အာဏာသိမ်းစစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူများအနေဖြင့် ငြိမ်ခံနေရသည့် အခြေအနေမှ ရုန်းထွက်နိုင်အောင် ကူညီဆောင်ရွက်ပေးမည်ဟု ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေး တက်ကြွဆောင်ရွက်နေသည့် အဖွဲ့အစည်းများက ပြောဆိုလိုက်သည်။
စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေသည် စစ်တပ်အတွက်သာ အသက်ပေးကာကွယ်ပေးမည့် ဥပဒေဖြစ်ပြီး
အပြစ်မဲ့လူငယ်များကို ပြည်သူများဘက်သို့ အတင်းအဓမ္မ သေနတ်ပြောင်းလှည့် လူသတ်စေသောဥပဒေ ဖြစ်သည်ဟု New Myanmar Foundation အဖွဲ့က ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ထုတ်ပြန်ပြောသည်။
အလားတူ Mother Embrace Foundation အဖွဲ့နှင့် အခြားသော ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးအတွက် လှုပ်ရှားနေကြသော အရပ်ဘက်အဖွဲ့အစည်းတချို့က အတင်းအဓမ္မ စစ်သားသစ်စုဆောင်းခံရမှုမှ လူငယ်များ ရှောင်ရှားနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနေကြသည်ဟု ဆိုသည်။
ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားနေသည့် Mother Embrace Foundation အဖွဲ့ တာဝန်ရှိသူ ဦးမျိုးမြင့်အောင်က “တချို့ဟာတွေမှာလည်း အတင်းကြီး ငြိမ်ကုပ်ပြီးတော့မှပဲ လုပ်သမျှခံနေရတဲ့အဖြစ်မျိုး မရောက်အောင် ကျနော်တို့ ဒီဘက်က အဖွဲ့အစည်းတွေအနေနဲ့ ပြည်သူတွေဒုက္ခမရောက်အောင် တတ်နိုင်သမျှ ကူညီပေးဖို့ ဆောင်ရွက်နေပါတယ်” ဟု ပြောသည်။
ပြည်သူများအနေဖြင့် မလွှဲမရှောင်သာ အခြေအနေမျိုး၌ စစ်ကောင်စီ၏ မတရား စစ်မှုထမ်းဥပဒေကနေ လွတ်မြောက်ရေးအတွက် ရည်ရွယ်ပြီး ကူညီလုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ဦးမျိုးမြင့်အောင်က ဆက်ပြောသည်။
“အဓိကကတော့ နိုင်ငံရေးအသိုင်းဝိုင်းတွေမှာ သုံးသပ်ကြတာတော့ အမျိုးမျိုးရှိတယ်။ ရှောင်လို့ မလွတ်ဘူးဆိုရင် လည်း ဒီတပ်ထဲကိုဝင် ပြောင်းလှည့်ပေါ့။ ဒါကတော့မဖြစ်နိုင်တဲ့ အရမ်းခက်ခဲတဲ့ အခြေနေမျိုးမှာရှိတယ်။ အဲဒီ တော့ မြို့ပြမှာရှိနေတဲ့ လူငယ်တွေကို ကျနော်တို့ ဒီဘက်မှာပေါ့ တိမ်းရှောင်ချင်တယ်ဆိုရင် ဥပမာ ကျနော်တို့ လွတ်မြောက်နယ်မြေတွေဘက်ကို သွားချင်တာလားပေါ့။ ဒါမှမဟုတ် ထိုင်းနိုင်ငံ မဲဆောက်ဘက်ကို သူတို့ ထွက်လာမှာလားပေါ့။ ဆိုလိုချင်တာက သူတို့အတွက် အဆင်ပြေနိုင်မယ့်အခြေနေမျိုးကို ကျနော်တို့ဘက်က ဒီဘက် ကနေပြီးတော့ လာရမယ့်ပုံစံတွေကို