အမျိုးသားညီညွတ်ရေးအစိုးရ NUG အဖွဲ့တွင် ပါဝင်သည့် တိုင်းရင်းသားလူမျိုးများအနေဖြင့် မိမိတို့၏ လူမျိုးရေးကိုပဲ ဦးတည်ရှေ့ရှု လုပ်ဆောင်ခြင်းမျိုး မဟုတ်ဘဲ အားလုံးကိုလွှမ်းခြုံသည့် တစ်နိုင်ငံလုံးအရေးကို လုပ်ဆောင်ရန် အထူးလိုအပ်သည်ဟု NUG ယာယီသမ္မတဒူဝါလရှီးလက ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ၈/၂၀၂၄ အစိုးရအဖွဲ့ အစည်းအဝေးမှာ NUG ယာယီသမ္မတ ဒူဝါလရှီးလက ထည့်သွင်းပြောဆိုသွားခြင်း ဖြစ်သည်။
“ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ဝင်တွေထဲမှာ လူမျိုးပါင်းစုံ ပါဝင်ပါတယ်။ ဒါ့ကြောင့် ကျနော်တို့ အစိုးရအဖွဲ့ဝင် တစ်ယောက်ချင်းစီတိုင်းက မိမိတို့ရဲ့လူမျိုးရေးကိုပဲ ရှေးရှု့လုပ်ဆောင်တာမျိုး မဟုတ်ဘဲနဲ့ အားလုံးလွှမ်းခြုံပြီး တစ်နိုင်ငံလုံးအရေးကို ခြုံကြည့်ပြီး လုပ်ဆောင်ဖို့ အထူးလိုအပ်ပါတယ်။ အဲဒီလို လုပ်ဆောင်မှ သာ ကျနော်တို့ရဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်မှာ ခိုင်မာကျစ်လစ်တဲ့ အမျိုးသား ညီညွတ်ရေးအင်အားနဲ့ ရှေ့ဆက်နိုင်မှာဖြစ်ကြောင်း ပြောကြားလိုပါတယ်” ၎င်းက ဆိုသည်။
လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ဝင်များထဲ၌ ကရင်၊ ကချင်၊ ကရင်နီ၊ မွန်၊ ဗမာ၊ ရှမ်း၊ တအာင်း၊ ချင်း အစ ရှိသည့် တိုင်းရင်းသားလူမျိုးများ ပါဝင်သည်။
အမျိုးသား ညီညွတ်ရေးအစိုးရ၏ ရည်မှန်းချက်က စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး တခုတည်း မဟုတ်ဘဲ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံသစ် တည်ဆောက်ရန် ဖြစ်သည့်အတွက် ခိုင်မာကျစ်လစ်သော အမျိုးသားညီညွတ်ရေးကို လုပ်ကြရမှာဖြစ်သည်ဟု NUG ယာယီ သမ္မတက ပြောသည်။
ထို့အပြင် NUG အနေဖြင့် မြေပြင်ရှိ တော်လှန်ရေးအင်အားစုများနှင့် နိုင်ငံရေးအရ ပိုမို အစေးကပ်အောင်လည်း ဆက်လက်ကြိုးစားရန် လိုနေသည်ဟု ဆိုသည်။
အရေးပေါ်အချိန်ကာလများ၌ ပြည်သူလူထုထဲက စစ်ဘေးဒုက္ခသည်များအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်သည့်အခါ မြေပြင်ရှိ အင်အားစုများနှင့် နားလည်မှု ကျယ်ကျယ်ပြန့်ပြန့် ရရှိထားပါက လူထုအရေးကိစ္စများကို ပိုပြီး ထိထိရောက်ရောက်လုပ်နိုင်မှာ ဖြစ်သည်ဟု NUG ယာယီ သမ္မတက ပြောသည်။
လက်ရှိတွင် တော်လှန်ရေးအင်အားစု အချင်းချင်း ပေါင်းစည်းမှု မလုပ်နိုင်သေး၍ လူထုကို ကူညီထောက်ပံ့သော လုပ်ငန်းများမှာ ကြန့်ကြာခြင်း/နှောင့်နှေးခြင်းများ ရှိနေသည်ကို သတိမူမိဖို့ လိုသည်ဟုလည်း ဒူဝါလရှီးလက ပြောသည်။
“တော်လှန်ရေးအင်အားစု အချင်းချင်းအကြား နိုင်ငံရေးအရပိုပြီး ကပ်အားကောင်းအောင် ကြိုးစားလုပ်ဆောင် ကြဖို့ လိုပါတယ်။ ဒါကို နိုင်ငံရေးအရ တော်လှန်ရေးအင်အားစု အချင်းချင်းအကြား Political Capital ကို တည်ဆောက်ခြင်း ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ Political Capital အရ ခိုင်မာအားကောင်းမှသာ လူထုရဲ့ အရေးကိစ္စတွေကို ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်မယ်လို့ ပြောချင်ပါတယ်” ၎င်းက ပြောသည်။
ခုခံတော်လှန်စစ်ရလဒ်များကို လက်တွေ့မြေပြင်၌ ထင်ထင်ရှားရှားပြသနိုင်ပါက လူထု၏ဘေးဒုက္ခများမှ အမြန်ကင်းလွတ်မှာ ဖြစ်သလို ခုခံတော်လှန်စစ်ရလဒ်များ အောင်မြင်ရန် နှောင့်နှေးပါက လူထု၏ဘေးဒုက္ခများ ရှည်ကြာလေ ဖြစ်မှာကိုလည်း သတိချပ်ဖို့လိုသည်ဟု ယာယီသမ္မတက ထောက်ပြထားသည်။
ထို့အပြင် တိုင်းပြည်နှင့် ပတ်သက်သည့် အရေးကိစ္စများကို စီမံကွပ်ကဲကြသည့်အခါ မှန်ကန်အောင်လုပ်ရမှာ ဖြစ်သလို လျင်မြန်အောင်လည်း လုပ်ရမှာဖြစ်ပြီး နွေဦးတော်လှန်ရေးကို ဦးဆောင်နေကြသည့် အစိုးရတရပ်က လေးကန်နှေးကွေးနေ၍ မရကြောင်း NUG ယာယီ သမ္မတက ပြောဆိုသည်။
NMG ပေးပို့သည်။