ပန်ဆိုင်း (ကြူကုတ်) မြို့မှ နေရပ်ပြန်စစ်ဘေးရှောင်များ၏ စားဝတ်နေရေးအခက်အခဲနှင့် ဒေသခံများကို ကိုးကန့်တပ်ဖွဲ့က တပ်သားစုဆောင်းမှုအခြေအနေအပေါ် ပန်ဆိုင်းဒေသခံတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။
သျှမ်းပြည်၊ မူဆယ်မြို့နယ်ရှိ ပန်ဆိုင်း (ကြူကုတ်)မြို့ကို “၁၀၂၇ စစ်ဆင်ရေး” အတွင်း ၂၀၂၃ နိုဝင်ဘာလ ၂ ရက်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA က သိမ်းပိုက်ထိန်းချုပ်ထားခဲ့သည်။ မြန်မာ-တရုတ် နယ်စပ်ရှိ ပန်ဆိုင်း (ကြူကုတ်) မြို့ကို ရပ်ကွက် ၅ ခု ဖြင့် ဖွဲ့စည်းထားပြီး ၂၀၁၉ ခုနှစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှတ်တမ်းများအရ အိမ်ထောင်စု ၁၅၀၀ ကျော်နှင့် လူဦးရေ ၁ သောင်းခန့် ရှိကာ သျှမ်း၊ ကချင်၊ ကိုးကန့်နှင့် ဗမာတိုင်းရင်းသားများ အတူတကွ စုပေါင်းနေထိုင်ကြသည်။
လက်ရှိတွင် ပန်ဆိုင်း (ကြူကုတ်) မြို့သည် ကိုးကန့်တပ်ဖွဲ့ MNDAA က သတ်မှတ်ထားသည့် အထူးဒေသ (၁) ခရိုင် ၄ ခုရှိ မုံးကိုးခရိုင်တွင် ပါဝင်ပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရန် သန်းခေါင်စာရင်း ကောက်ယူလျက်ရှိပြီး အသက် ၁၅ နှစ်အထက် အမျိုးသားများတင်မကဘဲ အမျိုးသမီးများကိုပါ စစ်မှုထမ်းရန် ဒီဇင်ဘာ ၄ ရက်နေ့က MNDAA လာရောက်ခေါ်ဆောင်နေကြောင်း ပန်ဆိုင်းမြို့ ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့ ကလည်း လျှပ်စစ်မီးဝါယာရှောခ့်ကြောင့် ပန်ဆိုင်းမြို့မဈေးအတွင်းရှိ ဈေးဆိုင်ခန်း ၈၀ နီးပါး မီးလောင်ပြာကျခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ တရုတ်ယွမ်ငွေ ၂,၃၇၉,၄၀၀ (မြန်မာကျပ်ငွေ သိန်း ၁၀၀၀၀ ခန့်) ရှိကြောင်း ကိုးကန့်မီဒီယာမှ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ကိုးကန့်တပ်ဖွဲ့ MNDAA ၏ ထိန်းချုပ်မှုအောက်ရှိ ပန်ဆိုင်း (ကြူကုတ်) မြို့မှ နေရပ်ပြန် စစ်ဘေးရှောင်များ၏ စားဝတ်နေရေးအခက်အခဲနှင့် ဒေသခံများကို ကိုးကန့်တပ်ဖွဲ့က တပ်သားစုဆောင်းမှု အခြေအနေများကို ပန်ဆိုင်းဒေသခံတစ်ဦးအား ဆက်သွယ်မေးမြန်းထားသည်။
