စစ်မှုထမ်းဥပဒေအပေါ် ထင်မြင်ချက်၊ လူငယ်များကို ကူညီဆောင်ရွက်ပေးနေမှုများနှင့်ပတ်သက်ပြီး Mother Embrace Foundation အဖွဲ့တာဝန်ရှိသူ ဦးမျိုးမြင့်အောင်နှင့် ဆက်သွယ်မေးမြန်းချက်။
စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေအတိုင်း ပြည်သူများအနေနှင့် ငြိမ်ခံနေရသည့် အခြေအနေကနေ ရုန်းထွက်နိုင်အောင် ကူညီဆောင်ရွက်ပေးမည်ဟု ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားလုပ်ဆောင် နေကြသည့် အဖွဲ့အစည်းများက ထုတ်ပြန်ပြောဆိုလိုက်သည်။
ပြည်သူ့စစ်မှုထမ်းဥပဒေသည် စစ်တပ်အတွက် အသက်ပေးကာကွယ်ပေးရမည့် ဥပဒေဖြစ်ကြောင်း လူငယ်များကို အတင်းအဓမ္မ သေနတ်ပြောင်းလှည့် လူသတ်စေသည့် ဥပဒေသာဖြစ်ကြောင်း New Myanmar Foundation အဖွဲ့က ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါသည်။
New Myanmar Foundation အဖွဲ့အပြင် Mother Embrace Foundation အဖွဲ့နှင့် တခြားသော အရပ်ဘက် အဖွဲ့အစည်းတချို့က စစ်တပ်၏ အတင်းအဓမ္မ စစ်သားသစ်စုဆောင်းခံရမှုက လူငယ်များရှောင်ရှားနိုင်ရေး ကူညီ ဆောင်ရွက်ပေးနေကြပါသည်။
လူငယ်များအတွက် ဘာတွေလုပ်ဆောင်ပေးနေပါလဲ၊ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေအပေါ် ဘယ်လို ထင်မြင်ပါလဲ၊ ဒီအခြေအနေတွေနှင့် ပတ်သက်ပြီး ဒီမိုကရေစီရေးနှင့်လူ့အခွင့်အရေး လှုပ်ရှားနေသည့် Mother Embrace Foundation အဖွဲ့၏ တာဝန်ရှိသူဦးမျိုးမြင့်အောင်ကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေ ထုတ်ပြန်လိုက်တဲ့နောက် ပြည်သူတွေကြားမှာ စိုးရိမ်ပူပန်မှု တွေ မြင့်တက်လာတယ်။ အထူးသဖြင့် လူငယ်တွေပေါ့၊ ဆိုတော့ လူငယ်တွေအနေနဲ့ ဘာတွေလုပ်ဖို့လိုမလဲ။ Mother Embrace Foundation အနေနဲ့ရော ဘာတွေလုပ်ဆောင်ပေးနေပါလဲ။
