ဂေဘားတပ်မတော်အမည်ခံ အကျိုးစီးပွားရှာနေသူများအား ထိရောက်စွာအရေးယူမည်ဟု KNU သတိပေး

0
232
Photo – KNU

ဂေဘားတပ်မတော်အမည်ခံပြီး လူတစ်ဦးကောင်းစားရေးနှင့် စစ်ကောင်စီတပ်အကျိုးရှိစေရန် ဦးဆောင်နေသူများ၊ ကရင်အမျိုးသားအစည်းအရုံး- KNU ၏ အုပ်ချုပ်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို နှောင့်ယှက်ဖျက်ဆီးနေသူများအား ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း KNU တပ်မဟာ (၂) က သတိပေးထုတ်ပြန်သည်။

သတိပေးထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး KNU တပ်မဟာ (၂) မှ တာဝန်ရှိသူတစ်ဦးက “စာထုတ်ထားမယ် နားမထောင်ဘူး ဆက်လုပ်မယ့်သူတွေကိုကျတော့ ခေါ်ပြီးဆွေးနွေးမယ်။ ဘယ်သူတွေလုပ်သလဲဆိုတာလည်း ကေအဲန်ယူဘက်က သိတယ်။ ခေါ်ဆွေးနွေးပြီးနောက်ပိုင်းမှာ နားမထောင်ရင်တော့ အရေးယူမယ့်အပိုင်းမှာ ရှိတယ်။ တပ်မဟာ(၂)က လူကြီးပိုင်းတွေအကုန်လုံး အစည်းအဝေးလုပ်ပြီးတော့မှ ထုတ်ပြန်တာပါ” ပြောသည်။

ဂေဘားတပ်မတော်ဖွဲ့၍ စစ်သင်တန်းပေးနေသည့်ကိစ္စတွင် ဦးဆောင်လုပ်ကိုင်နေသူများအား KNU အနေဖြင့် သိရှိထားပြီး ဖြစ်သလို သတိပေးချက်ထုတ်ပြန်ထားသော်လည်း ဆက်လက်လုပ်ဆောင်နေဦးမည်ဆိုပါက ခေါ်ယူ ဆွေးနွေးပြီးနောက် အရေးယူမှုများ လုပ်ဆောင်သွားမည်ဟု KNU က မတ်လ ၇ ရက်နေ့က ထိုသို့သတိပေး ထုတ်ပြန်ခြင်း ဖြစ်သည်။

စစ်ကောင်စီကို ကျောထောက်နောက်ခံပြုထားသော ထိုဂေဘားတပ်မတော်အမည်ခံအဖွဲ့သည် ပြီးခဲ့သည့် ဇန်နဝါရီလပိုင်းမှစ၍ တပ်မဟာ (၂)နယ်မြေ လိပ်သိုဒေသအတွင်းမှ ဂေဘားမျိုးနွယ်များနေထိုင်ရာ ကျေးရွာများ အတွင်း ဝင်ရောက်၍ လူစုဆောင်းမှုများ ပြုလုပ်ခဲ့ပြီး လက်ရှိတွင် စစ်သင်တန်းများ ပေးနေပြီဖြစ်ကြောင်း ဒေသခံများနှင့် ကေအဲန်ယူဘက်က ပြောကြားချက်အရ သိရသည်။

လက်ရှိကာလသည် စစ်ကောင်စီက စစ်မှုထမ်းဥပဒေဖြင့် ၎င်းတို့၏စစ်အင်အားကို ဖြည့်တင်းရန် ကြိုးပမ်း လုပ်ဆောင်နေသော ကာလဖြစ်သလို ဂေဘားတပ်မတော် သင်တန်းဆင်းလာသူများအား စစ်တပ်က အခြား ဒေသများတွင် တိုက်ပွဲဝင်ရန် စေလွှတ်နေသဖြင့် မိမိတို့ပြည်သူများအနေဖြင့် စစ်ကောင်စီ၏လှည့်ကွက်တွင် ပါဝင်ခြင်းမပြုဘဲ ဆန့်ကျင်ကြရန် KNU တပ်မဟာ (၂) ဘက်က ထုတ်ပြန်ချက်တွင် ထည့်သွင်းတိုက်တွန်း ထားသည်။

ထို့အပြင် စစ်အာဏာရှင်စနစ် အုပ်ချုပ်သူအဆက်ဆက်က ၁၉၅၃ ခုနှစ်မှစ၍ လိပ်သိုဒေသအတွင်း ပဋိပက္ခဖြစ်စေရန်နှင့် တဦးတယောက်ကောင်းစားရေး လုပ်ဆောင်ခဲ့မှုများကြောင့် ကရင်မျိုးနွယ်စုများကြား ချစ်ကြည်ရင်းနှီးမှုထိခိုက်ပြီး နယ်မြေရှိ သဘာဝသဃံဇာတနှင့် သစ်တောများ ပြုန်းတီးခဲ့ရခြင်းဖြစ်ကြောင်း ကေအဲန်ယူက ဆိုထားသည်။

KNU တပ်မဟာ (၂) အနေဖြင့်လည်း ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တန်းတူညီမျှမှုအတွက် လုပ်ဆောင်နေသောကြောင့် အထူးသဖြင့် လိပ်သိုဒေသအတွင်းရှိ ဂေဘားကရင်မျိုးနွယ်စုများ ထိုသမိုင်းအဆက်ဆက်ကို သင်ခန်းစာယူ၍ ကေအဲန်ယူ၏ မူဝါဒလမ်းစဥ်နှင့်လုပ်ငန်းစဥ်များအပေါ် ပူးပေါင်းဆောင်ရွက်ကြရန် KNU က ထုတ်ပြန်ချက်အတွင်း တိုက်တွန်းသည်။

လိပ်သိုဒေသအတွင်းရှိ အစွန်းရောက်အချို့က ဦးဆောင်ကာ ဂေဘားတပ်မတော်အမည်ခံဖြင့် လူအင်အား ရာနှင့်ချီ စုဆောင်းခဲ့ပြီး စစ်ကောင်စီ၏ စီမံမှုအောက်တွင် စစ်သင်တန်းပေးခြင်းလုပ်ဆောင်နေကြခြင်းသည် လူမျိုးရေး ပဋိပက္ခကို ဖြစ်ပေါ်စေရုံသာမက မျိုးနွယ်၏ပုံရိပ်ကို ကျဆင်းစေသဖြင့် ထိုလုပ်ရပ်ကို လက်မခံကြောင်း ဂေဘားမျိုးနွယ်ဒေသခံ ရပ်မိရပ်ဖများကလည်း အသိပေးပြောဆိုထားသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here