ဖားကန့်၊ တာမခံ စစ်ကောင်စီတပ်စခန်းကို KIA နှင့် KPDF ပူးပေါင်းတပ်တို့ ထပ်မံသိမ်းပိုက်ရရှိ

By MPM 28 ဖေ‌ဖော်ဝါရီ, 2024 👁

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ တာမခံကျေးရွာ နန့်ရေတောင်ကုန်းရှိ စစ်ကောင်စီတပ်စခန်းကို KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု များတယ်လို့ KPDF တပ်ဖွဲ့ထံမှ သိရသည်။

နန့်ရေတောင် စစ်ကောင်စီတပ်စခန်းကို KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာမှာ ထိုနေ့ညနေပိုင်း ၅ နာရီဝန်းကျင်လောက်တွင် ကျေးရွာရှိ ရဲစခန်းနေရာကိုပါ သိမ်းပိုက်နိုင်ခဲ့ပြီး ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ တပ်စခန်းကိုပါ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ ဖားကန့် KPDF တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

“စခန်းက ထပ်ရလိုက်ပြီ။ ဒီမနက် (ဖေဖော်ဝါရီ ၂၇ ရက်နေ့) ၁၁ နာရီလောက် ဖြစ်မယ်။ အခုက တာမခံကို ပြန်ထိန်းချုပ်နိုင်ပြီ” လို့ အဆိုပါတာဝန်ရှိသူက အတည်ပြုပြောဆိုသည်။

တာမခံစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြီး အရှင်ဖမ်းဆီးရမိသူများလည်း ရှိနေသည်ဟု ၎င်းက ဆက်ပြောသည်။

အလားတူ အဆိုပါစခန်းသိမ်းတိုက်ပွဲ၌ KIA ဘက်က အရာခံဗိုလ် ၁ ဦး ကျဆုံးသွားပြီး ၃ ဦး ဒဏ်ရာပြင်းထန် ရရှိခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များပြောဆိုမှုအရ သိရသော်လည်း အတည်ပြုနေဆဲဖြစ်သည်။

KIA နဲ့ နီးစပ်တဲ့ အမျိုးသမီးတစ်ဦးက “ကိုယ့်ဘက် (KIA နဲ့ KPDF ) ကတော့ တစ်ယောက်ကျသွားတယ်တဲ့။ လောလောဆယ် သိရသလောက်ပေါ့။ စစ်တပ်တွေဘက်က တော်တော်လေးသေဆုံးမှု များတယ်လို့ပြောတယ်။ တချို့က ထွက်ပြေးတာ နောက်ကနေ လိုက်ဖမ်းလို့ ခုနကလည်း တာမခံမေတ္တာရုံးရှေ့ ရဲစခန်းအတက်နားမှာ တစ်ယောက်ဖမ်းမိတယ်။ နောက်ထပ် ၂ ယောက်လည်း ထွက်ပြေးတာ လိုက်ဖမ်းမိတာတဲ့” ဟု ပြောပါသည်။

ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ရာမှာ မနက်ပိုင်း ၉ နာရီ၌တစ်ကြိမ်၊ နေလည် ၁၁ နာရီမှာတစ်ကြိမ်၊ နေ့လည် ၁၂ နာရီတွင်တစ်ကြိမ် ၃ ကြိမ် တိုင်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အဆိုပါအမျိုးသမီးက ဆက်ပြောသည်။

“တခါလာကြဲရင် ၂ လုံး ၃ လုံးထိ ချတယ်။ စက်သေနတ်တွေနဲ့ရောပေါ့၊ လေယာဥ်ပေါ်ကနေပစ်တာ မနက်ပိုင်းက ၂ စီး လာပြီးကြဲချတယ်။ ခုနနောက်ဆုံးတခေါက်ကတော့ တစ်စီးပဲ ရွာထဲကိုတည့်တည့် ၃ လုံး ကျသွားတယ်Óလို့ ၎င်းက ဆိုသည်။

ယခုလို စစ်ကောင်စီဘက်က လေကြောင်းနှင့် လာရောက်ပစ်ခတ်ခဲ့သည့်အပြင် ဖားကန့်တပ်မကုန်းကနေလည်း လက်နက်ကြီးနှင့် ပစ်ခတ်တာကြောင့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က တာမခံဒေသခံ ဦးလှမြင့်ဆိုသူ၏ ပေါင်တဖက်တွင် ကျည်စထိမှန်ပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဖေဖော်ဝါရီ ၂၇ ရက်နေ့ကလည်း မော်ဝမ်းကြီးရွာခံ အသက် ၆၀ ကျော်အမျိုးသားတစ်ယောက် ကျည်ထိမှန် သေဆုံးမှုရှိခဲ့တယ်လို့ သတင်းရင်းမြစ်များက ပြောပါသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်နေ့ကလည်း ဖားကန့်မြို့နယ်ထဲရှိ ဝှေခါတပ်စခန်းကို ကချင်လွတ်လပ်ရေး တပ်မတော် KIA နဲ့ KPDF ပူးပေါင်းတပ်များက သွားရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင်လည်း နန့်တိန်စစ်ကောင်စီတပ်စခန်းကို ထပ်မံသိမ်းပိုက်နိုင်ခဲ့သေးသည်။

KNG ပေးပို့သည်။