ဖြေ။ ။ အဓိက ကတော့ နိုင်ငံရေးအသိုင်းဝိုင်းတွေမှာ သုံးသပ်ကြတာတော့ အမျိုးမျိုးရှိတယ်။ ရှောင်လို့ မလွတ်ဘူးဆိုရင်လည်း ဒီတပ်ထဲကိုဝင် ပြောင်းလှည့်ပေါ့။ ဒါကတော့ မဖြစ်နိုင်တဲ့ အရမ်းခက်ခဲတဲ့ အခြေအနေမျိုးမှာ ရှိတယ်။ အဲဒီတော့ မြို့ပြမှာရှိနေတဲ့ လူငယ်တွေကို ကျနော်တို့ ဒီဘက်မှာပေါ့ တိမ်းရှောင် ချင်တယ်ဆိုရင် ဥပမာ- ကျနော်တို့ လွတ်မြောက်နယ်မြေတွေဘက်ကို သွားချင်တာလားပေါ့၊ ဒါမှမဟုတ် ထိုင်းနိုင်ငံ မဲဆောက်ဘက်ကို သူတို့ထွက်လာမှာလားပေါ့၊ ဆိုလိုချင်တာက သူတို့အတွက် အဆင်ပြေနိုင်မယ့် အခြေအနေမျိုးကို ကျနော်တို့ဘက်က ဒီဘက်ကနေပြီးတော့ လာရမယ့်ပုံစံတွေကို အကြံဉာဏ်ပေးတာမျိုးတွေ၊ ဆွေးနွေးပေးတာတွေ ဒီဘက်မှာရှိတဲ့ Information တွေကို Share ပေးတာမျိုးတွေ လုပ်တာပါ။
မေး။ ။ ဒီစစ်မှုထမ်းဥပဒေမှာက မိန်းကလေးတွေရောပါတယ်ဆိုတော့ မိန်းကလေးတွေအတွက်ရော ဘယ်လို စိုးရိမ်ပူပန်မှုတွေ ရှိနိုင်ပါလဲ။
ဖြေ။ ။ လက်ရှိ မြန်မာပြည်တွင်းအခြေအနေက ဘာမဆိုဖြစ်သွားနိုင်တဲ့ အခြေအနေပေါ့နော်။ စစ်မှုထမ်းဥပဒေ ထုတ်ပြီးကတည်းက အခုလူပျောက်တဲ့ကိစ္စတွေကလည်း အများကြီးပေါ့၊ တွေ့နေရတယ်ပေါ့နော်။ ဒါပေမယ့် လောလောဆယ်ကတော့ ယောက်ကျားလေးဦးရေက အများဆုံးဖြစ်နေတယ်။ ဒါပေမယ့် မိန်းကလေးတွေကြ တော့ ပြည်ပကိုထွက်တဲ့အခါကြတော့ တရားမဝင် မထွက်ရဲတဲ့အခါကြတော့ တရားဝင်ထွက်ဖို့အတွက်ကို ကြိုးစားကြတဲ့အခါမှာ မန္တလေးမှာဆိုလည်း ပတ်စ်ပို့သွားလျှောက်တဲ့အခါမှာ တက်နင်းခံရပြီးတော့ သေဆုံး တယ်ဆိုတဲ့ သတင်းတွေလည်း ကျနော်တို့ ကြားနေရတယ်။ နောက် ပျောက်သွားတဲ့အခြေနေမျိုးပေါ့။
အခုဟာက စစ်မှုထမ်းဥပဒေနဲ့ ခေါ်သွားသလား တခြားအကြောင်းအရာ ဖြစ်သလားဆိုတာ မြန်မာပြည်ထဲမှာ information က လက်ရှိစုံစမ်းလို့လည်း အဆင်မပြေဘူး။ နောက်ပြီးတော့ စစ်ကောင်စီဘက်ကနေပြီးတော့မှ ပုံသဏ္ဍာန်မျိုးစုံ လုပ်တတ်တယ်။ ဆိုလိုချင်တာက အဆက်အသွယ်လည်း မရဘူး။ နောက်ကနေလည်း မလိုက်နိုင်ဘူးဆိုလို့ရှိရင် မိန်းကလေးတွေအတွက်က ပိုပြီးတော့မှအန္တရယ်များတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်းသားဒေသတွေမှာ စစ်ကောင်စီတပ်တွေက ဒီရက်ပိုင်းတွေမှာ ဖြစ်သွားတာဆို မိုးမိတ်လိုနေရာမျိုးမှာ အရွယ်မရောက်သေးတဲ့ ၁၃ နှစ် သမီးလေးတောင် အဓမ္မပြုကျင့်ပြီး သတ်လိုက်တာမျိုးဆိုတော့ ဒါမိန်းကလေးတွေအတွက် မြန်မာပြည်တွင်းမှာ အခြေနေတွေ ပိုပြီးတော့ စိုးရိမ်ရပါတယ်။
