လိုင်ဇာအနီးတဝိုက်ရှိ စစ်ကောင်စီတပ်စခန်းအကြီးအငယ် ၂၀ ခန့် သိမ်းပိုက်ထားနိုင်ပြီဟု KIO/KIA ပြောဆို

0
318
ပုံစာ - ရက်ပိုင်းအတွင်း KIA က သိမ်းပိုက်ရရှိထားတဲ့ စစ်ကောင်စီတပ်စခန်းတခု။

မတ်လ ၇ ရက်နေ့က စတင်လိုက်သည့် KIA ပူးပေါင်းတပ်များ၏ စခန်းသိမ်းစစ်ဆင်ရေး တိုက်ပွဲအတွင်း မတ်လ ၁၁ ရက်နေ့ အထိ စစ်ကောင်စီတပ်၏ တပ်စခန်းစုစုပေါင်း ၂၀ ခန့်ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီ ဖြစ်တယ်ဟု KIO/KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA က ထိုးစစ်အရှိန်မြှင့်ပြီး KIO ဌာနချူပ် လိုင်ဇာမြို့အနီးပတ်ဝန်းကျင် တောင်တန်းတကြောရှိ စစ်ကောင်စီတပ်စခန်းများကို တပြိုင်နက်တိုက်ခိုက်ရာ၌ ၃ ရက်အတွင်း စခန်းပေါင်း ၂၀ ဝန်းကျင် သိမ်းပိုက်ထားနိုင်ပြီဟု ဆိုပါသည်။

ဗိုလ်မှူးကြီးနော်ဘူက “နောက်ဆုံးအခြေအနေက သူတို့ရဲ့အင်အားတွေစုထားတဲ့ နောင်ရာဇိန်ခန် (Naura Zinghkang) စစ်တပ်စခန်းကြီးကို သိမ်းပိုက်ထားတယ်။ ၇ ရက်နေ့က စပြီး မနေ့ညအထိ သိမ်းပိုက်ထားတာ စခန်းကြီး၊ စခန်းငယ် အားလုံးပေါင်းရင်တော့ ၂၀ လောက်ရှိပြီ” လို့ ပြောပါသည်။

KIA သိမ်းပိုက်ထားသည့် စစ်ကောင်စီ၏ အရေးကြီးတပ်စခန်းကြီးများမှာ ခယာဘွမ် (Hkaya bum)၊ နောင်ရာဇိန်ခန် (Naura Zinghkang)၊ ဖွန်းပရန်ဘွမ် (Hpun pyen bum) ၊ အင်တပ်ဘွမ် (Ntap Bum)၊ ရှဒန်ပါ လေယာဉ်ကွင်းစခန်း၊ မလိ (Mali myen dap) ၊ လဂျားယန်ဘက်က မဆဲန်ဘွမ်( Masen bum)၊ ဒေါ့ဖုန်းယန် စသည့် တပ်စခန်းများဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ဒေါ့ဖုန်းယန် – ဗန်းမော်ဘက် မြို့သစ် – ကုန်းလောက စစ်တပ်စခန်းများအပါအဝင် ပန်စွန်တပ်စခန်း၊ ခလားကုန်းတပ်၊ ခန်းကိုင်ကုန်းစစ်တပ် စသည့် စခန်းများနှင့် ရှေ့တန်းစခန်းငယ်အမြောက်အများ သိမ်းပိုက် ထားနိုင်ကြောင်း KIO/KIA ထံမှ သိရသည်။

လက်ရှိ၌ လိုင်ဇာမြို့ အနီးပတ်ဝန်းကျင် တောင်တန်း၊ တောင်ကုန်းတကြောရှိ စစ်ကောင်စီတပ်စခန်းအများစုကို KIA သိမ်းပိုက်ထားနိုင်ပြီ ဖြစ်ပြီး ဘွမ်ရေဘွမ်စခန်းကြီးနှင့် စခန်းငယ်တချို့ ကျန်ရှိသေးတာကြောင့် ဆက်လက် တိုက်ခိုက်နေဆဲဖြစ်တယ်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောပါသည်။

“အကြီးဆုံး ဘွမ်ရေဘွမ်စခန်း ကျန်တယ်။ အဲ့ဒီအနီးပတ်ဝန်းကျင် တောင်တန်းတကြော လုံရော့ (Lungrawk) တပ်စခန်းတွေ ကျန်တယ်။ သူ့ရဲ့ရှေ့တန်းစခန်း တော်တော်များကျန်တယ်။ အဲ့လိုတပ်စခန်းကြီးတွေ ကျန်နေသေး တာဖြစ်တဲ့အတွက် ကျနော်တို့ဘက်ကတော့ ဆက်လက်တိုက်ခိုက်နေတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောသည်။

လက်ရှိတွင်လည်း ရွှေညောင်ပင်နှင့် အောင်မြေ ၁ ကြား၌ စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က ဝိုင်းမော်မြို့နှင့် မြစ်ကြီးနားမြို့ ဘက်ကနေ လက်နက်ကြီးနှင့် ဆက်တိုက်ပစ်ကူနေကြောင်း ဒေသခံများက ပြောပါသည်။

ယင်းအပြင် စစ်ကောင်စီတပ်က နေ့စဉ်နေ့တိုင်း လေကြောင်းကနေ အပြင်းအထန်လာရောက်ပစ်ခတ် ဗုံးကြဲမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောဆိုသည်။

တိုက်ပွဲပြင်းထန်နေသည့် အောင်မြေ ၁ ၊ အောင်မြေ ၂ ကျေးရွာခံ ရွာသားများကို စစ်ကောင်စီတပ်က ထွက်ပြေးခွင့် မပေးဘဲ လူသားဒိုင်းပြုလုပ်ထားပြီး ဘုန်းကြီးကျောင်းတစ်နေရာထဲမှာပင် စုထားတာကြောင့် ဒေသခံပြည်သူ အမြောက်အများ ပိတ်မိလျက် ရှိနေကြောင်း သိရသည်။

လိုင်ဇာမြို့ အနီးတဝိုက်သာမက ဖားကန့်ဒေသ တာမခန်၊ နမ့်မော်နှင့် ဆိုင်းတောင် (ဆိပ်မူ) စသည့် ကျေးရွာတကြောတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား တိုက်ပွဲပြင်းထန်လျက် ရှိနေသည်။

ယင်းအပြင် ဆွမ်ပရာဘွမ် ဒေသဘက်တွင်လည်း KIA က စစ်တပ်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်နေရာတွင် မလိယန် စစ်ကောင်စီတပ်စခန်းကို မတ်လ ၉ ရက်နေ့က သိမ်းပိုက်လိုက်နိုင်ပြီ ဖြစ်သည်။

လက်ရှိတွင် ဖားကန့်နှင့် ဆွမ်ပရာဘွမ်ဒေသများ အပါအဝင် ဝိုင်းမော်မြို့၊ ဗန်းမော်မြို့နှင့် မံစီဒေသ၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး တိုက်ပွဲဖြစ်ပွားရာ နယ်မြေများဘက်တွင် ဆက်သွယ်ရေးလမ်းကြောင်းများကို ပိတ်ထားကြောင်း သိရှိရသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here