ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်တိုက်ပွဲအတွင်း ဒေသခံအမျိုးသမီးများအား စစ်ကောင်စီတပ်သားများက အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုများ ရှိခဲ့သည်ဟု ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင် (SHRF) က ပြောဆိုသည်။
စစ်ကောင်စီတပ်သားများက မိုးမိတ်ဒေသခံအမျိုးသမီး ၃ ဦးကို ဇန်နဝါရီ ၁၉ ရက်နေ့ မှ ဇန်နဝါရီလ ၂၆ ရက်နေ့ အတွင်း အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုများ ပြုလုပ်ခဲ့သည်ဟု ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်က ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင် ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က “ကျမတို့ အခု အချက်အလက်တွေက ကာယကံရှင်တွေ၊ ထွက်ပြေးတိမ်းရှောင်လာတဲ့ အိမ်နီးချင်းတွေရယ်၊ ဆွေမျိုးတွေကို မေးထားတာပါ” ဟု ပြောဆိုသည်။
စစ်ကောင်စီ လက်အောက်ခံတပ်မ ၉၉ မှ တပ်သား ၃ ဦးသည် ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၄ နာရီအချိန်တွင် မိုးမိတ်မြို့၊ ရွာတော်လေးရပ်ရှိ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို နေအိမ်အတွင်း၌ အုပ်စုဖွဲ့ အဓမ္မ ပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟု SHRF ဆိုသည်။
ဇန်နဝါရီလ ၂၀ ရက်နေ့တွင်လည်း မိုးမိတ်မြို့နယ် အုန်းကြောကျေးရွာသစ်တွင် ကျွဲနွားများကို အစာကျွေးရန် ပြန်လာသည့် လင်မယားနှစ်ဦးကိုတွေ့ပြီး အမျိုးသားကို ပစ်သတ်ပြီး အသက် ၃၀ အရွယ်ရှိ ဇနီးသည်အမျိုးသမီးကို အဓမ္မပြုကျင့်ကာ ပစ်သတ်သွားသည်ဟု SHRF ၏ ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။
ထို့အပြင် ဇန်နဝါရီလ ၂၆ ရက်နေ့တွင်လည်း တပ်မ ၉၉ မှ တပ်သား ၅ ဦးသည် ရွှေဇာလီကျေးရွာအနီး တောအတွင်း၌ ပုန်းအောင်းနေသည့် အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့သည်ဟု SHRF က ထုတ်ပြန်ထားသည်။
ထိုသို့ကျူးလွန်ခဲ့သည့် တပ်မ ၉၉ တပ်သားများမှာ ဇန်နဝါရီလ ၂ ရက်နေ့တွင် မန္တလေးဘက်မှ စစ်ကား ၃ စီးဖြင့်လာသည့် အင်အား ၂၀၀ ခန့်ပါသော စစ်ကြောင်းမှ တပ်ဖွဲ့ဝင်များဖြစ်သည်ဟု SHRF က ဆိုသည်။
မိုးမိတ်ဒေသခံအမျိုးသမီးများ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံခဲ့ရသည်နှင့် ပတ်သက်ပြီး ဒေသခံများက အဆိုပါ သတင်းများ ထွက်ပေါ်နေသည်မှာ မှန်ကန်ကြောင်း ယခုလို ပြောပါသည်။
မိုးမိတ်ဒေသခံတစ်ဦးက “အဲ့ဒါကတော့ ကျနော်တို့လည်း စစ်ဘေးရှောင်နေရတော့ ကြားတာတော့ကြားတယ်။ မုဒိမ်းကျင့်ခံခဲ့ရတယ်ပေါ့။ ခက်တာက ကိုယ်တွေလည်း စစ်ရှောင်နေရတော့ မြင်တာမျိုးမဟုတ်ဘူးပေါ့နော်။ ဒီကလူတွေက အချင်းချင်း လာပြောပြကြတာမျိုးပေါ့” ဟု ပြောဆိုသည်။
လက်ရှိတွင် မိုးမိတ်မြို့၌ အင်တာနက်လိုင်းများ ပြတ်တောက်နေသည့်အပြင် အချို့နေရာများတွင် ဖုန်းလိုင်းများပါ ပြတ်တောက်နေသောကြောင့် စစ်ကောင်စီတပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများမှာ လက်လှမ်းမမှီနိုင်သည့် နေရာများလည်း ရှိနိုင်သေးသည်ဟု SHRF က ဆိုသည်။
၂ဝ၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ မှ ဖေဖော်ဝါရီလ ၂ ရက်နေ့ အထိ မိုးမိတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်၏ သတ်ဖြတ်မှုကြောင့် ဒေသခံ ၂၇ ဦး သေဆုံးပြီး၊ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင် SHRF က သတင်းထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်၊ မိုးမိတ်မြို့ကို ဇန်နဝါရီလတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့က ဝင်ရောက်သိမ်းပိုက်ရန် ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့ဘဲ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် စစ်ကောင်စီတပ်မှ မိုးမိတ်မြို့အား ပြန်လည်ထိန်းချုပ် ထားပါသည်။
NMG ပေးပို့သည်။