မေး။ ။ ဒီစစ်မှုထမ်းဥပဒေမှာ လူငယ်တွေကို အဓိကထားခေါ်နေတာကို တွေ့ရတယ်။ ဒါနဲ့ပတ်သက်လို့ရော ဘယ်လိုမြင်ပါလဲ။
ဖြေ။ ။ အဓိက လူငယ်ပေါ့နော။ သူတို့သတ်မှတ်ထားတာတော့ ၁၈ ကနေ ၃၅ ကြားပေါ့၊ အဲလိုမျိုး သတ်မှတ် ထားတာတော့ ရှိတယ်။ ဒါကလည်း နိုင်ငံတကာမှာ သူတို့ပြလို့ကောင်းအောင်ပေါ့နော်။ နံပါတ်တစ် ဒါ ပြလို့ ကောင်းအောင် သူတို့လုပ်တာရှိတယ်။ ဒါပေမယ့် တကယ်ဖမ်းနေတဲ့အခါမှာ လူထွားတယ်ဆိုရင်လည်း ၁၈ နှစ် မပြည့်သေးတဲ့ လူငယ်တွေလည်း ပေါ်တာဆွဲနေတာကိုလည်း ကျနော်တို့ကြားနေရတယ်။ နောက် ၃၅ နှစ် ကျော်သွားတဲ့ တချို့လူတွေမှာ အရပ်ပုတာတွေ လူကရုပ်နုတဲ့ပုံစံမျိုးပေါ့၊ တောင့်တောင့်တင်းတင်း သန်သန်မာမာ ဆိုလည်း ၃၅ နှစ်ကြားမှာလည်း သူတို့ခေါ်နေတာတွေရှိတယ်။ ဒါက သူတို့ရဲ့နံပါတ်တစ် လုပ်ဆောင်ချက်ပေါ့။
မေး။ ။ ဟုတ်ကဲ့၊ ဆိုတော့ နံပါတ်နှစ်ကရော ဘာပါလဲရှင့်။
ဖြေ။ ။ နံပါတ်နှစ်အနေနဲ့ကတော့ သူတို့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ မြို့ပြမှာ အရွယ်ကောင်းတဲ့သူတွေပေါ့၊ အခုနကတုန်းကလို တချို့တွေမှာ Refugee တွေရှိမယ်၊ CDM တွေရှိတယ်။ ဒီလူတွေကို သူတို့က ခွဲခြား စိစစ်နိုင်မယ့် စွမ်းအားမရှိတော့ သူတို့ကိုပြန်ပြီး တော်လှန်မယ့်သူတွေကို တော်လှန်နိုင်စွမ်း ရှိတဲ့သူတွေကိုလည်း မြန်မာပြည်ထဲမှာ သူတို့က ဆက်မရှိစေချင်တဲ့ သဘောလည်းရှိတယ်။ နောက် သူတို့ရဲ့တပ်မှာ လိုအပ်နေတဲ့ စစ်သည်အင်အားတွေ ဖြည့်တာလည်းပါတယ်။ ဒီလိုစစ်သည်အင်အားတွေ ဖြည့်တဲ့အခါမှာ စကစက လုပ်ခဲ့တာတော့ ကြာပြီ။
