စစ်ကောင်စီက အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ မှ လက်ရှိ ၂၀၂၄ ခုနှစ် မတ်လ ၄ ရက် နေ့အထိ မြန်မာနိုင်ငံတဝှမ်းတွင် စစ်အုပ်ချုပ်ရေး (Martial Law) ထုတ်ပြန်ကြေညာထားသော မြို့နယ်ပေါင်း ၆၁ မြို့နယ် ရှိလာကြောင်း Data for Myanmar ၏ မတ်လ ၅ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
ဒေသခံတော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားနေသည့် မြို့နယ်များတွင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ်ပိုင်းက စစ်အုပ်ချုပ်ရေးအကျုံးဝင်သည့် မြို့နယ် ၈ မြို့နယ်သာ ရှိခဲ့ပြီး၂၀၂၃ ခုနှစ်တွင် ၄၈ မြို့နယ်နှင့် ယခု ၂၀၂၄ ခုနှစ်တွင် ၅ မြို့နယ် ထပ်တိုး သတ်မှတ် သဖြင့် စုစုပေါင်း ၆၁ မြို့နယ်အထိ ရှိလာခြင်း ဖြစ်သည်ဟု Data for Myanmar က ထုတ်ပြန်ထားသည်။
စစ်အုပ်ချုပ်ရေး ကျင့်သုံးလာသည့် အချိန်မှစ၍ ယင်းမြို့နယ်များအတွင်း ညမထွက်ရ အချိန်သတ်မှတ်ခြင်း၊ စစ်ဆေးရေး တင်းကြပ်ခြင်း၊ ကုန်စည်နှင့်စားနပ်ရိက္ခာ သယ်ဆောင်မှု ကန့်သတ်ခြင်း၊ လှည့်ကင်းလှည့်စဥ် ဖမ်းဆီးခံရခြင်းများ ရှိလာသဖြင့် လူမှုစီးပွားဘဝကို ထိခိုက်လာကြောင်း စစ်အုပ်ချုပ်ရေးလက်အောက် နေထိုင်နေရသည့် ဒေသခံများက ပြောဆိုသည်။
စစ်အုပ်ချုပ်ရေးမြို့နယ်တွင် ပါဝင်နေသည့် တနင်္သာရီတိုင်း၊ ပုလောမြို့ နယ်ခံတစ်ဦးက “အဲဒီလို ကြေညာပြီး နောက်ပိုင်း စစ်ဆေးရေးဂိတ်တွေလည်း များလာတယ်။ သွားရလာရတာလည်း အဆင်မပြေတော့ဘူး။ သွားလာရင်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာ လုပ်ရတယ်။ ထောက်ခံစာလုပ်ရင်တောင်မှ စစ်သားတွေက ဂိတ်တွေမှာ ပိုက်ဆံတောင်းတယ်။ မပေးရင် ပေးမသွားဘူး အဲဒီလိုမျိုးတွေ အခုနောက်ပိုင်း သိသိသာသာ ဖြစ်နေတယ်” ဟု ပြောသည်။
ထို့အတူ တနင်္သာရီမြို့နယ်နှင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်တို့တွင်လည်း စစ်ကောင်စီက လုံခြုံရေး၊ နယ်မြေအေးချမ်းရေးနှင့် တရားရေးအတွက်ဟု ဆိုကာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ လဆန်းမှ စတင်၍ စစ်အုပ်ချုပ်ရေး ကြေညာထားခဲ့ပြီး လက်ရှိအချိန်ထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။
စစ်အုပ်ချုပ်ရေးကြေညာထားသော မြို့နယ်များမှာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်း စသည့် ပြည်နယ်တို့မှ မြို့နယ်ပေါင်း ၂၅ မြို့နယ်၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ ရန်ကုန်၊ မကွေးတိုင်းတို့မှ မြို့နယ်ပေါင်း ၃၃ မြို့နယ် နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများနှင့် စပ်လျဥ်း၍ ရှမ်းပြည်နယ် မန်တုံ၊ နမ္မတူ၊ နမ့်ဆန် မြို့တို့ကိုလည်း စစ်ကောင်စီက ၂၀၂၄ မတ်လ ၄ ရက်နေ့မှ စတင်၍ စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။
စစ်အာဏာသိမ်း ၃ နှစ်ကျော် ကာလအတွင်း မြန်မာနိုင်ငံအနှံ့အပြား ဒေသများတွင် တိုင်းရင်းသား လက်နက်ကိုင်များ၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲပေါင်း ၄,၀၀၀ ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်နေသည့် အဖွဲ့များ၏ မှတ်တမ်း ဖော်ပြချက်များအရ သိရှိရသည်။
KIC ပေးပို့သည်။