မေး။ ။ ကိုးကန့်တပ်ဖွဲ့ MNDAA ကနေ နိုဝင်ဘာလ ၂ ရက်က ပန်ဆိုင်းမြို့ကို သိမ်းပိုက်ထိန်းချုပ်ပြီးတဲ့နောက် အခြေအနေ ဘယ်လိုရှိနေပါလဲ။
ဖြေ။ ။ သူတို့ စပြီး ထိန်းချုပ်နိုင်တဲ့ ၃၊ ၄ ရက်တုန်းကတော့ ည ၆ နာရီ ကနေ မနက် ၆ နာရီ အထိ အပြင်မထွက်ရဘူးလို့ တားမြစ်ထားတာ ရှိတယ်။ အဲ့ဒီနောက်ပိုင်းကျတော့ ကုန်သည်တွေအတွက် သွားလာဖို့ လမ်းကြောင်းမရှိတော့ အသုံးအဆောင်ပစ္စည်းတွေကို မုံးကိုးဘက်ကနေ ပန်ဆိုင်းကို လာပို့ခိုင်းတယ်။ ဆန်၊ ဆီ၊ ခေါက်ဆွဲ၊ မုန့်နဲ့ သစ်သီးတွေ မုံးကိုးဘက်ကနေပဲ လာရောင်းကြတယ်။ ဒေသခံပြည်သူတွေကတော့ ရောင်းကောင်းရောင်းဝယ် ဖြစ်ဖို့နဲ့ သွားရေးလာရေး လွယ်ကူဖို့ပဲ လိုတာပေါ့။ ကိုးကန့်တပ်က ထိန်းချုပ်နိုင်ပြီးတဲ့ နောက်တော့ အရောင်းအဝယ်လည်း မဖြစ်တော့ဘူး။ အခုအထိလည်း လွတ်လွတ်လပ်လပ် မသွားလာနိုင် သေးဘူး။ နေရာတိုင်း မသွားနိုင်ဘူး၊ ပန်ဆိုင်းနဲ့ မူဆယ်တောင်မှ ကောင်းကောင်းသွားလို့ မရသေးဘူး။ သူတို့ ထိန်းချုပ်ပြီးတဲ့နောက် မကြာခင်ပဲ တရုတ်ကျောင်းတွေ ပြန်ဖွင့်ခိုင်းတယ်။ အခုတော့ တရုတ်နှစ်သစ်ကူး ရှိတော့ ပြန်ပိတ်ထားတယ်။
လျှပ်စစ်မီးကလည်း မြန်မာဘက်က မရတော့ဘူး၊ စစ်ကောင်စီရှိတုန်းကတော့ မြန်မာပြည် ဘက်က ရွှေလီမီးကို နမ့်ခမ်း-မူဆယ် ဘက်ကနေ ပန်ဆိုင်းကို သွယ်ယူလာတာ။ အခု ကိုးကန့်တပ်က တရုတ်ဘက်ခြမ်း ဝမ်တိန်ကနေ သွယ်လာပေးတော့ လျှပ်စစ်မီး ပြန်ရပြီ။ အရင်မီတာပေါက် အဟောင်းကိုမှ တရုတ်ကနေလာတဲ့ မီးကို ပြန်သွယ်တာပေါ့။ မီးယူရင်တော့ တရုတ် ယွမ်ငွေ ၈၀၀ အရင်သွင်းရတာပေါ့၊ တချို့တော့လည်း ၁၀၀၀ ယွမ် ပေးရတာရှိတယ်။ လျှပ်စစ်မီးက တရုတ်နဲ့ မြန်မာ ဈေးအရမ်းကွာသွားတယ်။ မြန်မာဘက်က မီးရတုန်းက သိပ်မပေးရဘူး၊ တစ်ယူနစ်ကို မြန်မာကျပ်ငွေ ၅၀ ပဲ ပေးရတယ်။ အခု တရုတ်မီး ကျတော့ တစ်ယူနစ်ကို တရုတ်ငွေ ၂ ယွမ်၊ မြန်မာငွေနဲ့ဆို ၆၀၀ ကျော် ကျတယ်။ ဒီဟာကလည်း ပြည်သူတွေကတော့ ငြီးတွားကြတယ်။ အရောင်းအဝယ်က အလုပ်မဖြစ်ဘဲ လျှပ်စစ်မီတာခလည်းတက်၊ အခွန်အခတွေကလည်းများဆိုတော့ အခက်အခဲဖြစ်တာပေါ့။
မေး။ ။ “၁၀၂၇ စစ်ဆင်ရေး” အတွင်း ပန်ဆိုင်းမြို့ကနေ ထွက်ပြေးတိမ်းရှောင်သွားတဲ့ စစ်ဘေးရှောင်တွေ နေရပ်ပြန်လာကြပြီလား။ ဘယ်လောက်ရာခိုင်နှုန်း နေရပ်ပြန်လာကြပြီလဲ။
ဖြေ။ ။ တိုက်ပွဲဖြစ်တုန်းကတော့ မြို့ပေါ်ရော ရွာဘက်တွေရော မူဆယ်ဘက်နဲ့ တရုတ်ပြည်ဘက်ကို တော်တော်များများ စစ်ဘေးရှောင်ကြတယ်။ အခု စစ်ဘေးရှောင်တွေကတော့ ၃ ပုံ ၂ ပုံလောက် နေရပ် ပြန်လာကြပြီ။ တချို့ကတော့ ပြန်မလာကြသေးဘူး။ ပြန်လာကြတဲ့အထဲမှာ အိမ်စောင့်တွေနဲ့ သက်ကြီးရွယ်အိုတွေပဲ အများစုပေါ့။ ဒီမှာ အလုပ်အကိုင်မရှိတော့ လူငယ်တွေအများစုက တရုတ်ပြည်ထဲ ရွှေလီတို့ မံစီတို့ဘက်မှာ အလုပ်သွားလုပ်ကြတယ်။ ရန်ကုန်၊ မန္တလေးဘက်ဆင်းပြီး အလုပ်သွားလုပ်ကြတာလည်း ရှိတယ်။
မေး။ ။ နေရပ် ပြန်မလာသူတွေရဲအိမ်တွေကို ကိုးကန့်တပ်က ချိတ်ပိတ်တာ၊ သိမ်းတာမျိုး ရှိလား။
ဖြေ။ ။ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေကို ချိတ်ပိတ်ပြီး သိမ်းလိုက်တာမျိုး ရှိတယ်။ သာမန်ပြည်သူ အိမ်တွေကိုတော့ ဘာမှလုပ်တာ မတွေ့ဘူး။ သူတို့ ချိပ်ပိတ်တာဆိုရင် ပြန်မလာတဲ့ ဗမာအိမ်တို့၊ ကျားဖြန့်တွေ အွန်လိုင်းလောင်းကစားလုပ်ဖို့ လာငှားတဲ့ အိမ်တွေဆိုရင်တော့ အကုန်လုံး ချိတ်ပိတ်ထားတယ်။
မေး။ ။ ဒီဇင်ဘာလ ၄ ရက်နေ့တုန်းက ပန်ဆိုင်းမြို့မှာ ကိုးကန့်တပ်က အစည်းအဝေးခေါ်ပြီး ယောကျ်ားလေး ရော မိန်းကလေးရော တပ်သားစုဆောင်းမယ်လို့ ပြောထားတဲ့ ရုပ်သံဗွီဒီယိုက အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာတာ တွေ့ရတယ်။ အဲ့ဒီနောက်ပိုင်း ပန်ဆိုင်းမြို့မှာ ကိုးကန့်တပ်ရဲ့ တပ်သားစုဆောင်းမှု အခြေအနေက ဘယ်လို ရှိနေလဲ။
