မံစီမြို့၊ စီခမ်းကြီးတိုက်ပွဲတွင် စစ်ကောင်စီရုပ်အလောင်း ၇၀ ခန့် တွေ့ရှိရ

0
444
ပုံစာ - စီခမ်းကြီးတိုက်ပွဲအတွင်း သေဆုံးသွားသည့် စစ်ကောင်စီတပ်သားရုပ်အလောင်းတချို့။

ကချင်ပြည်နယ်၊ မံစီမြို့ စီခမ်းကြီးကျေးရွာက စခန်းသိမ်းတိုက်ပွဲအပြီး KIA ပူးပေါင်းတပ်တွေက နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာမှာ တိုက်ပွဲအတွင်း သေဆုံးသွားသည့် စစ်ကောင်စီတပ်သား ရုပ်အလောင်း ၇၀ လောက် တွေ့ရှိခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ စီခမ်းကြီးကျေးရွာ စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ KPDF ၊ ရက္ခိုင့်တပ်တော် (AA) နှင့် ရွှေကူနယ် (LPDF) ပူးပေါင်းတပ်များက နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာမှာ စီခမ်းကြီးတပ်စခန်းအတွင်း ရုပ်အလောင်း ၇၀ လောက်နဲ့ လက်နက်ခဲယမ်း ဆယ်ဘီးကား တစ်စီးခန့် သိမ်းဆည်းရမိခဲ့တယ်လို့ ရွှေကူနယ် (LPDF) တာဝန်ရှိသူတစ်ယောက်က ပြောပါသည်။

“စခန်းကုန်းမှာတင်လေးပဲ မဟုတ်ဘူး၊ စခန်းအပြင်ဘက်မှာတွေလည်း အများကြီးပဲ။ သူတို့ကျတာတွေက ကျွန်တော်ခန့်မှန်း ပြောရရင် ၆၀၊ ၇၀ ကျော် ရောက်သွားမှာ သူတို့နောက်ထပ် စခန်းကနေ ထွက်ပြေးတဲ့တချို့ ဒရုန်းတွေနဲ့ လိုက်ချတော့ စခန်းကုန်းနဲ့ဝေးတယ် ၂ ဖာလုံလောက်မှာလည်း အလောင်းတွေ သွားတွေ့တာ” လို့ ၎င်းက ပြောဆိုသည်။

စီခမ်းကြီးတပ်စခန်းအတွင်း သေဆုံးနေသည့် ရုပ်အလောင်း ၄၈ လောင်းနှင့် စခန်းကုန်းအနီးပတ်ဝန်းကျင်၌ ဒရုန်းနှင့် တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရသေဆုံးသွားသူတို့၏ ရုပ်အလောင်းများကို ထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်း ရုပ်အလောင်း ၇၀ ကျော် တွေ့ရတယ်လို့ အဆိုပါ LPDF တာဝန်ရှိသူက ဆိုသည်။

အဆိုပါ စီခမ်းကြီး စစ်ကောင်စီတပ်စခန်းတွင် ရွှေကူမြို့နယ် မံဝိန်းကြီးတပ်စခန်း တိုက်ခိုက်ခံခဲ့ရပြီးနောက် လာရောက်ပူးပေါင်းသည့် မံဝိန်းကြီးတပ်စခန်းမှ တပ်သားများလည်း နေထိုင်ကြသည့်အပြင် ရှမ်းပြည်နယ် မိုးမိတ်ဘက်က ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများပါ ရှိနေတာကြောင့် စစ်အင်အား ၂၀၀ ဝန်းကျင် ရှိသည့် တပ်စခန်းအကြီးတစ်ခုဖြစ်ကြောင်း သိရသည်။

စီခမ်းကြီးတပ်စခန်း တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သားများမှာ နန့်လင်းပါ (Namlim Pa) ဘက်ကို ထွက်ပြေး တိမ်းရှောင်သွားကြတယ်လို့ ရွှေကူ LPDF က တာဝန်ရှိသူက ဆက်ပြောပြသည်။

“ရွှေကူဘက် မဟုတ်ဘူး။ ရွှေကူဘက်က ကျွန်တော်တို့ဘက်က ပိတ်ထားတယ်။ ဗန်းမော်ဘက်ကိုလည်း ပိတ်ထားတယ်။ သူတို့အတွက် လမ်းကြောဟထားပေးတာက နန့်လင်းပါဘက်ကို ဟထားပးတာ။ နန့်လင်းပါ တောင်မှာကြတော့ သူတို့ဟောင်ဝင်စာ အမြောက်တွေနဲ့ လှမ်းပစ်တယ်။ ၁၂၀ တွေနဲ့ ပစ်တယ်။ အဲ့ဒီပစ်တဲ့ ဘက်ကိုပဲ သူတို့ပြန်ဆုတ်သွားတယ်” လို့ ၎င်းက ပြောသည်။

စီခမ်းကြီးတပ်စခန်းအတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာတွင် လက်နက်ကြီး၊ လက်နက်ငယ် ၊ ကျည်နှင့် ဗုံးသီး စသည့် လက်နက်ခဲယမ်းများ ဆယ်ဘီးကားတစ်စီးခန့် သိမ်းဆည်းရရှိခဲ့တယ်လို့လည်း ရွှေကူ LPDF တာဝန်ရှိသူက ပြောဆိုသည်။

စီခမ်းကြီးစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ၇၀ ကျော် သေဆုံးခဲ့ပြီး KIA ပူးပေါင်းတပ်များဘက်က KPDF တပ်ဖွဲ့ဝင် ၈ ယောက်၊ ရက္ခိုင့်တပ်တော် AA က တပ်ခွဲမှူးတစ်ယောက်နှင့် စုစုပေါင်း ၉ ယောက် သေဆုံး ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ယောက် ရှိခဲ့ကြောင်း ပူးပေါင်းတပ်ဖွဲ့ထံမှ သိရသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here