ထန်းတပင်၊ ဇရပ်ကြီးစစ်ဘေးရှောင် ၂ သောင်းကျော် စားနပ်ရိက္ခာနှင့်ဆေးဝါးများ လိုအပ်နေ

0
332
ပုံစာ - ဇရပ်ကြီးစစ်ဘေးရှောင်များ (Photo – CJ)

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့တွင်ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ဖေဖော်ဝါရီ ၇ ရက်နေ့မှစ၍ တောင်ငူမြို့သို့ စစ်ဘေးတိမ်းရှောင်လာကြသည့် ဒေသခံပြည်သူ ၂ သောင်းကျော်အတွက် စားနပ်ရိက္ခာနှင့်ဆေးဝါးများ လိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် တောင်ငူမြို့ခံများက ပြောသည်။

စစ်ရှောင်ကူမြို့ခံ အမျိုးသမီးတစ်ဦးက “လှူတာကတော့ တောင်ငူကတင် မကဘူး၊ ရန်ကုန်ကပါ လာတယ် ဆိုပေမယ့် စစ်ရှောင် ၂ သောင်းကျော်ရှိတော့ အလှူရှင်မရောက်တဲ့ နေရာတွေက အများကြီးရှိသေးတယ်။ ကလေးတွေဆိုရင်လည်း ၂ လသား ၃ လ သားလေးတွေကနေ ၃ နှစ်တို့ ၄ နှစ် တို့ပါတယ်။ အဘိုးအဘွားတွေရော ကျန်းမာရေးမကောင်းတဲ့သူတွေရော ပုံနေတာပဲ။ လူကြီးတွေအတွက်ကတော့ လူးဆေးတို့ ချောင်းဆိုးပျောက်ဆေးတို့ အဓိက လိုတာပေါ့” ဟု ပြောသည်။

လက်ရှိတွင် စစ်ဘေးရှောင်များအား တောင်ငူမြို့ ဘာသာရေးအဆောက်အဦးများအတွင်း နေရာချထားပေးပြီး မြို့ခံများနှင့် အရပ်ဖက်စစ်ရှောင်ကူအဖွဲ့များက မိမိတို့တတ်နိုင်သလောက် ထောက်ပံ့ကူညီပေးနေသော်လည်း စစ်ဘေးရှောင် ၂ သောင်းကျော်အတွက် စားနပ်ရိက္ခာနှင့်ဆေးဝါးများ လိုအပ်လျက်ရှိနေဆဲဖြစ်သည်ဟု ၎င်းက ဆိုသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့၏ တိုက်ပွဲအတွင်း ဇရပ်ကြီးမြို့နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးသုံး တိုက်ခိုက်ခဲ့ရာ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရပြီး နယ်မြေမတည်ငြိမ်သေးသဖြင့် တောင်ငူမြို့ပေါ်တွင် ယနေ့ထက်ထိ ခိုလှုံနေထိုင်နေရခြင်း ဖြစ်သည်။

စစ်ဘေးရှောင်စခန်း သီးသန့် မရှိသည့်အတွက် အချို့စစ်ဘေးရှောင်ပြည်သူများမှာ ဘာသာရေးပရဝဏ်အတွင်းရှိ ယာယီတဲများတွင် အဆင်ပြေသလို နေထိုင်ကြရပြီး နေအိမ်ပြန်လိုသော်လည်း မြို့တွင် စစ်တပ်ရှိနေသဖြင့် အသက်အန္တရာယ် လုံခြုံရေးကြောင့် နေအိမ်မပြန်ရဲကြကြောင်း စစ်ရှောင်ကူအဖွဲ့များထံမှ သိရသည်။

“စစ်ရှောင်စခန်းဆိုတာတော့ သပ်သပ်မရှိဘူး၊ တော်တော်ကျယ်တဲ့ ဘုန်းကြီးကျောင်းဝန်းတွေမှာတော့ တဲလေးတွေ ထိုးထားပေးတယ်။ တချို့စစ်ရှောင်တွေက နေစရာမရှိတော့ဘူး။ သူတို့နေခဲ့တဲ့ နေရာအကုန်လုံးက မီးပုံအတိုင်းဖြစ်နေတယ်။ တချို့ကတော့ စစ်တပ်ရှိနေလို့ကြောက်ပြီးမပြန်ရဲတာ သူတို့လည်း သူတို့နေရပ်ကို ပြန်ချင်ကြရှာတာပေါ့” ဟု တောင်ငူမြို့ခံ စစ်ရှောင်ကူအမျိုးသမီးက ပြောသည်။

ပအိုဝ်းအမျိုးသားဒေသ တစ်ခုဖြစ်သည့် ဇရပ်ကြီးနယ်မြေမှ အရပ်သားနေထိုင်ရာ နေရာများသို့ စစ်ကောင်စီက ထိုသို့ အင်အားအလွန်အကျွံသုံး ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် အမျိုးသမီးများအပါအဝင် ဒေသခံ ၁၀၀ ကျော် ထိခိုက် သေဆုံးခဲ့ပြီး ပြည်သူပိုင်နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ရကြောင်း ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ – PNFC ၏ ထုတ်ပြန်ချက်အရ သိရသည်။

PNFC ဥက္ကဌ ခွန်မြင့်ထွန်းက “တချို့နေရာတွေမှာတော့ အခုချိန်ထိ အလောင်းတွေကို ကောက်ယူနိုင်ခြင်း မရှိသေးဘူး။ လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့နေရာက ဇရပ်ကြီးမြို့လယ်ခေါင် လူစည်ကားတဲ့ ရပ်ကွက်တွေမှာ ဖြစ်ခဲ့တဲ့အတွက် အဲဒီနေရာတွေက မီးတွေလောင်ကုန်တယ်။ လူတွေလည်း အများကြီး ထိခိုက်သေကြေခဲ့ရတယ်။ ဒီကိစ္စရပ်တွေကို ကျနော်တို့အနေနဲ့ ဆက်ပြီးအရေးယူဆောင်ရွက်သွားမှာပါ” ဟု ပြောသည်။

စစ်ကောင်စီတပ်၏ အဆိုပါစစ်ရာဇဝတ်မှုအတွက် နိုင်ငံတကာအပါအဝင် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်း၍ တရားမျှတမှု ရရှိရန်နှင့် စစ်ကောင်စီအား အပြစ်ပေးအရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း PNFC က ဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး- KNU ၏ ဇန်နဝါရီလ ၁၈ ရက်နေ့ ထုတ်ပြန်ချက်အရ KNU တပ်မဟာ (၂) ထိန်းချုပ် နယ်မြေ တောင်ငူခရိုင်တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်အထိ စစ်ဘေးရှောင် ၂ သောင်းကျော် ရှိနေကြောင်း သိရသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here