ဖြေ။ ။ ကိုးကန့်တပ်တွေ ဝင်လာပြီးတဲ့နောက် စစ်သားကောက်တာကတော့ သျှမ်းဖြစ်ပြီး၊ သျှမ်းတပ်ထဲကို ဝင်ထားတာ၊ ကချင်ဖြစ်ပြီး ကချင်တပ်ထဲကို ဝင်ထားတဲ့သူတွေဆိုရင် သူတို့မကောက်တော့ဘူးလို့ ပြောတာတော့ ရှိတယ်။ သျှမ်းစစ်သား၊ ကချင်စစ်သား မဟုတ်တဲ့သူတွေဆိုရင်တော့ သူတို့ယူတယ်။ တစ်အိမ်တစ်ယောက် ကိုးကန့်တပ်ထဲကို ပြည်သူ့စစ်အနေနဲ့ သွားလုပ်ရတာရှိတယ်။ ဗမာဆိုရင်တော့ သူတို့စစ်သားမကောက်ဘူး၊ အရင်က ပန်ဆိုင်းမှာ နေနေတဲ့ ဗမာတွေဆိုရင်တော့ ပေးနေတယ်။ အသစ်လာနေမယ့် ဗမာလူမျိုးတွေဆိုရင် ရိုးရိုးပြည်သူတွေပေါ့ သူတို့ကို ကိုးကန့်တပ်က မြို့ထဲပေးမဝင်တော့ဘူး။ သူတို့ကို လာပြီးတော့ ထောက်လှမ်းမှာ စိုးရိမ်လို့ ဗမာတွေကို လုံးဝပေးမဝင်တော့ဘူး။ အခုတော့ တိုက်ပွဲမရှိသေးတော့ ပြည်သူ့စစ်ကို မြို့စောင့်ဖို့နဲ့ စစ်သားတွေကိုတော့ ရှေ့တန်းမှာ စစ်တိုက်ဖို့ ပြောတာပေါ့။ နောက်ပိုင်း သူတို့လူလိုလာရင်တော့ မပြောတတ်သေးဘူး။
မေး။ ။ ကိုးကန့်တပ်ဖွဲ့ MNDAA ကနေ တရုတ်နိုင်ငံက လျှပ်စစ်မီးသွယ်တန်းပေးတာနဲ့ ပတ်သက်ပြီး ဘယ်လို အခြေအနေမျိုးရှိလဲ။
ဖြေ။ ။ လျှပ်စစ်မီးကို သွယ်လာပေးတာ ပန်ဆိုင်းမြို့ပေါ်က တရုတ်သူဌေးတွေ လုပ်ပေးတာ။ ကိုးကန့်တပ်တွေ ဆီကို သူတို့က အခွန်ထပ်ပေးရတာပေါ့။ လျှပ်စစ်မီးက တရုတ်ဆီကဝယ်ပြီးတော့ မြို့ပေါ်မီးလာပေးတာပေါ့။ လျှပ်စစ်မီတာခက မီးပေးတဲ့ တရုတ်လောပန်းတွေဆီကို သွားပေးရတယ်။ တစ်ယူနစ်ကို ၆၀၀ ကျော်ကျတာမှာ တရုတ်ပြည်ကို ၁၅၀၊ ကိုးကန့်တပ်ကို ၁၅၀ ပြန်ပေးရတယ်လို့ ပြောတယ်။ ကျန်တာကတော့ တရုတ်လောပန်းက ယူမှာပေါ့။ အခုသွယ်လာပေးတဲ့ တရုတ်လျှပ်စစ်မီးက ကိုးကန့်တပ်တွေ တရုတ်ဆီ ခွင့်တောင်းပြီးတော့ ယူလာတယ်ပြောတာ။ ကိုးကန့်တပ်ကိုယ်တိုင်က လုပ်တာတော့မဟုတ်ဘူး၊ သူတို့လက်အောက်ကနေမှ တရုတ်လောပန်းတွေ လေလံပြန်ဆွဲပြီးတော့ မြို့ပေါ်ကို လျှပ်စစ်မီးပြန်ဖြန့်ပေးတာ။
