ပင်လည်ဘူးမြို့တွင် စစ်ကောင်စီနှင့် PDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်နေ

0
379
Photo – Social Media

စစ်ကိုင်းတိုင်းအထက်ပိုင်း ပင်လည်ဘူးမြို့တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ဒေသကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တို့ကြား ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မှ စ၍ ၂၂ ရက်နေ့ အထိ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေကြောင်း နှစ်ဖက်သတင်းရင်းမြစ်များ ပြောဆိုမှုအရ သိရသည်။

ကောလင်းမြို့ကို စစ်ကောင်စီတပ်များက ပြန်သိမ်းပိုက်ပြီးနောက် ပင်လည်ဘူးမြို့ကို သိမ်းပိုက်ရန်အတွက် KIA၊ PDF ပူးပေါင်းတပ်များက ပြန်လည် ကြိုးစားနေခြင်းဖြစ်ကြောင်း ဒေသခံတချို့က ဆိုသည်။

“ကောလင်းကျသွားတော့ PDF တွေက ချပ်သင်းနဲ့ ပင်လည်ဘူးဘက် ဆုတ်သွားတာလို့ သိရတယ်၊ ချပ်သင်း ဘက်လည်း လေယာဉ်တွေနဲ့ကြဲတော့ ပင်လည်ဘူးဘက် သွားစုပြီး ပင်လည်ဘူးကို သိမ်းဖို့ လုပ်ကြတာ ထင်တယ်” ဟု ပင်လည်ဘူးနယ်စပ် ဒေသခံတစ်ဦးက ပြောဆိုသည်။

တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး ဗန်းမောက်မြို့နားအထိပါ လက်နက်ကြီး ပစ်ခတ်သံကို ကြားရကြောင်း ဗန်းမောက်မြို့အနီးရှိ ဒေသခံပြည်သူတစ်ဦးကလည်း ပြောပါသည်။

“မနေ့ကရော ဒီနေ့ရော တစ်ဂျိန်းဂျိန်းနဲ့ မိုးခြိမ်းသံ ကျနေတာပဲ ၊ လေယာဉ်တွေနဲ့လည်း တောက်လျှောက် ကြဲနေတယ်။ ဗန်းမောက်နဲ့ အစပ်နားမှာ ထင်တာပဲ” ဟု ၎င်းက ဆိုသည်။

ပင်လည်ဘူးမြို့နယ်သည် ဆက်သွယ်ရေးစနစ် ဖြတ်တောက်ခံထားရသဖြင့် ဒေသတွင်းသတင်းရင်းမြစ်များကို ဆက်သွယ်နိုင်ခြင်း မရှိသော်လည်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများ၊ မီဒီယာများအရလည်း တိုက်ပွဲ ဖြစ်နေသည်မှာ မှန်ကန်ကြောင်းနှင့် လေကြောင်းစစ်ဆင်ရေးများ ဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် နိုင်ငံ၏ဒေသအတော်များများတွင် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီး အဆိုပါဆန္ဒပြမှုကို အကြမ်းဖက် ဖြိုခွဲမှုနှင့် လူသေဆုံးမှုများ ပေါ်ပေါက်ခဲ့ရာ အဆိုပါအချက်ကို မကျေနပ်သဖြင့် တူမီးလက်နက်ဖြင့် စတင်တိုက်ခိုက်ရာမှ လက်နက်ကိုင်တော်လှန်မှုများ ပေါ်ပေါက်ခဲ့သည်။

အလားတူ ပင်လည်ဘူးမြို့တွင် ၂၀၂၁ ခုနှစ် ဧပြီလ ၅ ရက် နံနက်မှစ၍ လူထုဆန္ဒပြပွဲများ ပြုလုပ်နေသည်ကို သေနတ်ပစ်ဖြိုခွဲရာမှ လူသေဆုံးမှုအထိ ဖြစ်ပေါ်ခဲ့သည်ကို မကျေနပ်သဖြင့် အဆိုပါနေ့ခင်းပိုင်းတွင် ဆန္ဒပြ ပြည်သူများက တူမီးဖြင့် ရဲစခန်းအား စတင်တိုက်ခိုက်ရာမှ လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့ပြီး စစ်ကိုင်းတိုင်း အထက်ပိုင်းတွင် မြို့သိမ်းတိုက်ပွဲ စတင်ခဲ့သည့် အစောဆုံးမြို့စာရင်းတွင်လည်း ပါဝင်ခဲ့သည်။

ပင်လည်ဘူးမြို့၏ လက်နက်ကိုင်တော်လှန်ရေးသည် ပတ်ဝန်းကျင်နယ်မြေများအထိ ပျံ့နှံ့ခဲ့ပြီး ဗန်းမောက် ၊ အင်းတော် ၊ ကောလင်း ၊ ဝန်းသို ၊ ဖောင်းပြင်နှင့် ဟုမ္မလင်းဒေသများ အထိပါ ရိုက်ခတ်မှုများ ရှိခဲ့သည်။

ဆေကောင်ခမ်း(ရှမ်းနီအသံ) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here