အကြံဉာဏ်ပေးတာမျိုးတွေ ဆွေးနွေးပေးတာတွေ ဒီဘက်မှာရှိတဲ့ Information တွေကို ရှဲပေးတာမျိုးတွေ လုပ်တာပါ” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီဘက်ကလည်း စစ်မှုထမ်းဥပဒေနှင့် အကျုံးဝင်သောသူများကို ပြည်ပနိုင်ငံများသို့ ထွက်ပြေး တိမ်းရှောင်ခြင်းမျိုးနှင့် တော်လှန်ရေးနယ်မြေများထဲ ဝင်၍မရအောင် နည်းလမ်းအမျိုးမျိုးနှင့် လုပ်နေသည်။
ထို့အခြေအနေများကြောင့် ပြည်သူများအနေဖြင့် Mother Embrace Foundation အဖွဲ့အစည်းကို ဆက်သွယ် အကူအညီ တောင်းနိုင်ကြောင်း ဦးမျိုးမြင့်အောင်က ယခုကဲ့သို့ ပြောသည်။
“အခုဆိုရင် စကစဘက်ကနေပြီးတော့ page အတုတွေထောင်ပြီးတော့ လူငယ်တွေကို အချက်အလက်တွေ ကောက်တာမျိုးတွေ ဖမ်းဆီးနေတာမျိုးတွေရှိတယ်ပေါ့နော်။ အဲလိုမျိုးမဖြစ်အောင်လို့ ဘယ်နေရာ ဘယ်ဒေသမှာ ဘယ်အဖွဲ့အစည်း ဘယ်ရဲ့ page က အစစ်ဖြစ်ပါတယ် ဆိုတာမျိုးတွေ ကျနော်တို့ စိစစ်ပေးတာမျိုးတွေ ကျနော်တို့ဘက်က အကြံဉာဏ်ပေးတာမျိုးတွေ လုပ်ပေးနိုင်မယ်” ဟု ၎င်းက ဆိုသည်။
ဆက်လက်ပြီး “နောက် သူတို့ထွက်မယ့်နေရာ ဘယ်ဒေသနဲ့ အနီးစပ်ဆုံး ဖြစ်တယ်ပေါ့နော်။ အဲ့ဒါမျိုးလေးတွေ ကျနော်တို့ဘက်က အကြံဉာဏ်ပေးနိုင်တယ်။ ဆိုလိုချင်တာကတော့ ရန်ကုန်လိုဟာမျိုးက စကစ စိုးမိုးနယ်မြေလို့ ပြောလို့ရတယ်။ သူတို့အပြည့်အဝတော့ မဟုတ်ဘူး။ ဒါပေမယ့် ရန်ကုန်နဲ့ မလှမ်းမကမ်းမှာ ကျနော်တို့ PDF တွေ စစ်ရှောင်စခန်းတွေ အဖွဲ့အစည်းတွေကတော့ ရှိနေတာပဲပေါ့ ဒါမျိုးလေးတွေတော့ရှိတယ်” ဦးမျိုးမြင့်အောင်က ပြောသည်။
စစ်ကောင်စီ၏ မတရားသော ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြည်သူများအနေဖြင့် ရုန်းထွက်ချင်ပါက
ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေး ဆောင်ရွက်နေသူများ အဖွဲ့အစည်းများကို အကူညီတောင်းခံနိုင်ကြောင်းနှင့် အလားတူ New Myanmar Foundation ကိုလည်း တိုက်ရိုက်ဆက်သွယ် အကူအညီတောင်းခံနိုင်သည်ဟု ထုတ်ပြန်ထားသည်။
စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေးလှုပ်ရှားမှုက အရှိန်အဟုန်ကောင်းကောင်းနှင့် အောင်မြင်နေပြီဖြစ်ပြီး ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်နေသော အဖွဲ့အစည်း အများစုအနေဖြင့်လည်း စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေကို လုံးဝလက်မခံဘဲ တတ်အားသရွေ့ အစွမ်းကုန် တိုက်ဖျက်သွားမည်ဟု ထုတ်ပြန်ထားသည်။
NMG ပေးပို့သည်။