ထားဝယ်အရှေ့တောတိုက်ပွဲကြောင့် ဒေသခံ ၃ ထောင်ကျော် စစ်ဘေးတိမ်းရှောင်နေကြရ

By MPM 24 ဖေ‌ဖော်ဝါရီ, 2024 👁

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အရှေ့တောဒေသတွင် ဖြစ်ပွားနေသည့် နှစ်ဖက်တိုက်ပွဲများအပြင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်ကြောင်း ဒေသခံစစ်ရှောင်များက ပြောပါသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက်နေ့ကစပြီး ထားဝယ်အရှေ့တောဒေသထဲသို့ စစ်ကြောင်းထိုးလာသည့် တပ်အင်အား ၃၀၀ ကျော်ပါ စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အပါအဝင် PDF ပူးပေါင်းတပ်တို့အကြား နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံများက ပြောသည်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် ဝကုန်း၊ သင်္ကန်းတုန်း၊ ကျောက်မဲတောင်၊ ဘဝပင်၊ လိပ်ကြယ်ပြောင်၊ သရက်ငုတ်၊ ပခပ်ရွာတို့ အပါအဝင် ကျေးရွာ ၁၀ ရွာမှ ဒေသခံ ၃၀၀၀ ကျော် စစ်ရှောင်နေကြရတယ်လို့ စစ်ရှောင်ဒေသခံများက ပြောပါသည်။

စစ်ဘေးတိမ်းရှောင်ကြသည့် ဒေသခံများသည် ဘေးလွတ်ရာ ဥယျာဉ်ခြံများနှင့် တောတောင်တွေထဲ ထွက်ပြေး တိမ်းရှောင်နေရသည့်အတွက် အစားအသောက်အပါအဝင် နေရာထိုင်ခင်းစသည့် အကူအညီများ လိုအပ်နေတယ်လို့ စစ်ရှောင်ဒေသခံများက ပြောဆိုသည်။

တစ်ပတ်ကျော်ကြာ ဖြစ်ပွားနေသည့် ထားဝယ်အရှေ့တောတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃၀ နီးပါး သေဆုံးခဲ့ပြီး တော်လှန်ရေးအင်အားစုများဘက်က ၇ ဦး သေဆုံးခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့ပြောဆိုမှုအရ သိရသည်။

တိုက်ပွဲအတွင်း စစ်ကား ၇ စီးကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ချေမှုန်းထားပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိထားကြောင်း သိရသည်။

ဒေသအခြေပြု သုတေသနအဖွဲ့ဖြစ်သည့် FE5 Tanintharyi ၏ အစီရင်ခံစာအရ အာဏာသိမ်းကာလအတွင်း တနင်္သာရီတိုင်းတွင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံပြည်သူ ၄၄,၀၀၀ ကျော် ရှိနေကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။