စစ်ကောင်စီတပ်က မိုးမိတ်မြို့ ဒေသခံပစ္စည်းများကို ခိုးယူပြီး ပြန်လည်ရောင်းစားနေဟုဆို

By MPM 6 မတ်, 2024 👁

သျှမ်းပြည်၊ မိုးမိတ်မြို့တွင် စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် နေအိမ်၊ ဆိုင်ခန်းရှိ ဒေသခံ ပစ္စည်းများကို ခိုးယူပြီး ပြန်လည်ရောင်းစားနေကြောင်း စုံစမ်းသိရသည်။

မိုးမိတ်မြို့ကို ဇန်နဝါရီလ ၂၇ ရက်တွင် စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ပြီး ဒေသခံများအား ဝင်ရောက် နေထိုင်ခွင့် မပြုသေးကြောင်း သိရသည်။

ထို့နောက် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ၂၆၇ တပ်ရင်းမှ မိုးမိတ်မြို့ နေအိမ်နှင့် ဈေးဆိုင်ခန်းထဲရှိ ပစ္စည်းများကို လည်းကောင်း၊ ကျေးရွာမှ ဒေသခံပစ္စည်းများကိုလည်းကောင်း စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ ၂၇၆ တပ်ရင်းမှ တပ်သားများက ဖောက်ထွင်းခိုးယူခဲ့ကြောင်း ထိုဖြစ်စဥ်ကိုသိသည့် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါသည်။

“တနေ့ကို ၁၀ ခါလောက်ရှိတယ် ခိုးခဲ့တာ။ ခိုးခဲ့တုန်းကတော့ ပြည်သူတွေ၊ ဒေသခံတွေ မြို့ထဲကိုဝင်လာလို့ မရသေးတဲ့ အချိန်တုန်းကပေါ့။ ကားတွေနဲ့ သယ်ထုတ်ခဲ့တာ။ ဖုန်းတွေ၊ ဆိုင်ကယ်တွေ ရှိသမျှအကုန်ပဲ ခိုးယူတာ။ အခုက ပြန်ပြီးတော့ မြို့အောက်ပိုင်းက လက်ခုပ်ပင်၊ မန်ကျည်းပင်ဘက်ခြမ်းမှာ အဆက်စပ်တွေနဲ့ ထုတ်ရောင်း နေတာ။ ဆိုင်ကယ်ဆိုလည်း အသစ်ရော၊ အဟောင်းရောပဲ” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ခိုးယူထားသည့် ဒေသခံပစ္စည်းများကို စစ်ကောင်စီတပ်က ၎င်းတို့အသုံးစရိတ်အတွက် ပြန်လည် ရောင်းချနေကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ ခိုးယူသွားသည့် ဒေသခံဆိုင်ကယ်များမှာ အဟောင်းဖြစ်လျှင် တစ်စီးကို အနည်းဆုံး မြန်မာကျပ်ငွေ ၆ သိန်း တန်ဖိုးရှိပြီး အသစ်ဖြစ်ပါက တစ်စီးလျှင် အနည်းဆုံး မြန်မာကျပ်ငွေ ၁၀ သိန်းကျော် အထိရှိရာ စစ်ကောင်စီတပ်ဖွဲ့က ရသလောက်ဈေးနှုန်းဖြင့် ပြန်လည်ရောင်းချနေကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၂၇ ရက်တွင် မိုးမိတ်မြို့လယ်လမ်းတွင် ဖွင့်လှစ်ထားသည့် ဆိုင်ကယ်အရောင်းဆိုင်များမှ ကျပ်သိန်း ၂၀၀၀ ကျော် တန်ဖိုးရှိ ဆိုင်ကယ်အများအပြားကိုလည်း မိုးမိတ်စစ်ကောင်စီတပ် ခလရ-၂၇၆ မှ ကားကြီးများဖြင့် သယ်ဆောင်သွားပြီး အပြစ်မဲ့အရပ်သားပြည်သူများကို ဖမ်းဆီးစစ်ဆေးမှုများ ရှိနေကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် မိုးမိတ်ဒေသခံများက ပြောသည်။

မိုးမိတ်မြို့သည် သျှမ်းပြည်မြောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသ ထိစပ်နေသည့် နယ်နမိတ်တွင် ရှိသည့်အလျှောက် ပြင်ဦးလွင်မှ မိုးကုတ်-မိုးမိတ်-မဘိမ်း-ဗန်းမော်အထိ ဆက်သွယ်ထားသည့် ပြည်ထောင်စုလမ်းကြီးသည်လည်း စစ်ကောင်စီတပ်ဖွဲ့မှ စစ်အင်အားဖြည့်တင်းရန်အတွက် အရေးပါသော လမ်းကြောင်းတစ်ခု ဖြစ်နေသည်။

ထို့အပြင် သျှမ်းမြောက် “၁၀၂၇ စစ်ဆင်ရေး” အတွင်း ညီနောင်မဟာမိတ်အဖွဲ့က စစ်ကောင်စီထံမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများအား စစ်ကိုင်းတိုင်းရှိ PDF တပ်ဖွဲ့များအတွက် ပို့ဆောင်ရန်အတွက်လည်း အရေးပါသည့် လမ်းကြောင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့အနေဖြင့် မိုးမိတ်မြို့ကို ၁ လကျော်ကြာ ထိန်းချုပ်ထားပြီး ဖြစ်သော်လည်း ဒေသခံအများစုမှာ နေရပ်သို့ ပြန်လည်နေထိုင်နိုင်ခြင်း မရှိသေးပေ။

မိုးမိတ်မြို့ဒေသခံ အမျိုးသားတစ်ဦးက “ပြန်နေတဲ့သူတွေတော့ ပြန်နေပြီ။ ကျနော်တို့ကတော့ ပြန်လို့မရသေးဘူး။ အိမ်ရှိတဲ့သူတွေကတော့ သန့်ရှင်းရေးလုပ်ပြီး နေကြတယ်။ မရှိတဲ့သူကတော့ ဘုန်းကြီးကျောင်းတွေမှာ နေတယ်။ အခုက ပျက်စီးသွားတဲ့ အိမ်တွေလည်း ပြန်ဆောက်ဖို့ကြတော့ မလွယ်တော့ဘူး။ ကုန်ပစ္စည်းဈေးနှုန်း၊ ကားခတွေနဲ့ ဆိုရင်တော့ မလွယ်ဘူးလေ။ ပိုက်ဆံရှိတဲ့သူတွေတောင် မန္တလေး၊ ပြင်ဦးလွင် စတဲ့မြို့တွေမှာ အခြေချဖို့ လုပ်နေ ကြပြီ။ ကျနော်တို့ကတော့ မသိသေးဘူး” ဟု ပြောသည်။

မိုးမိတ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ အကြား တိုက်ပွဲများကြောင့် ဒေသခံနေအိမ် ထိခိုက်ပျက်စီးမှု ၅၀၀ ကျော် ရှိကြောင်း နေရပ်ပြန်သွားသည့် ဒေသခံများထံမှ သိရသည်။

ထို့အတူ နေရပ်သို့ပြန်လာသည့် ဒေသခံများကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း လုပ်တာကြောင့် ဒေသခံအများစုမှာ နေရပ်ပြန်နေရန် လုံခြုံရေးအတွက် စိုးရိမ်မှုရှိနေကြသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။