ကျောက်ဖြူတွင် စစ်ကောင်စီတပ်ထောင်ထားသည့် မြေမြှုပ်မိုင်းများ AA လိုက်လံရှင်းလင်း

0
188
ပုံစာ - လယ်မြေထဲတွင်တွေ့ရသည့် မြေမြှုပ်မိုင်း။

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် အရပ်သားပြည်သူများ သွားလာလှုပ်ရှားသည့် နေရာများ၌ စစ်ကောင်စီတပ် ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းများအား ရက္ခိုင့်တပ်တော် (AA) မိုင်းကျွမ်းကျင်သူများက လိုက်လံ ရှင်းလင်းနေကြောင်း ဒေသခံများပြောဆိုမှုအရ သိရသည်။

ကျောက်ဖြူမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများဖြစ်ကြသည့် ခလရ (၃၄) နှင့် ခမရ (၅၄၂) တပ်ရင်းများက ငလပွေ့ချောင်းတဖက်ကမ်းရှိ စိုင်ခြုံဒွိန်ရွာနှင့် အောင်စေတီရွာအနီးအနား အရပ်သားပြည်သူများ သွားလာသည့်လမ်းများ၊ လုပ်ကိုင်စားသောက်နေသည့် လယ်မြေများတွင် မြေမြှုပ်မိုင်းများ ထောင်ထားသည့် အတွက် ရက္ခိုင့်တပ်တော် (AA) က အဆိုပါမိုင်းများကို လိုက်လံရှင်းလင်းနေသည်ဟု ရွာသားများက ပြောသည်။

အောင်စေတီကျေးရွာသားတစ်ဦးက “သူတို့ မိုင်းထောင်ခဲ့တာက အများကြီးပဲ။ စိုင်ခြုံဒွိန်က တာရိုးအားလုံး တလျှောက်လုံးကို ထောင်ထားခဲ့တာ။ အောင်စေတီရွာအောက်က စပါးလုပ်စားတဲ့ ပြုံးမိုကြီးတာရိုးမှာလည်း တရိုးလုံးပဲ မိုင်းထောင်ထားတာတွေ့တယ်။ ဒီအနီးအနား တဝိုက်လုံးပါပဲ။ စစ်ကောင်စီဘက်က ဒေသခံ ပြည်သူလူထုတွေ လုပ်စား၊ သွားလာနေတဲ့ လမ်းတွေမှာလယ်မြေမှာ သူတို့မိုင်းထောင်ထားတာဖြစ်တယ်။ တမင်တကာ အရပ်သားတွေကို လုပ်ကြံတာပါ” ဟု ပြောသည်။

အဆိုပါမြေမြှုပ်မိုင်းများကို ရက္ခိုင့်တပ်တော်က လိုက်လံရှင်းလင်းနေပြီး မိုင်းများ ထပ်မံရှိနေနိုင်သေးသည့်အတွက် သတိထားသွားလာကြရန် အသိပေးထားပြီး ထပ်မံရှာဖွေ ရှင်းလင်းနေသည်ဟု ရွာသားများက ပြောဆိုသည်။

AAနှင့် နီးစပ်သူတစ်ဦးက “AA ကတော့ မိုင်းတွေကို သိရတာနဲ့ ချက်ချင်းလိုက်ရှင်းခဲ့ကြတယ်။ အခု မနည်းတော့ လိုက်ဖော်ထားပြီးပြီ။ ကျန်အုံးမယ်လို့ ထင်တယ်။ ဆက်ရှာပြီးတော့ ဖော်ရအုံးမယ်” ဟု ပြောသည်။

ကျောက်ဖြူမြို့နယ်ရှိ ငပြီတောင်၊ ငှက်ပျောချောင်း၊ တောင်ရှည်၊ ခမရ (၅၃၄) အနီးတဝိုက်၊ ပြင်ဝန်း၊ မင်းတက်တောင်စသည့် ကျေးရွာအနှံ့အပြားတွင် စစ်ကောင်စီက မိုင်းထောင်ထားသည့်အတွက် မိုင်းအန္တရာယ်ကို စိုးရိမ်နေကြကြောင်း ဒေသခံများက ပြောသည်။

မြေပုံမြို့တွင်လည်း စစ်ကောင်စီတပ်သားများ မြို့မှမစွန့်ခွာမီ ရာနှင့်ချီသောမိုင်းများကို လူနေရပ်ကွက်၊ မြို့ရွာများအနီးတွင် မြှုပ်နှံထားခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီသည် ရခိုင်တွင် စစ်ရေးရှုံးနိမ့်လာသည်နှင့်အမျှ အရပ်သားပြည်သူများကိုသာ အဓိက ပစ်မှတ်ထားလာသည်ဟု ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက ပြောဆိုသည်။

နိရဥ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here