CNO/CNDF (UCR) ထိပ်ပိုင်းအရာရှိတစ်ဦးသေဆုံးမှုအတွက် မိမိတို့မှားယွင်းကြောင်း တမူးခရိုင် ပကဖ ထုတ်ပြန်

0
251
ပုံစာ - တမူးခရိုင် ပကဖ ထုတ်ပြန်ကြေငြာချက်။

စစ်ကိုင်းတိုင်း၊ ခမ်းပတ်မြို့၊ ကနန်စံပြကျေးရွာ စစ်ဆေးရေးဂိတ်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ CNO/CNDF (UCR) ၏ ထိပ်ပိုင်းအရာရှိတစ်ဦး အပစ်ခံရ၍သေဆုံးမှုတွင် မိမိတို့မှားယွင်းခဲ့မှုအတွက် တာဝန်ခံမှု၊တာဝန်ယူမှုဖြင့် တောင်းပန်ကြောင်း NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ တမူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက် ညနေ ၆ နာရီခန့်က စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပတ်မြို့၊ ကနန်စံပြကျေးရွာ စစ်ဆေးရေးဂိတ်တွင် တမူးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယာဉ်တစ်စီးကို ရပ်တန့်စစ်ဆေးခဲ့ရာ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNO/CNDF (UCR) တို့ကြား နားလည်မူလွဲမှားခဲ့ကြောင်း တမူခရိုင် (ပကဖ) ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

နားလည်မှုလွဲမှားမူကြောင့် တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ လုံခြုံရေးဆောင်ရွက်သူ ရဲဘော်တစ်ဦးက ပစ်ခတ်လိုက်ရာ CNO/CNDF (UCR) မှ သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး တာဝန်ခံ ဘော်ဘွိုင်း (Salai Bawi Bawi) ၏ ဦးခေါင်ကိုထိမှန် သေဆုံးသွားခဲ့သည်ဟု ဆိုသည်။

ယင်းဖြစ်စဉ်သည် ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး စသည့်တို့ကြောင့် ဖြစ်ပွားခြင်းမဟုတ်ဘဲ နှစ်ဖက်နားလည်မူ လွဲမှားခြင်းသာဖြစ်ကြောင်း တမူးခရိုင် (ပကဖ) က ဖေဖော်ဝါရီလ ၆ ရက် ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရဲဘော်ဘော်ဘွိုင်း၏ မိသားစုနှင့် CNO/CNDF (UCR) တို့အတွက် ကြီးမားသော ဆုံးရှုံမူကိုဖြစ်ပွားစေသော မိမိတို့ မှားယွင်းခဲ့မှုအတွက် တာဝန်ခံမှု၊ တာဝန်ယူမှုဖြင့် အနှုးအညွတ်တောင်းပန်ပါကြောင်း တမူခရိုင်/ တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ရုံးစာဖြင့် ထုတ်ပြန်လာခြင်းဖြစ်သည်။

တမူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က လက်ရှိစာကို ထုတ်ပြန်လာသော်လည်း ဖြစ်စဉ်ဖြစ်ပွားပြီး နှစ်ပတ်နီးပါးအထိ နှစ်ဖက်ကြား ပြေလည်မှု မရရှိသေးကြောင်း၊ တောင်းဆိုချက် (၂) ချက်ကို တမူးခရိုင် (ပကဖ) က အကောင်အထည်ဖော်လာမူကို စောင့်ကြည့်နေရကြောင်း CNO/CNDF မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံငိုင်းက ပြောသည်။

“ပြေလည်မူကတော့ မရသေးဘူး။ တောင်းဆိုထားတာ ရှိသေးတယ်။ ၂ ချက်ပေါ့။ အဲဒါက လောလောဆယ် မရသေးဘူး။ ဒီတစ်ခုပဲ ရှိသေးတယ်။ နောက်တောင်းဆိုမူက ဘယ်လိုလာဦးမလဲဆိုတာ မသိတော့ ဆက်လက် စောင့်ကြည့်ရမယ့် အနေအထားမှာရှိတယ်။ လိုက်လျောကို လိုက်လျောရမယ့် အချက်တွေပါ။ အချိန်ကာလ သတ်မှတ်ထားတာက အမြန်ဆုံးတော့ ပြောထားတယ်” ဟု ဆလိုင်းကျုံငိုင်းက ပြောသည်။

တမူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဆောင်ရွက်ပေးရမည့် အချက် (၂) ချက်နှင့် ပတ်သက်၍ လတ်တလောတွင် ထုတ်ဖော်ပြောဆိုရန် အဆင်မပြေသေးကြောင်း၊ တမူးခရိုင် (ပကဖ) ဘက်ကို တောင်းဆို ထားသကဲ့သို့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနဘက်ကိုလည်း တောင်းဆိုထားသောကြောင့် အမြန်ဆုံး အကောင်အထည်ဖော်မည်ဟု ယုံကြည်ကြောင်း ဆလိုင်းကျုံငိုင်းက ပြောသည်။

CNO/CNDF (UCR) ၏ အသက် ၂၇ နှစ်အရွယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးအတွင်းရေးမှူး Salai Van Bawi Nei Thawng (သို့မဟုတ်) Bawi Bawi ကျဆုံးမှုနှင့်ပတ်သက်၍ ကျန်ရစ်သူမိသားစုနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း ဖေဖော်ဝါရီလ ၂ ရက်က CNO/CNDF က ထုတ်ပြန်ခဲ့သည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here