ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်နှင့် ကပ်ရပ်တည်ရှိသည့် အောင်သပြေ နယ်ခြားစောင့်စခန်းကို အောင်မြင်စွာ အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) က မတ်လ ၁၂ ရက် ရက္ခိုင်ပြည်တိုက်ပွဲ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အောင်သပြေ နယ်ခြားစောင့်တပ်စခန်းကို မတ် ၁၁ ရက်တွင် အပြီးသတ် တိုက်ခိုက် သိမ်းပိုက်ရယူနိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ ရန်သူ့အလောင်းတချို့၊ လက်နက်ခဲယမ်းတချို့တို့ကို သိမ်းဆည်းရမိခဲ့ကြောင်းနှင့် ယင်းစခန်းမှ ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းသို့ ဝင်ရောက်ထွက်ပြေးသွားခဲ့သော နယ်ခြားစောင့်တပ်ဖွဲ့ဝင်အရေအတွက် ၁၇၉ ဦး အထိ ရှိပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ရန်သူသည် အောင်သပြေစခန်းအတွင်း ကျန်ရှိခဲ့သောစားနပ်ရိက္ခာများတွင် သေစေတတ်သော အဆိပ်များ ကို သုတ်လူးထားခြင်း၊ ရေဗူးများတွင် ထည့်ထားခြင်း၊ စခန်းအတွင်း၌လည်း အဆိပ်ဆေးဖြန်း ထားခြင်းများ ပြုလုပ်ထားသည်ကို တွေ့ရှိရသောကြောင့် အခြားသော တော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် စခန်းသိမ်းတိုက်ပွဲများတွင် သိမ်းဆည်းရမိသော စားနပ်ရိက္ခာများကို သတိထားကြရန် အထူးသတိပေး လိုက်ပါသည်” ဟု ဖော်ပြထားသည်။
ရသေ့တောင်မြို့တွင်လည်း ရက္ခိုင့်တပ်တော် (AA) က ယခင်ရက်များကဲ့သို့ ထိုးစစ်ကို အရှိန်မြှင့်တင်နေပြီး စစ်ကောင်စီဘက်မှ ကြည်း၊ ရေ၊ လေ ဖြင့် အသည်းအသန် ခုခံကာကွယ်လျက်ရှိသည်ဟု ယင်းထုတ်ပြန်ချက် တွင် ထည့်သွင်းဖော်ပြထားသည်။
မင်းပြားမြို့တွင် တိုက်ပွဲများမရှိသော်လည်း စစ်ကောင်စီတပ်က မင်းပြားမြို့အတွင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားပြည်သူ ၂ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူအချို့ရှိခဲ့သည်ဟု AA က ဆိုသည်။
ယင်းအပြင် အကြမ်းဖက်စစ်ကောင်စီက အမ်းမြို့နယ်၊ ရူးတိုက်နယ်၊ ရီဘုတ်ရွာအနီးရှိ သံကြိုးတောင်ကို ရဟတ်ယာဉ်တစ်စီးပေါ်မှ စက်သေနတ်ဖြင့် ညနေ ၅ နာရီခန့်မှစတင်ပြီး ၈ ကြိမ်နီးပါး မိနစ်နှစ်ဆယ်အတွင်း လှည့်ပတ်ပစ်ခတ်သွားဟုလည်း ဖော်ပြထားသည်။
နိရဉ္စရာ ပေးပို့သည်။