“အထူးသဖြင့် လူငယ်တွေအနေနဲ့ ကျွန်တော်တို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင် တိုက်ဖျက်ရေးအင်အားစုမှာ ဝိုင်းဝန်းကူညီပံ့ပိုးပေးဖို့ တိုက်တွန်းလိုပါတယ်။ ပံ့ပိုးတဲ့နေရာမှာ လူအင်အားအနေနဲ့ ပံ့ပိုးနိုင်ရင်တော့ ကောင်းတာပေါ့” ဒု-အဖွဲ့ခေါင်းဆောင် (၁) နိုင်ဗညားလယ်/ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)

0
208
ပုံစာ - မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) ဒု-အဖွဲ့ခေါင်းဆောင် (၁) နိုင်ဗညားလယ်။

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ဒု-အဖွဲ့ခေါင်းဆောင် (၁) နိုင်ဗညားလယ်နှင့် ဆက်သွယ်မေးမြန်းချက်။

စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုကို ကာကွယ်ရန်၊ တိုင်းရင်းသားလူမျိုးများ လိုလားတောင့်တသည့် အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်အတွက် စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်သွားမယ်လို့ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင် တိုက်ဖျက်ရေး) က ဖေဖော်ဝါရီ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာလိုက်သည်။

မွန်ပြည်သစ်ပါတီသည် NCA (တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်) စာချုပ် သဘောတူညီချက်များအရ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးအရအဖြေရှာရန် နည်းလမ်းပေါင်းစုံဖြင့် တစိုက်မတ်မတ် ကြိုးပမ်းအားထုတ်ခဲ့ပြီး စစ်ကောင်စီနှင့် တရားဝင်ရော အလွတ်သဘောပါ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း မျှော်မှန်းသည့်ရလဒ် လုံးဝမရှိခဲ့ဘူးလို့ ဆိုပါသည်။

မွန်ပြည်သစ်ပါတီက စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ထိန်းသိမ်းသွားမယ်လို့ ပြီးခဲ့သည့် ၁၁ ကြိမ်မြောက် ပါတီညီလာခံတွင် ဆုံးဖြတ်ခဲ့သည်။ ညီလာခံက ဒီဆုံးဖြတ်ချက်ကို လက်မခံသည့် အဖွဲ့ဝင်များ စုစည်းပြီး မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) နိုင်ငံရေးစစ်ရေး ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းပြီး စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေသည့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ ၊ နွေဦးတော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ယခုလိုထုတ်ပြန်ကြေညာ လာပါသည်။

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့၏ အခုထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဒု-အဖွဲ့ခေါင်းဆောင် (၁) နိုင်ဗညားလယ်ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ အခုလို မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ပြီးတော့ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်သွားမယ့် လမ်းကြောင်း ဘာကြောင့် ရွေးချယ်ဖြစ်ခဲ့တာပါလဲ။

ဖြေ။ ။ ကျွန်တော်တို့ ဒီ ၂၀၂၁ စစ်ကောင်စီက အာဏာသိမ်းပြီးတာနဲ့ ကျွန်တော့်တို့လိုလားနေတဲ့
မွန်လူမျိုးအတွက်ရော၊ တိုင်းရင်းသားပြည်သူတရပ်လုံးအတွက်ရော ကျွန်တော်တို့လိုလားနေတဲ့ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့အတွက်ရော ကျွန်တော်တို့က စိတ်ရှည်သဘောထားကြီးစွာဖြင့် စစ်ကောင်စီနဲ့ ဆွေးနွေးခဲ့တယ်။ စစ်ကောင်စီနဲ့ သုံးကြိမ်တိတိ တရားဝင်အနေနဲ့ ဆွေးနွေးတယ်။ အလွတ်သဘောအနေနဲ့လည်း ဆွေးနွေးတယ်။ အကြိမ်ရေများစွာ ဆွေးနွေးခဲ့တယ်။ အဲဒီဆွေးနွေးတဲ့အပေါ်မှာ ကျတော်တို့လိုလားတဲ့ အမျိုးသား အခွင့်အရေး၊ ဖယ်ဒရယ်ပြည်ထောင်စု အခြေခံမူတွေကို သူတို့က မှတ်တမ်းတင်ထားတဲ့ အခြေအနေမှာပဲရှိတယ်။ နောက်ပြီးတော့ ကျနော်တို့ လိုလားနေတဲ့ အခွင့်အရေးတွေ မရရှိရုံမကဘဲနဲ့ သူတို့ပုံစံ သူတို့လိုလားတဲ့ ပုံစံအတိုင်းပဲ ကျတော့်တို့က လိုက်ပါဆောင်ရွက်နေရတဲ့ အခြေအနေပဲ ဖြစ်တယ်။