ဟိုအရင်တုန်းကဆိုရင် အလုပ်ခေါ်စာတွေနဲ့ လိမ်ပြီးတော့ ခေါ်တယ်။ နိုင်ငံခြားကို ပို့ပေးမယ် ဆိုပြီးတော့ ခေါ်တယ်။ အလုပ်ခေါ်စာဆိုတဲ့ အခါမှာလည်း မသိရင် အရင်တုန်းကလို စစ်တပ်က ခေါ်တယ်ဆိုတာမျိုး စစ်မှုထမ်းလိုတယ် ဆိုတာမျိုး သွားတာမဟုတ်ဘဲနဲ့ ရိုးရိုးစက်ရုံအလုပ်ရုံတွေ ကုမ္ပဏီတွေက ခေါ်သလိုမျိုးနဲ့ ခေါ်တယ်အဲဒီနောက်မှာ လူတွေက သိသွားတဲ့အခါမှာ နိုင်ငံခြားကို ပို့ပေးမယ့်ပုံစံမျိုးနဲ့ခေါ်တာ အမျိုးမျိုးပေါ့နော၊ သူတို့လိမ်လည်ပြီးတော့ ခေါ်ခဲ့တယ်ပေါ့နော်။ ညဖက် အချိန်မတော်ထွက်တဲ့သူတွေကို ဖမ်းပြီးတော့ ထောင်ကျခံမလား စစ်မှုထမ်းမလားဆိုပြီးတော့ လုပ်တဲ့ဟာမျိုးတွေ ရှိတယ်။ ဒါတွေနဲ့သူတို့ ဘက်မှာ မလုံလောက်တော့တဲ့အတွက် စစ်သည်အင်အားလိုလို့ ခေါ်တာလည်း ဖြစ်သလို မြို့ပြမှာရှိတဲ့ တော်လှန်ရေး အင်အားစုတွေကို မြို့ပြမှာနေလို့မရအောင် သူတို့က လုပ်ဆောင်ခြင်း ဖြစ်တယ်။
မေး။ ။ ဟုတ်ကဲ့၊ တကယ်လို့ ဒီလူငယ်တွေအနေနဲ့ပဲဖြစ်ဖြစ် ပြည်သူတွေအနေနဲ့ပဲဖြစ်ဖြစ် စစ်မှုမထမ်းချင်ဘူး ဆိုရင်ရော Mother Embrace Foundation အနေနဲ့ ဘယ်အခြေအနေ၊ ဘယ်အတိုင်းတာထိ ကူညီပေးဖို့ရှိပါလဲ။
ဖြေ။ ။ အဓိက ကတော့ ကျနော်တို့ကတော့ လွတ်မြောက်နယ်မြေပေါ့နော်၊ လွတ်မြောက်နယ်မြေဆိုတာ သူတို့နဲ့သက်ဆိုင်ရာ နီးစပ်ရာနယ်မြေတွေ ရှိကြတယ်။ အဲ့တော့ နီးစပ်ရာ နီးစပ်ရာမှာ သွားလာလို့ရအောင် အခုဆိုရင် စကစဘက်ကနေပြီးတော့ page အတုတွေထောင်ပြီးတော့ လူငယ်တွေကို အချက်အလက်တွေ ကောက်တာမျိုးတွေ ဖမ်းဆီးနေတာမျိုးတွေ ရှိတယ်ပေါ့နော်။ အဲလိုမျိုးမဖြစ်အောင်လို့ ဘယ်နေရာ၊ ဘယ်ဒေသမှာ၊ ဘယ်အဖွဲ့အစည်း၊ ဘယ်ရဲ့ page က အစစ် ဖြစ်ပါတယ်ဆိုတာမျိုးတွေ ကျနော်တို့ စိစစ်ပေးတာမျိုး တွေ ကျနော်တို့ဘက်က အကြံဉာဏ်ပေးတာမျိုးတွေ လုပ်ပေးနိုင်မယ်။ နောက် သူတို့ထွက်မယ့်နေရာ ဘယ်ဒေသနဲ့ အနီးစပ်ဆုံး ဖြစ်တယ်ပေါ့နော်၊ အဲ့ဒါမျိုးလေးတွေ အကြံဉာဏ်ပေးနိုင်တယ်။ နောက်ဒီ မဲဆောက် ဘက်ကို ရောက်လာတဲ့အခါမှာ ဘယ်လိုမျိုးလာလို့ရတယ်၊ မဲဆောက်ဘက်ကို ရောက်တဲ့အခါမှာလည်း ကျနော်တို့ ဘက်ကနေ ဘယ်လိုမျိုး အကူညီမျိုးတွေ ပေးဖို့အတွက် ပြင်ဆင်ထားတယ်ဆိုတာ ကျနော်တို့ ပြောပြပေးလို့ ရပါတယ်။