မေး။ ။ လက်ရှိ ပန်ဆိုင်းမြို့က ကုန်ဈေးနှုန်းနဲ့ ပြည်သူတွေရဲ့စားဝတ်နေရေး အခြေအနေတွေ ဘယ်လိုရှိလဲ။
ဖြေ။ ။ ကိုးကန့်တပ်တွေ ထိန်းချုပ်လိုက်တော့ လမ်းကြောင်းတွေ အားလုံးပိတ်ကုန်ပြီလေ။ အကုန်လုံး အခက်အခဲဖြစ်တယ် ဆန်၊ ဆီ စတဲ့ စားနပ်ရိက္ခာတွေပဲ ဈေးတက်တာ မဟုတ်ဘူး၊ စက်သုံးဆီတွေလည်း အကုန်ဈေးတက်ကုန်တယ်။ တနေ့လုပ် တနေ့စားတွေကတော့ တော်တော်လေး ဒုက္ခရောက်ကြရတယ်။ တချို့ စားသောက်ကုန်တွေဆိုရင် အရင်က လားရှိုး၊ မူဆယ်ဘက်ကနေ သယ်လာရတာရှိတယ်။ အခုက အဲ့ဘက်ကနေ တက်မလာနိုင်တော့ ဘယ်ကနေမှ သွားယူလာလို့ မရတော့ဘူး၊ စားသောက်ကုန်တွေ ဈေးအရမ်း တက်သွားတယ်။ လျှပ်စစ်မီးဆိုရင်လည်း မြန်မာဘက်ကရတုန်းကဆိုရင် တစ်ယူနစ်ကို မြန်မာငွေ ၃၅ ကျပ်၊ နှစ်ယူနစ်မှ ၇၀ ကျပ် တစ်ရာတောင် မပြည့်ဘူး။ အခု တရုတ်ဘက်က သွယ်လာပေးတော့ တစ်ယူနစ်ကို ၆၀၀ ကျော်တောင် ပေးရတယ်။ ၅ ဆကျော် ဈေးတက်သွားတာပေါ့။
အရောင်းအဝယ်လည်း အလုပ်မဖြစ်ဘဲ စားသောက်ကုန်တွေကျတော့ ဈေးတက်တယ်။ အသွားအလာလဲ ခက်ခဲတယ်။ နောက်ပြီးတော့ အခွန်အခလည်း အဖွဲ့တိုင်းဆီကို ထည့်ရတယ်။ လမ်းသွားလမ်းလာဆိုရင် အဖွဲ့တွေ အများကြီးရှိတယ်။ ကချင်အဖွဲ့လည်း ထည့်ရတယ်၊ ပလောင်အဖွဲ့ဆီလည်း ထည့်ရတယ်၊ သျှမ်းတပ်ရော ကိုးကန့်တပ်ဆီရော ထည့်ရသေးတယ်။ မြို့ပေါ်မှာလည်း ကုန်ဈေးနှုန်းတက်ဆိုတော့ ပြည်သူတွေ တော်တော်ဒုက္ခ ရောက်နေတယ်။ ကိုးကန့်တပ်က ခေါ်လာရင် ထမင်းဟင်း သွားချက်ပေးရတာလည်း ရှိသေးတယ်။ မသွားနိုင်ရင် တရုတ်ယွမ် ၁၀၀ ပေးရတယ်။ မြန်မာငွေဆိုရင် ၅ သောင်း ကျော် ပေးရတယ်။ မသွားနိုင်တဲ့ အိမ်ဆိုရင် တခြားလူကို အဲ့လောက်ပေးပြီး လူစားထိုး ငှားရတာ။ ထမင်းဟင်းသွားချက်ပေးရတာဆိုရင် တစ်ပတ် ၈ ရက်ကို အလှည့်ကျ သွားပေးရတယ်။
မေး။ ။ ပန်ဆိုင်းမြို့မှာ ကိုးကန့်တပ်ဖွဲ့က သန်းခေါင်စာရင်း ကောက်ယူနေတာရှိလား။ အုပ်ချုပ်ရေးယန္တရားက ဘယ်လိုမျိုး လည်ပတ်နေလဲ။
