ရှားတောစစ်ရှောင်စခန်းတွင် အရေပြားအနာများဖြစ်ပွားနေပြီး ဆေးဝါးအကူအညီလိုအပ်နေ

By MPM 28 ဖေ‌ဖော်ဝါရီ, 2024 👁

ကရင်နီ (ကယား) ပြည်၊ ရှားတောမြို့နယ်အတွင်း ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ဖြစ်ပွားသည့်တိုက်ပွဲများ ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံများသည် အရေပြားအနာများ ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီ လိုအပ်နေကြောင်း သိရသည်။

တောတောင်ထဲတွင် စစ်ဘေးရှောင်နေကြရပြီး အရေပြားအနာ ဖြစ်ပွားနေသူများထဲတွင် ၆ လသား အရွယ်ကနေ သက်ကြီးရွယ်အိုများအထိ ဖြစ်ပွားနေတယ်လို့ စစ်ရှောင်အရေး ကူညီသူများက ပြောသည်။

အရေပြားအနာများသည် လက်ချောင်းနှင့် ခြေချောင်းများကြား၊ ဝမ်းဗိုက်နှင့် တကိုယ်လုံးတွင် အဖုထွက်ပြီး အနာများ ဖြစ်ပွားနေသည်ဟု စစ်ရှောင်အရေးကူညီသူတစ်ဦးက ပြောပါသည်။

“ဖြစ်တာတော့ အကုန်ဖြစ်တယ်။ အဖြစ်နည်းနဲ့ အဖြစ်များတာပေါ့။ ခြေလက်ကြား၊ ဝမ်းဗိုက်၊ ပေါင်ကြားတွေမှာ အဖြစ်များတယ်။ ကုတ်လိုက်ရင် အနာဖြစ်လာတယ်၊ တစ်ကိုယ်ရည်သန့်ရှင်းမှု မနိုင်တာ ဖြစ်မှာပေါ့နော” ဟု ၎င်းက ဆိုသည်။

စစ်မရှောင်ရခင်ကတည်းက အရေပြားအနာ ဖြစ်ပွားနေကြသူများရှိသလို စစ်ရှောင်ရချိန် တောတောင်ထဲ သွားရောက် နေထိုင်ရသည့်နောက်ပိုင်း အရေပြားအနာ ဖြစ်ပွားသူ ပိုများလာကြောင်းနှင့် စစ်ရှောင်ကာလ ၂ လ ကျော်ကြာသည့်အထိ မပျောက်ကင်းနိုင်ဘဲ ပိုအဖြစ်များလာတယ်ဟု အဆိုပါစစ်ရှောင်အရေးကူညီသူက ပြောသည်။

စစ်ရှောင်ကာလအတွင်း ရေရှားပါးမှု ကြုံတွေ့ရတာကြောင့်လည်း တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်း၊ တောတောင်ထဲနေရချိန် သစ်ရွက်ခြောက်၊ ပိုးယား၊ ဝါးမှုန်များကနေ တဆင့် ထိတွေ့မိတာကြောင့်လည်း အရေပြားအနာများ မပျောက်ကင်းတာဟု စစ်ရှောင်ကူညီသူများက ဆိုပါသည်။

လတ်တလောတွင်လည်း အရေပြားအနာအတွက် လုံလောက်သည့် ဆေးဝါးမရှိတာကြောင့် ဆေးဝါးများ လိုအပ် နေတယ်လို့လည်း ၎င်းတို့က ပြောဆိုသည်။

စစ်ရှောင်စခန်းတွင် အရေပြားအနာ ဖြစ်ပွားမှုအပြင် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူများလည်း ရှိနေပြီး ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီသူတစ်ဦးက ပြောပါသည်။

“ကျန်းမာရေးဆိုရင် အကုန်လုံး လိုအပ်တယ်။ ဘာလိုလဲဆိုတော့ အရေပြားရောဂါလည်း တအားများတယ် ပေါ့နော။ ပြီးတော့ အခု ရာသီဥတု စပြောင်းလဲတာ ချောင်းဆိုးတာရှိတယ်။ ဝမ်းပျက်ဝမ်းလျှောဖြစ်တာ တအားဖြစ်နေကြတယ်ပေါ့။ အခု နွေရာသီဝင်တာကြောင့် ရေက လုံလောက်မှု မရှိတော့ဘူးပေါ့နော်။ သူတို့ စားသောက်တာကရော ရေတွေက လုံလောက်မှုမရှိတဲ့အတွက် ဝမ်းပျက်ဝမ်းလျှောဖြစ်တာ တအားများတယ်ပေါ့နော်” လို့ ၎င်းက ပြောသည်။

အဆိုပါ ရှားတောစစ်ရှောင်စခန်းတွင် လူဦးရေ ၁ ထောင်ကျော် ရှိနေပြီး ရှားတောမြို့ပေါ် ဒေသခံများအပြင် အနီးအနားက ကျေးရွာတွေကလည်း စုပေါင်းခိုလှုံနေကြတယ်လို့ စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

ရှားတောမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်းအားလုံးကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက် ထားပြီး မြို့ကိုထိန်းချုပ်ထားပေမယ့် စစ်ဘေးရှောင်များသည် နေရပ်ကို ပြန်နေထိုင်လို့ မရသေးကြောင်း စစ်ဘေးရှောင်များက ပြောဆိုသည်။

ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။