မေး။ ။ နောက်တခုက ထိုင်းဝန်ကြီးချုပ်က မြန်မာနယ်စပ်မှာ လုံခြုံရေးကိုတင်းကြပ်မယ်လို့ ပြောလိုက်တာကရော စစ်မှုမထမ်းချင်လို့ ရောက်လာမယ့် လူငယ်တွေ၊ ပြည်သူတွေအတွက် ထိခိုက်မှုရှိနိုင်လား။
ဖြေ။ ။ ဒါက အတိုင်းအတာတခုအထိ ဆိုးကျိုးသက်ရောက်မှုတော့ ရှိနိူင်တယ်။ လက်ရှိ ထိုင်းအစိုးရအနေနဲ့က တချို့ကိစ္စတွေမှာ စကစနဲ့ပူးပေါင်းပြီးတော့ လုပ်ဆောင်နေတာမျိုးတွေတော့ ကျနော်တို့ တွေ့နေတဲ့ ဟာမျိုးတွေတော့ ရှိနေတယ်ပေါ့နော်။ ဥပမာ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာထောက်ထားတဲ့ အကူအညီ ပေးတဲ့အခါမှာ စကစနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ အပိုင်းတွေလည်း တွေ့ရတယ်။ ထိုနည်းတူစွာပဲ ဒီဘက် တိမ်းရှောင်လာတဲ့ သူတွေကိုလည်း သူတို့ဘက်က ဖမ်းဆီးမယ်၊ ဘာညာဆိုတဲ့ အပိုင်းတွေပေါ့နော်။ ဒါမျိုးတွေလည်း ကျနော်တို့တွေ့နေရတယ်။ အဲ့ဒါတွေကိုတော့ ကျနော်တို့ အနည်းနဲ့အများတော့ ထိခိုက်မှုတွေ ဆိုးကျိုးသက်ရောက်မှုတွေလည်း ရှိနိုင်ပါတယ်။
မေး။ ။ စစ်ကောင်စီရဲ့ ဒီစစ်မှုထမ်းဥပဒေက အောင်မြင်နိုင်တယ်လို့ ထင်ပါလား။ စစ်မှုထမ်းဥပဒေကြောင့် ဘာတွေဖြစ်လာနိုင်မယ်လို့ ထင်ပါလဲ။
ဖြေ။ ။ စစ်မှုထမ်းဥပဒေ စထွက်ကတည်းက ကျနော်တို့လေ့လာဖြစ်တယ်။ ပြီးတော့ နိုင်ငံတကာ စစ်မှုထမ်း ဥပဒေတွေကိုလည်း လေ့လာဖြစ်တယ်။ သူက အရမ်းရိုးရိုးရှင်းရှင်းလေးပေါ့နော ရေးထားတယ်။ ကျနော်တို့ စစ်မှုထမ်းဥပဒေတို့ အခြားသောဥပဒေတွေမှာလည်း ကျနော်တို့ လေ့လာမိသလောက်တော့ ရိုးရိုးရှင်းရှင်းလေး ရေးထားတဲ့ ဥပဒေတွေက တော်တော်ကို အန္တရာယ်ကြီးတယ်ဆိုတာကို ကျနော်တို့ လေ့လာမိသလောက်တော့ အတွေ့အကြုံအရတော့ သိထားတယ်။ ဒါပေမယ့် စစ်မှုထမ်းဥပဒေ စထွက်လာကတည်းက ကျနော်တို့က ဘာကို နားလည်လိုက်လဲဆိုတော့ ဒီမအလရဲ့ စစ်မှုထမ်းဥပဒေက NUG ဘက်အတွက် လုပ်ပေးတာလား သူ့တပ်ဖွဲ့ အတွက် လုပ်ပေးတာလားဆိုတာကို မေးဖြစ်တာပေါ့နော်၊။ ဘာဖြစ်လို့ အဲ့လိုပြောလဲဆိုတော့ အခုဆိုရင် တိုင်းရင်းသားဒေသတွေမှာရော PDF စိုးမိုးတဲ့နေရာမှာရောဆိုရင် လူအင်အားတွေ အများကြီးဖြစ်သွားပြီ။
