ရမ်းဗြဲကျွန်းပေါ်တွင် တိုက်ပွဲများပြင်းထန်နေသော်လည်း တရုတ်ရေနံတင်သင်္ဘောများ ပုံမှန်ဝင်ထွက်နေဆဲဖြစ်

0
197

တရုတ်စီမံကိန်းများရှိရာ ရခိုင်ပြည်၊ ရမ်းဗြဲကျွန်းပေါ်တွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသော်လည်း တရုတ်ရေနံတင်သင်္ဘောကြီးများမှာ မဒေးကျွန်းဆိပ်ကမ်းသို့ ပုံမှန်အဝင်အထွက် ရှိနေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။

တရုတ်စီမံကိန်းများကို လေ့လာစောင့်ကြည့်သူ ကျောက်ဖြူဒေသခံလူငယ်တစ်ဦးက “ရေနံတင်သင်္ဘောတွေ ကတော့ အခုလည်း ပုံမှန်အဝင်အထွက်လုပ်နေတာပဲ။ ကျောက်ဖြူမြို့နယ်မှာ တိုက်ပွဲတွေဖြစ်ပြီးစစ်ရေးလည်း တင်းမာနေတယ်။ ဒါပေမယ့် ရေနံတင်သင်္ဘောတွေက အဝင်အထွက် မပြတ်ပါဘူး” ဟု ပြောသည်။

တရုတ်စီမံကိန်းကြီးများ တည်ရှိရာ ရမ်းဗြဲကျွန်းပေါ်ရှိ ရမ်းဗြဲမြို့နှင့် ကျောက်ဖြူမြို့ အနီးဝန်းကျင်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာစစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး စစ်ကောင်စီက လေယာဉ်များ၊ စစ်ရေယာဉ်များ အသုံးပြု၍ နေ့စဉ်နေ့တိုင်း ပစ်ခိုက်တိုက်ခိုက်နေကြောင်း သိရသည်။

တရုတ်စီမံကိန်းတည်ရှိရာ မဒေးကျွန်းနှင့် ၁၀ မိုင်ခန့်သာ ဝေးသည့် ကျောက်ဖြူမြို့ အနီးဝန်ကျင်တွင်လည်း နေ့စဉ်ရက်ဆက် တိုက်ပွဲများဖြစ်နေကြောင်း ဒေသခံတို့ထံမှ သိရသည်။

အထူးသဖြင့် ဂုံးချွိန်အုပ်စု၊ ငှက်ပျောချောင်း ကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မှ ၁၄ ရက်နေ့ အထိ တိုက်ပွဲအပြင်းထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံးဒဏ်ရာရမှု အများအပြား ရှိခဲ့သည်ဟု ဒေသခံများက ဆိုသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားနေသော်လည်း ဖေဖော်ဝါရီ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့အတွင်း၌ပင် ရေနံတင် သင်္ဘောကြီး ၁ စင်း မဒေးကျွန်းဆိပ်ကမ်းသို့ ဝင်ရောက်လာကြောင်းနှင့် ဖေဖော်ဝါရီလ ပထမပတ်တွင်လည်း သင်္ဘော ၁ စင်း ဝင်ရောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ပြီးခဲ့တဲ့ သုံးလေးရက်ကပေါ့၊ တိုက်ပွဲဖြစ်နေတဲ့ ဖေဖော်ဝါရီ ၁၄ ရက်၊ ၁၅ ရက်မှာ တစ်စင်း ဝင်ခဲ့သေးတယ်။ ပြီးတော့ ဖေဖော်ဝါရီ ၄ ရက်နဲ့ ၅ ရက် တခုခုဖြစ်မယ်။ တစ်စင်း ဝင်လာတယ်။ ဒီလမှာ နှစ်စင်းရှိပြီ ဝင်တာ” ဟု အဆိုပါဒေသခံလူငယ်က ပြောသည်။

ယင်းအပြင် ဖေဖော်ရီလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက ကျောက်ဖြူမြို့ပေါ် တပ်ရင်းများနှင့် မြို့နယ်ရှိ စစ်ကောင်စီ မိသားစုဝင်များကို ဓညဝတီ ရေတပ်ဌာနချုပ်မှ AP-01 စစ်သည်တင်သင်္ဘောဖြင့် အပြည့် တင်ဆောင်ကာ သံတွဲ (သို့မဟုတ်) ရန်ကုန်ဘက်သို့ ရွှေ့ပြောင်းသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

လက်ရှိတွင် မဒေကျွန်းဆိပ်ကမ်းရှိ ရေနံတင်ချဆိပ်ကမ်း၌ တန်ချိန် (၃၀၀,၀၀၀) ဆံ့ ရေနံတင်သင်္ဘောများ ဝင်ရောက် ဆိုက်ကပ်နေကြောင်း သိရသည်။

အဆိုပါဆိပ်ကမ်းကို အကောက်ခွန်ဦးစီးဌာနက ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်တွင် ရေနံတင်ဆိပ်ကမ်းအဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံအတွင်း သုံးစွဲရန် အရှေ့အလယ်ပိုင်း အာရပ်ကမ္ဘာနှင့် အာဖရိကတိုက်မှ ရေနံစိမ်းများကို ကျောက်ဖြူမြို့နယ် မဒေးကျွန်းပေါ်ရှိ ရေနံစိမ်းသိုလှောင်ကန်များသို့ သင်္ဘောကြီးများဖြင့် ပို့ဆောင်ပြီး ယင်းမှ တဆင့် မြေအောက်ပိုက်လိုင်းဖြင့် မြန်မာပြည်အလယ်ပိုင်းကို ဖြတ်ကာ တရုတ်ပြည် ယူနန်ပြည်နယ်သို့ ပို့ဆောင်ပေးနေခြင်း ဖြစ်သည်။

ယင်းစီမံကိန်းကို ၂၀၁၆ ခုနှစ်မှ စပြီး တင်ပို့ခြင်းလုပ်ငန်း ဆောင်ရွက်လာခဲ့ခြင်းဖြစ်သည်။

ရေနံတင်သင်္ဘောများ စတင်ဆိုက်ကပ်သည့် အချိန်ကပင် မဒေးကျွန်း၊ သံဇစ်မြစ်ကို အမှီပြု၍ အသက်မွေးဝမ်းကျောင်း သည့် ဒေသခံ ရေလုပ်သားအများအပြားမှာ ငါးရှာဖွေဖမ်းဆီးမည့် လုပ်ကွက်များ ဆုံးရှုံးသွားကြောင်း ဒေသခံများက ပြောဆိုကြသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here