ဖြေ။ ။ သန်းခေါင်စာရင်းကတော့ ကောက်နေတယ်။ သူတို့ကိုယ်တိုင် လာကောက်တာတာတော့ မဟုတ်ဘူး၊ ဆယ်အိမ်မှူး ရာအိမ်မှူးတွေ လာကောက်ခိုင်းတာပေါ့။ အိမ်တွေကို လိုက်စစ်တာတော့ မရှိသေးဘူး။ သန်းခေါင်စာရင်း လာကောက်တာကတော့ မိဘတွေက ကိုယ့်သားသမီး စစ်သားလုပ်ခိုင်းမှာကြောက်လို့ အမှန်အတိုင်း မထည့်ရဲကြဘူး။ ပန်ဆိုင်းမှာကတော့ အုပ်ချုပ်ရေးယန္တရား သတ်သတ်မှတ်မှတ် ကြေငြာထားတာ တော့ မရှိသေးဘူး။ ပန်ဆိုင်းကို မုံးကိုးအောက်မှာ ထည့်ထားတာဆိုတော့လေ၊ မုံးကိုးမှာပဲ သူတို့လူကြီးတွေ ထိုင်တာ။ အိမ်သစ်ဆောက်တာ၊ အိမ်ခြံမြေ အရောင်းအဝယ်လုပ်တာ၊ သစ်ခုတ်တာတွေဆိုရင် ကန့်သတ် လိုက်တာတော့ ရှိတယ်။ စားသောက်ကုန်နဲ့ စက်သုံးဆီတွေကို ဈေးတင်ပြီး မရောင်းဖို့ သူတို့ပြောပေမယ့် ကုန်သည်တွေက ဈေးကြီးပေးပြီးဝယ်ခဲ့ရတော့ အရင်းပြန်မရရင် ရောင်းဖို့လည်းခက်တယ်။ ပြည်သူတွေပဲ ဒုက္ခရောက်တာ။ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ပန်ဆိုင်း ရပ်ကွက် (၃)မှာ မနက် ၉ နာရီခွဲလောက်ကစပြီး ကိုးကန့်တပ်က ရပ်ကွက်ထဲကို တအိမ်တယောက် အစည်းအဝေးခေါ်တယ်။ ရပ်ကွက်ထဲက သေနတ်ရှိတဲ့အိမ် သူတို့ဆီ သွားအပ်ဖို့ ပြောတယ်။
နောက်ပြီး KIA နဲ့ SSPP တပ်သားတွေကို စစ်ဝတ်စုံနဲ့ လက်နက်ကိုင်ပြီး မြို့ထဲ ပေးမဝင်ဘူးလို့ ပြောတယ်။ KIA နဲ့ SSPP တပ်သားတွေ အရပ်ဝတ်နဲ့ မြို့ထဲဝင်ရင်တော့ ရတယ်၊ စစ်ဝတ်စုံနဲ့ လက်နက်ကိုင်ပြီး ဝင်လာရင်တော့ အရေးယူမယ်ပြောတယ်။ နောက်ပြီး မြို့ထဲက သေနတ်ရှိတဲ့ အိမ်တွေလည်း မြန်မြန်လာအပ်ဖို့ ပြောတယ်။ သူတို့ တစ်အိမ်တက်ဆင်း လိုက်စစ်လို့မှ တွေ့ရင် ပြင်းပြင်းထန်ထန် ဒဏ်ပေးခံရမယ်ဆိုပြီး အစည်းအဝေးမှာ ပြောတယ်။ သူတို့ကို ထမင်းဟင်းချက်ပေးရတာ မချက်ပေးချင်ရင် တစ်ပတ်ကို တရုတ်ယွမ် ၁၀၀ မြန်မာငွေနဲ့ဆို ငါးသောင်းလောက်ရှိတယ် အဲ့တာပေးရမယ်။ တစ်အိမ်တစ်ယောက် သူတို့ပြည်သူ့စစ် သွားလုပ်ရမယ်၊ စစ်ဝတ်စုံဝတ်ပြီး သူတို့အုပ်ချုပ်ရေးရုံးကို အလှည့်ကျ သွားစောင့်ပေးရမယ်ပေါ့။ တစ်အိမ်တစ်ယောက်ဆိုတော့ အိမ်မှာသွားမယ့်လူမရှိရင် ရှိတဲ့အလုပ်တွေ အကုန်ထားပြီး သွားကြရတာ။ တချို့ကလည်း စစ်သွားတိုက်ရမှာ ကြောက်တာပေါ့။ မသွားချင်ဘဲနဲ့လည်း မလွန်ဆန်နိုင်တော့ သွားနေရတာ မျိုးပေါ့။ ဘာမှ မရဘဲနဲ့ အလကား သွားစောင့်ပေးရတာ။ ပြည်သူတွေကတော့ အားကိုးစရာမရှိတော့ စိတ်ထဲက မခံချင်ဘဲ ငြီးတွားရင်းနဲ့ သွားလုပ်ပေးရတာပဲ။
မေး။ ။ ပန်ဆိုင်းမြို့က တရုတ်-မြန်မာ နယ်စပ်အခြေအနေ ဘယ်လိုရှိနေလဲ။ ကုန်ပစ္စည်းအသွင်းအထုတ်က ဘယ်လိုလုပ်နေလဲ။
ဖြေ။ ။ တရုတ်ပြည် ဝင်ပေါက်တော့ရှိတယ်။ ဒါပေမယ့် သူတို့ မဖွင့်ပေးသေးဘူး။ ကိုးကန့်တပ်တွေ ထိန်းချုပ်ပြီးတော့ နေမကောင်းတဲ့သူနဲ့ ရောဂါပြင်းထန်တဲ့သူဆိုရင် ကိုးကန့်တပ်တွေ ပြောပေးပြီး တရုတ်ဘက်ကို ဆေးကုဖို့ ပေးသွားတာမျိုးရှိတယ်။ ပုံမှန် ဘာမှမဖြစ်ရင်တော့ အဝင်အထွက်လုပ်လို့မရဘူး။ ကိုးကန့်လူမျိုး အတွက်ဆိုရင်တော့ ဆန်၊ ဆီ၊ အာလူး၊ ခေါက်ဆွဲ စတဲ့ စားနပ်ရိက္ခာတွေကို နယ်စပ်ဂိတ်ဖြတ်ပြီး တရုတ်ဘက် ဝမ်တိန်မြို့ကနေ ထုတ်လာပေးတာရှိတယ်။ သာမန်ပြည်သူတွေဆိုရင်တော့ အဲ့လိုပေးမလုပ်ဘူး။ ကုန်တွေ ကတော့ မုံးကိုးဘက်ကနေ သယ်လာရတယ်။ တရုတ်ဘက်ကော ဒီဘက်ကကော သွားလာလို့မရဘူး။ နယ်စပ်ခြံစည်းရိုးကနေ ဟိုဘက်ဒီဘက် လက်ဆင့်ကမ်းသယ်တာမျိုးလုပ်တာ၊ နယ်စပ်ခြံစည်းရိုးမှာပဲ အရောင်းအဝယ် လုပ်ကြတာ။ ကားနဲ့ အဝင်အထွက် သွားလာပြီး လုပ်လို့မရဘူး။
မေး။ ။ လက်ရှိ တိုက်ပွဲငြိမ်သက်နေတဲ့အချိန် MNDAA ရဲ့ ထိန်းချုပ်မှုအောက်မှာနေရတော့ အသက်မွေးဝမ်းကျောင်းအတွက်က ဘယ်လိုအခက်အခဲတွေ ရှိနေလဲ။