ရန်ကုန်တိုင်းဘက်ဆို နှစ်ရက်နဲ့ ဖောင်ပိတ်လိုက်ရတဲ့ အခြေအနေမျိုးတွေ လူတွေကစာရင်းလာပေးကြတာ။
ဆိုလိုချင်တာကတော့ အဲ့လိုမျိုးတွေရှိတယ်။ ဆိုတော့ အင်အားက ဒီဘက်ကိုပဲ ပြုံကျလာတာပေါ့နော်။ လူအင်အားက ဒီဘက်ကိုတိုးအောင် လုပ်ပေးလိုက်သလို ဖြစ်သွားတယ်။ ကျနော်တို့ ဒီဘက်က ရိုးရိုးသာမန် ပြည်သူတွေတင် မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူတို့တပ်အသိုင်းဝိုင်းထဲက အရာရှိသားသမီးတွေကိုယ်တိုင်ကို တပ်ထဲကနေပြီးတော့မှ နယ်စပ်ကိုရှောင်တိမ်းနေတာမျိုးတွေ တချို့ဆို ဘန်ကောက်ဘက်ကို ရောက်နေတာ မျိုးတောင် ရှိနေတယ်ဆိုတာကို ကျနော်တို့ ကြားသိရတယ်။ ဒါကြောင့် စကစအနေနဲ့ကတော့ ဒါသူ့အတွက် ကတော့ သူလုပ်တဲ့ဟာက ခုတ်ရာတခြား ရှရာတခြားဖြစ်တာပေါ့။ သူ့အနေနဲ့ ဒီဟာက ဆိုးကျိုးပဲ ဖြစ်လိမ့်မယ်လို့ပဲ ကျနော်ပြောနိုင်ပါတယ်။
မေး။ ။ စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေ ထုတ်ပြန်ထားနဲ့ပတ်သက်ပြီးပဲဖြစ်ဖြစ် တခြားဖြစ်ဖြစ် နောက်ဆုံးအနေနဲ့ ဘာများထပ်ဖြည့်စွက်ပြောဖို့ရှိပါလဲ။
ဖြေ။ ။ ဒီဘက်မှာရှိတဲ့ အဖွဲ့အစည်းတွေအနေနဲ့ကတော့ ကျနော်တို့ပြည်သူတွေ ဒုက္ခမရောက်အောင် ဆိုလိုချင် တာကတော့ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေပေါ့ ကျနော်တို့ အနေနဲ့ကတော့ ပြည်သူတွေကို တတ်နိုင်သမျှ ကူညီနိုင်အောင် ကျွန်တော်တို့ အဖွဲ့စည်းတွေ အားလုံးပေါ့နော ဒီဘက်မှာအကုန်လုံး ပူးပေါင်းပြီးတော့ ဆောင်ရွက်နေတာပေါ့။ ပြည်သူတွေ ဒီဘက်ရောက်လာတဲ့ အခါမှာလည်း တခြားတခြားသော side effect မဖြစ်အောင် တတ်နိုင်သမျှ ကျနော်တို့ ကူညီဆောင်ရွက်ပေးနေပါတယ်လို့။ တချို့ဟာတွေမှာလည်း အတင်းကြီး ငြိမ်ကုပ်ပြီးတော့မှပဲ လုပ်သမျှခံနေရတဲ့ အဖြစ်မျိုး မရောက်အောင် ကျနော်တို့ ဒီဘက်ကအဖွဲ့အစည်းတွေအနေနဲ့ ပြည်သူတွေ ဒုက္ခမရောက်အောင် တတ်နိုင်သမျှ ကူညီပေးဖို့ ဆောင်ရွက်နေပါတယ်။
NMG ပေးပို့သည်။