အာဏာသိမ်းစစ်ကောင်စီက စစ်မှုထမ်းဥပဒေပါအတိုင်း ပြည်သူ့စစ်မှုထမ်းများခေါ်ယူရာတွင် အမျိုးသမီးများအား စစ်မှုထမ်းခေါ်ယူရန် မရှိသေးကြောင်း ဖေဖော်ဝါရီ ၂၀ ရက်နေ့က ထုတ်ပြန်ပြောဆိုလာသည့်အပေါ် အယုံအကြည် မရှိကြောင်း စစ်မှုထမ်းအသက်အရွယ်တွင် အကျုံးဝင်နေသည့် အမျိုးသမီးများက ပြောဆိုသည်။
စစ်မှုထမ်းအသက်အရွယ် အကျုံးဝင်နေသည့် သံဖြူဇရပ်မြို့ခံ အမျိုးသမီးတစ်ဦးက “သူတို့ထုတ်တဲ့ ထုတ်ပြန်ချက်တွေက အမြဲတမ်း ပြောင်းလဲလို့ရတဲ့ အရာတွေလေ။ ယုံရမလား မယုံရဘူးလားဆိုတာလည်း သေချာမသိဘူး၊ လောလောဆယ် အသွားအလာအနေအထိုင် အကုန်လုံး ဆင်ခြင်ရတယ်Ó ဟု ပြောဆိုသည်။
၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်းစာရင်းအရ ပြည်သူ့စစ်မှုထမ်းတာဝန် ထမ်းဆောင်နိုင်ရန် အကြုံးဝင်သည့် အင်အား ၁၃ သန်း ရှိသည့်အနက် အမျိုးသား ၆ သန်းကျော်မှ ၁ ရာခိုင်နှုန်းကိုသာ အလှည့်ကျ ခေါ်ယူရန်သာ ရှိကြောင်းနှင့် အမျိုးသမီးများကို လတ်တလောခေါ်ယူရန် အစီအစဉ် မရှိသေးကြောင်း ရှင်းလင်းစွာ ပြောကြားလိုပါ သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ၎င်းတို့ပိုင်မီဒီယာမှတဆင့် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီအဖွဲ့၏ ထုတ်ပြန်ပြောဆိုချက်သည် နိုင်ငံရေးအခြေအနေပေါ် မူတည်ပြီး ပြောင်းလဲပြောဆိုနေခြင်း ကြောင့် စိတ်ချရသည့် အခြေအနေမဟုတ်ကြောင်း စစ်မှုထမ်းအသက်အရွယ် အကျုံးဝင်နေသည့် အမျိုးသမီးများက ပြောပါသည်။
ယင်းအပြင် အိမ်ထောင်စုစာရင်းမှတဆင့် အချိန်မရွေး ဆွဲခေါ်နိုင်ခြင်းကြောင့် လတ်တလော အိမ်ထောင်စုစာရင်း ဝင်ရောက်စစ်ဆေးနေခြင်းသည်လည်း သတိပြုရမည့် အချက်ဖြစ်ကြောင်းလည်း ၎င်းတို့က ပြောပါသည်။
အရေးပေါ်အခြေအနေတွင် အမျိုးသမီးအရေးလှုပ်ရှားနေသည့် အဖွဲ့အစည်းများအပြင် ဆက်သွယ်ရမည့် (Hotline) ဖုန်းနံပါတ်များကိုလည်း ကြိုတင်ပြင်ဆင် စုဆောင်းထားသင့်ကြောင်း အမျိုးသမီးအရေး ဆောင်ရွက်နေသူတစ်ဦးက အသိပေးပြောဆိုသည်။
“အဓိက communication ရှိနေရမယ်။ ဘယ်လိုဆက်သွယ်မလဲ၊ ကိုယ်ဘယ်မှာရှိနေလဲဆိုတာ အဆက်အသွယ် မပြတ်စေဖို့နဲ့ ဖြစ်လာလို့ရှိရင်လည်း ကိုယ်ဖြစ်ကိုယ်ခံတာမဟုတ်ဘဲ ဝိုင်းဝန်းဖော်ထုတ်ကြဖို့ပေါ့။ ကျမတို့လည်း ဒါတွေနဲ့ ပတ်သတ်ပြီး သင်တန်းတွေ အသိပညာပေးဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
စစ်မှုထမ်းဥပဒေနှင့် ပတ်သတ်ပြီး လူငယ်များဘေးကင်းရာကို လွတ်မြောက်ရန် ဝိုင်းဝန်းဆောင်ရွက်နေသည့် လူမှုအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ထားရန်လည်း အဆိုပါ အမျိုးသမီးအရေးဆောင်ရွက်သူက တိုက်တွန်းပြောဆိုသည်။
အသက်ပြည့်သည့် နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည့်ဥပဒေကို စတင်ကျင့်သုံးသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့သည်။
လက်ရှိတွင်လည်း ယင်းဥပဒေကြောင့် စစ်မှုထမ်းရန် အကြုံးဝင်သည့် အသက်အရွယ်ရှိ လူငယ်များသာမက အသက်မပြည့်သေးသည့် ကျောင်းနေအရွယ် လူငယ်များပါ အိမ်နီးချင်း ပြည်ပနိုင်ငံများသို့ အစုလိုက် ထွက်ပြေး တိမ်းရှောင်လျှက်ရှိနေကြောင်း သိရသည်။
IMNA ပေးပို့သည်။