ဖြေ။ ။ မြို့ပေါ်မှာ အရောင်းအဝယ် လုပ်တဲ့လူကတော့ ဘေးကင်းတယ်။ တောင်ယာလုပ်တဲ့ လူတွေဆိုရင်တော့ ခြံရှိရင်တောင် မိုင်းနင်းမိမှာကြောက်လို့ မသွားရဲကြတာရှိတယ်။ အဲ့လို အခက်အခဲ ဖြစ်တယ်။ လိုင်းကားမောင်းတဲ့ လူတွေလည်း မူဆယ်၊ နမ့်ခမ်း၊ လားရှိုး ဒီဘက်တွေ မသွားနိုင်တော့ဘူး။ ကုန်ပစ္စည်းတွေလည်း ရှားပါးလာတော့ လုပ်ရကိုင်ရ ခက်တယ်။ တိုက်ပွဲမဖြစ်ခင်က မူဆယ်၊ နမ့်ခမ်း၊ မုံးပေါ်၊ မုံးကိုး ဘက်က ဈေးသည်တွေ ပန်ဆိုင်းဈေးပတ်မှာ လာရောင်းကြတာရှိတယ်။ အခု သူတို့လာမရောင်းနိုင်ကြတော့ ကုန်ပစ္စည်းတွေလည်း မစုံတော့ဘူး၊ ဈေးလည်း မစည်တော့ဘူး။
မေး။ ။ အခု တိုက်ပွဲငြိမ်နေတယ်လို့ပြောပေမယ့် မူဆယ်မြို့နယ်မှာဆိုရင် မူဆယ်မြို့ ကွက်ကွက်လေးပဲ ကျန်တယ်လို့ ပြောလို့ရတယ်ပေါ့။ ပန်ဆိုင်းမြို့မှာ တိုက်ပွဲတွေ အချိန်မရွေး ပြန်ဖြစ်လာနိုင်တဲ့အပေါ်မှာ ဘယ်လို စိုးရိမ်မှုတွေရှိလဲ၊ ဘယ်လို မျှော်လင့်ထားလဲ။
ဖြေ။ ။ လက်ရှိ မြို့ထဲမှာ နေတဲ့လူကတော့ တိုက်ပွဲဘယ်အချိန် ထပ်ဖြစ်လာမယ်ဆိုတာ စိတ်မချနိုင်သေးဘူး။ တိုက်ပွဲငြိမ်နေတယ်ဆိုပေမယ့် ကတုတ်ကျင်းတူးထားတုန်းပဲ။ လေယာဉ်လာရင် ပုန်းဖို့အတွက် ကိုယ့်အိမ်နဲ့ကိုယ် လုပ်ထားရတယ်။ ကိုးကန့်တွေ တကယ်ထိန်းထားနိုင်မလား ဒါမှမဟုတ် စစ်ကောင်စီတပ်က ဘယ်အချိန်မှာ ပြန်လာတိုက်ဦးမလဲဆိုတာ စိတ်မချနိုင်သေးဘူး။ မူဆယ်မှာတောင် စစ်ကောင်စီတပ်က ပိတ်မိနေတယ်။ ၁၀၅ မိုင် ဘက်ကို လာမယ်ဆိုရင် ရခိုင်တပ် AA က စောင့်နေတယ်။ နမ့်ခမ်းဘက် သွားမယ်ဆိုရင်လည်း စယ်လန့်မှာ တအာင်း(ပလောင်)တပ် TNLA က စောင့်နေတာ။ ပန်ဆိုင်းဘက် လာရင်လည်း ကိုးကန့်တပ် MNDAA က စောင့်နေတာမျိုးပေါ့။ စစ်တပ်က လေယာဉ်နဲ့ တစ်ပတ်တစ်ခေါက် ရိက္ခာလာပို့တာတော့ တွေ့နေရတယ်။
တိုင်းပြည်ကလဲ အခြေအနေမကောင်းတော့ ဘာတွေ ဖြစ်လာဦးမလဲဆိုတာ စိတ်မချနိုင်သေးဘူး။ ပြောရရင် ကိုးကန့်တပ်တွေလည်း တကယ်တည်ငြိမ်တဲ့အခြေအနေ မရောက်သေးတော့ သူတို့မူဝါဒတွေကို တကယ်တမ်း မချမှတ်နိုင်သေးဘူး၊ အဲ့အတိုင်း တကယ်လိုက်မလုပ်နိုင်သေးဘူး။
သျှမ်းသံတော်ဆင့် ပေးပို့သည်။