မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာတွင် စစ်ကောင်စီတပ်က အရပ်သား ၁ ဦးကို အကြောင်းမဲ့ ပစ်ခတ်ခဲ့ပြီး ရွာရှိနေအိမ်များကိုပါ မွှေနှောက်ဖျက်ဆီးခဲ့သည်ဟု KNU ဗဟိုက ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်နေ့ နေ့လည် ၁၁ နာရီခွဲခန့်တွင် ဝင်းတာပန် စစ်ကောင်စီတပ်စခန်းမှ ထွက်လာသော စစ်ကောင်စီတပ် ခမရ-၄၀၉ တပ်ဖွဲ့ဝင်များသည် နောင်ကတုတ်ချောင်းအနီးရှိ ပနာ့ကွီး (ဒေသအခေါ်ဝေါ်) တွင် အသက် ၃၃ နှစ်ရှိ ဝင်းတာပန်အထက်ရွာနေ စောချဝေါ်ကို သေနတ်ဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရတာကြောင့် စောချဝေါ်သည် ဘယ်ဖက်လက် တံတောင်ဆစ်တွင် ကျည်ဆံထိမှန် ဒဏ်ရာ ရရှိခဲ့သည်ဟု KNU ၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
“အဲ့ဒီရွာသားကိုပစ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မနက် ၃ နာရီကတည်းက ဝင်းတာပန်စခန်းကနေထွက်ပြီး လေးကေဘက် တက်သွားတယ်။ အဲ့အစပ်ကြား စောချဝေါ်က ဟင်းသီးဟင်းရွက်ရှာ ဝါးသွားခုတ်နေတုန်း သူတို့နဲ့တိုးလို့ ပစ်ခံရတာ” ဟု မျက်မြင်ဒေသခံတစ်ဦး၏ ပြောဆိုချက်ကို ကိုးကားပြီး KNU က ထုတ်ပြန် ထားသည်။
ယင်းအပြင် ဖေဖော်ဝါရီလ ၂၁ နှင့် ၂၂ ရက်နေ့တွင်လည်း စစ်ကောင်စီ ဝင်းတာပန်စခန်းမှ တပ်ဖွဲ့ဝင်များသည် ဝင်းတာပန်ရွာထဲ ဝင်ရောက်ပြီး နေအိမ်များကို မွှေနှောက်ဖျက်ဆီးကာ အိမ်အတွင်းရှိ ပစ္စည်းနှင့် အိမ်မွေးတိရိစ္ဆာန် များကိုလည်း ယူသွားခဲ့သည်ဟု KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
IMNA ပေးပို့သည်။