ချင်းညီနောင်အဖွဲ့တွင် CDF – ကန်ပက်လက် စတင်ပူးပေါင်းပါဝင်ပြီ

By MPM 7 မတ်, 2024 👁

နိုင်ငံရေး၊ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန်အတွက် ချင်းညီနောင်အဖွဲ့တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF – ကန်ပက်လက်က မတ်လ ၆ ရက်နေ့မှ စတင်၍ အဖွဲ့ဝင်အဖြစ် ပူးပေါင်းပါဝင်ပြီဖြစ်ကြောင်း ချင်းညီနောင်က သတင်းထုတ်ပြန်လိုက်သည်။

ချင်းညီနောင်အဖွဲ့ဝင်များနှင့် CDF – ကန်ပက်လက်တို့သည် ချင်းညီနောင်တွင် ပူးပေါင်းပါဝင်လာနိုင်ရန် အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီးနောက် ၂၀၂၄ ခုနှစ်၊ မတ်လ ၆ ရက်နေ့မှစ၍ “ချင်းညီနောင်” အဖွဲ့ဝင်ဖြစ် ပူးပေါင်းပါဝင်ကြောင်း ချင်းညီနောင်က ထုတ်ပြန်သည်။

ချင်းညီနောင်အဖွဲ့တွင် ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/ PDF-Zoland)၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CNC/ CDF – Mindat)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/ CNDF) ၊ မရာအုပ်ချုပ်ရေးကောင်စီ (MTC/ MDF) တို့ ပါ၀င်ပြီး ယခုအခါ ချင်းကာကွယ်ရေးတပ်ဖွဲ့- ကန်ပက်လက် (CDF- Kampetlet) က ပါဝင်လာခြင်း ဖြစ်သည်။

“ချင်းညီနောင်” က လက်ခံကိုင်စွဲထားသော တရားမျှတခြင်း၊ တန်းတူညီမျှခြင်း၊ မိမိကံကြမ္မာ မိမိဖန်တီးခွင့်ရှိခြင်း အစရှိသည့် ဘုံသဘောတူညီချက်များနှင့်အညီ CDF – ကန်ပက်လက်က ပူးပေါင်းပါဝင်ခြင်းဖြစ်ကြောင်း သိရသည်။

မတ်လ ၆ ရက်နေ့ ထုတ်ပြန်ချက်၌ ချင်းညီနောင်တွင် အဖွဲ့ဝင်အသစ်အဖြစ် CDF – ကန်ပက်လက် ပါဝင်လာသည်ဟု ထုတ်ပြန်လာသော်လည်း ကန်ပက်လက်မြို့နယ်ကောင်စီ ပါဝင်ခြင်း ရှိ၊ မရှိကို အတည်ပြုနေဆဲ ဖြစ်သည်။

“ချင်းညီနောင်” အနေဖြင့် ချင်းပြည်အရေး၊ ချင်းတစ်မျိုးသားလုံး အရေးနှင့် ပြည်ထောင်စု အရေးကိစ္စများတွင် “ချင်းညီနောင်” ၏ စံတန်ဖိုး၊ ခံယူချက်၊ ဘုံသဘောတူညီမှုများနှင့် ကိုက်ညီသော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ပူးပေါင်း၍ အနာဂါတ်တွင် ဒီမိုကရေစီစံနှုန်းထားများနှင့် ကိုက်ညီသော အစိုးရတရပ် ပေါ်ပေါက်လာသည်အထိ အတူလက်တွဲ ကြိုးပမ်းသွားမည်ဟု ထုတ်ပြန်ထားသည်။

ချင်းညီနောင်ကို ချင်းပြည်နှင့် ချင်းအမျိုးသားအရေး ကိစ္စရပ်များတွင် နိုင်ငံရေး၊ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန် ZFU/ PDF- Zoland၊ CNC/ CDF – Mindat၊ CNO/ CNDF တို့က ၂၀၂၃ ဒီဇင်ဘာလ ၃၀ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

CDF – ကန်ပက်လက်၏ Victoria တပ်ရင်း၊ Vakok တပ်ရင်း၊ Tumee တပ်ရင်း၊ Khonu တပ်ရင်းနှင့် Mahuyar တပ်ရင်း စသည့် တပ်ရင်း (၅) ရင်းတို့က ချင်းညီနောင်အဖွဲ့ဝင်များနှင့်အတူ စစ်ရေး၊ နိုင်ငံရေးအရ တရားမျှတရေး၊ တန်းတူရေး၊ မြို့နယ်ဒေသကို အခြေခံသော ဖက်ဒရယ်စနစ်ဖြင့် မြို့နယ်၊ အစုအဖွဲ့ အားလုံးပါဝင်သော ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ ဖွဲ့စည်းတည်ဆောက်ရေး၊ တန်းတူညီမျှမှုရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ပေါက်လာရေးတို့အတွက် အတူတကွလက်တွဲ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။

KMG ပေးပို့သည်။