ဒီအခြေအနေ အချိန်အခါမှာ ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ စကစနဲ့နိုင်ငံရေးအရ ဆွေးနွေးမှုသော် လည်းကောင်း ၊ bilateral အနေနှင့် ဆွေးနွေးဖို့ သော်လည်းကောင်း ကျနော်တို့က ရပ်တန့်သင့်ပြီးလို့ တင်ပြ (ပါတီကို) ခဲ့တယ်။ ဒီတင်ပြတဲ့အပေါ်မှာ တခုလုံးအနေနဲ့ လောလောဆယ်နိုင်ငံရေးအရပဲ ဆွေးနွေးမှုကို ရပ်တန့်ထားမယ်။ bilateral အနေနဲ့ ဆက်လက်ပြီးတော့ ဆောင်ရွက်မယ့်အကြောင်း ဆုံးဖြတ်ချက်ချခဲ့တယ်။ ဒီဆုံးဖြတ်ချက်ချတဲ့အခါမှာ ကျွန်တော်တို့လက်မခံတော့ ကျွန်တော်တို့နည်း ကျွန်တော်တို့ဟန်နဲ့ ကျွန်တော်တို့ လမ်းကို ကျွန်တော်တို့ ဖောက်ပြီးတော့ စကစကို တော်လှန်ဖို့ အတွက် ရည်ရွယ်ချက်တူ၊ ရပ်တည်ချက်တူတဲ့ ပါတီခေါင်းဆောင်တွေ တပ်မှူးတပ်ဖွဲ့တွေ စုပြီးတော့ ဒီလိုမျိုး စီစဉ်ဆောင်ရွက်ခြင်းဖြစ်တယ်။

မေး။ ။ တကယ်လို့ Bilateral အတိုင်းပဲ သွားမယ်ဆိုရင် အများကလိုလားနေတဲ့ ငြိမ်းချမ်းရေးရနိုင်မလား။

ဖြေ။ ။ အဓိက နိုင်ငံရေးဆွေးနွေးပွဲကနေတဆင့်ပဲ တပြည်လုံးအတိုင်းအတာဆောင်မယ်ဆို ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မယ်လို့ မြင်တယ်ပေါ့နော်။ ဒီ bilateral ကျတော့ နိုင်ငံရေးဆွေးနွေးမှု အပိုင်းတွေ မပါတော့ဘူး။ သူတို့ မိတ်ဆွေမပြတ် အပစ်အခတ်ရပ်စဲရေးကို ထိန်းပြီးတော့ ဆက်ဆံသွားမယ့်အနေအထားဆိုတော့ ငြိမ်းချမ်းရေးက လုံးဝကိုရနိုင်မယ်လို့ မမြင်ဘူး။

မေး။ ။ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့အနေနဲ့ မွန်ဒေသတွင်းမှာ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေတဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်သွားဖို့ရှိလဲ။

ဖြေ။ ။ အဓိက စစ်အာဏာရှင်ကို တိုက်ဖျက်တဲ့နေရာမှာ အဖွဲ့အစည်းတစ်ခုတည်းအနေနဲ့တော့
တိုက်လို့ မရဘူး။ ကျွန်တော်တို့နီးစပ်ရာ တော်လှန်ရေးအင်အားစုတွေ တိုင်းရင်းသား တော်လှန်ရေးအင်အားစု အဖွဲ့အစည်းတွေနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေအားလုံး ချိတ်ဆက်ပြီး ဆောင်ရွက်မယ်။
ချိတ်ဆက်ဆောင်ရွက်မယ့်နေရာမှာ နိုင်ငံရေးအရသော်လည်းကောင်း၊ စစ်ရေးအရသော်လည်းကောင်း ပူးပေါင်းပြီးတော့ စီစဉ်ဆောင်ရွက်ဖို့ ဆုံးဖြတ်ထားပါတယ်။

မေး။ ။ ဒီထုတ်ပြန်ချက်ကြောင့် မွန်ဒေသမှာ တိုက်ပွဲတွေပြင်းထန်လာနိုင်တဲ့ သဘောရှိမယ်ဆိုတော့ မွန်ပြည်သူတွေအတွက် လုံခြုံရေး၊ ကာကွယ်ရေးအတွက် ဘာတွေပြင်ဆင်ထားတာရှိပါလဲ။

ဖြေ။ ။ ကျနော်တို့အနေနဲ့ စစ်ရေးဆောင်ရွက်တဲ့အခြေအနေမှာ မွန်ဒေသတွေ မွန်ပြည်သူအပေါ်မှာတော့ ရိုတ်ခတ်မှု တစုံတရာ ရှိလာမှာပေါ့။ အဲ့ဒီရိုတ်ခတ်မှု တစုံတရာရှိခဲ့တဲ့အခြေအနေမှာ ကျွန်တော်တို့ မွန်ပြည်သူတွေ အနေနဲ့ လောလောဆယ် တိုက်ပွဲဖြစ်ရင်တော့ ကိုယ့်ရဲ့ဒေသကိုတော့ အဓိက လုံခြုံရေးအစီအမံတွေကို ဆောင်ရွက်ရမယ်။ တကယ့်လို စစ်ရေးပြင်းထန်ရင်တော့ တခြားလုံခြုံတဲ့ ဒေသဘက်ကို ရွေ့ပြောင်းလာပြီးတော့ ခိုလှုံနိုင်ဖို့အတွက်တော့ စီစဉ်ဆောင်ရွက်ထားပါတယ်။

