နေ့က ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) မှ အသိပေး ထုတ်ပြန်ထားပါသည်။

ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here