မေး။ ။ မွန်လူငယ်တွေကိုရော တော်လှန်ရေးမှာပါဝင်လာဖို့ ဘာတွေပြောချင်တာရှိလဲ။

ဖြေ။ ။ အဓိက ဒီတော်လှန်ရေးအဖွဲ့အစည်း အားကောင်းဖို့အတွက် လူငယ်မျိုးဆက်တွေ ပါဝင်ဖို့အတွက် တော်တော်လေးကို အရေးကြီးတယ်။ ဒီလူငယ်တွေအနေနဲ့ သူတို့ရဲလူငယ်မူဝါဒမှာ ချမှတ်ထားတာက ၁၈နှစ် ပြည့်ရင်တော့ မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော်ဆီမှာ စစ်သင်တန်းတက်ရောက်ရမယ်ဆိုတဲ့ မူဝါဒတော့ ချမှတ်ထားတယ်။ အဲ့ဒီအပေါ်မှာ ကျွန်တော်တို့အနေနဲ့ ဒီသင်တန်း တက်ရောက်ဖို့ပဲ မဟုတ်ဘဲနဲ့ ဒီတော်လှန်ရေးအင်အားစုမှာ ပါဝင်ဖို့အတွက်က တော်တော်လေးကို အရေးကြီးနေပါတယ်။

မေး။ ။ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်သွားဖို့နဲ့ပတ်သက်ပြီး ဘာများထပ်ဖြည့်ပြောချင်တာရှိပါလဲ။

ဖြေ။ ။ မွန်ပြည်သူတွေကို တိုက်တွန်းချင်တာက အခုအခြေအနေအချိန်အခါမှာ စစ်ကောင်စီကို
နိုင်ငံတကာကရော ဗမာမှာပင် ပြည်သူတရပ်လုံးအတိုင်းအတာအနေဖြင့်လည်း တော်လှန်နေတယ်။
သူတို့ကို ပြည်သူတွေ ထောက်ခံမှု မရှိသလောက် ဖြစ်နေတယ်။ ဒီလွတ်လပ်ရေးရပြီးတဲ့ အချိန်ကနေစပြီး
ယခုအချိန်ဆို ဒီပြည်တွင်းပြည်ပ ပြည်သူတရပ်လုံးအနေနဲ့ နည်းမျိုးစုံနဲ့ စတင်တော်လှန်နေကြတယ်။
စစ်ကောင်စီကလည်း ဘက်ပေါင်းစုံကို ကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရတယ်။ သူတို့အင်အားလည်း
တဖြည်းဖြည်း ယုတ်လျော့နေတယ်။ ဒီတပ်တွင်းမှာလည်း စိတ်ဓာတ်တွေလည်း ကစဉ်ကလျားတွေ ဖြစ်နေတယ်ပေါ့။

ဒါကြောင့်မို့လို့ ဒီအချိန်အခါ စစ်အာဏာရှင် ချုပ်ငြိမ်းဖို့အတွက် စစ်ကောင်စီကို ချေမှုန်းဖို့အတွက် အကောင်းဆုံး အချိန်အခါ ဖြစ်နေတယ်။ ဒီအခြေအနေ အချိန်အခါကောင်းကို ကျွန်တော်တို့ မွန်ပြည်သူတရပ်လုံးအနေနဲ့ အမိအရ ဆုပ်ကိုင်ပြီးတော့ ပြည်တွင်းပြည်ပမှာ ရှိနေတဲ့ ရဟန်း၊ သံဃာတော်တွေ၊ မျိုးချစ်ပုဂ္ဂိုလ်တွေ အဖွဲ့အစည်း သီးသီးမှာရှိနေတဲ့ ပြည်သူလူထုတွေ အထူးသဖြင့် လူငယ်တွေအနေနဲ့ ကျွန်တော်တို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင် တိုက်ဖျက်ရေး အင်အားစုမှာ ဝိုင်းဝန်းကူညီပံ့ပိုးပေးဖို့ တိုက်တွန်းလိုပါတယ်။ ပံ့ပိုးတဲ့နေရာမှာ လူအင်အားအနေနဲ့ ပံ့ပိုးနိုင်ရင်တော့ကောင်းတာပေါ့။ အခြေအနေအကြောင်းကြောင့် လူအင်အားအနေနဲ့ မဖြည့်ဆည်းနိုင်သော်ငြားလည်း ရုပ်ဝတ္ထုသော်လည်းကောင်း စိတ်ဓာတ်ရေးရာ အနေနဲ့သော်လည်းကောင်း ဝိုင်းရံပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here