စစ်ကောင်စီထိန်းချုပ်သော ချင်းပြည်ရှိမြို့များတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ အတင်းအဓမ္မ စစ်သားစုဆောင်းမှုများ ရှိလာနိုင်ဟုဆို

0
266
ပုံစာ - ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ချက်။

အရွယ်ရောက်သူတိုင်း အမြင့်ဆုံး ၅ နှစ်ကြာ စစ်ကောင်စီတပ်တွင် စစ်မှုထမ်းရမည့်ဥပဒေအရ စစ်ကောင်စီ ထိန်းချုပ်ထားသော ချင်းပြည်နယ်ရှိ မြို့ ၈ မြို့တွင် အတင်းအဓမ္မဖမ်းဆီး စစ်သားစုဆောင်းမှုများ ရှိလာနိုင်ကြောင်း ချင်းလူခွင့်အရေးအဖွဲ့ (CHRO) နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ပြောသည်။

စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် ဟားခါး၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ ထန်တလန်၊ မတူပီ၊ ကန်ပက်လက်နှင့် မင်းတပ်မြို့ပေါ်များကို စစ်ကောင်စီက လက်ရှိအချိန်ထိ ထိန်းချုပ်ထားနိုင်ဆဲဖြစ်သောကြောင့် ၎င်းတို့ထိန်းချုပ် ထားသော မြို့ပေါ်ရှိ လူငယ်များအား အတင်းအဓမ္မ ဖမ်းဆီးမှု ရှိလာနိုင်သည်ဟု CHRO မှ စီမံခန့်ခွဲရေးအရာရှိ ဆလိုင်းမာန်ဟရဲလျန်က ပြောသည်။

“အခုကတော့ ချင်းပြည်တစ်ခုလုံးက မြို့ကလွဲလို့ ပလက်ဝနဲ့ တခြားနေရာတွေက တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ ထိန်းချုပ်မှုအောက် ရှိတယ်။ အခု စစ်ကောင်စီက လုပ်ထားတဲ့ စစ်မှုမထမ်းမနေရက သူတို့ထိန်းချုပ်လို့ရတဲ့ မြို့တွေမှာ အတင်းအဓမ္မနဲ့ လူငယ်တွေကို ဖမ်းဆီးစုဆောင်းတာမျိုး အနည်းနဲ့အများနဲ့တော့ ရှိလာမယ်” ဟု ဆလိုင်းမာန်ဟရဲလျန်က ပြောသည်။

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တစ်ခုလုံးကို ရက္ခိုင်တပ်တော် (AA) နှင့် ချင်းတော်လှန်ရေး အင်အားစုများက လက်ရှိတွင် ထိန်းချုပ်စိုးမိုးထားပြီး စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေမှာ သက်ရောက်မှု ရှိနိုင်မည် မဟုတ်ဟု ဆိုကြသည်။

ဖေဖော်ဝါရီလ ၁၀ ရက်က စတင်အသက်ဝင်လာသည့် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေသည် ချင်းပြည် အပါအဝင် နိုင်ငံတစ်ဝန်းတွင် စစ်သားစုဆောင်းမှုကို တရားဝင်အဖြစ် ဆောင်ရွက်နိုင်ရန် ပြဌာန်းလာခြင်း ဖြစ်သည်ဟု သိရသည်။

India for Myanmar တည်ထောင်သူ၊ ချင်းနိုင်ငံရေးသမား ဆလိုင်းဒိုခါရ်က “အဓိက ပြည်သူတွေက ထိန်းချုပ်မှုအောက် မရောက်သေးတဲ့ မြို့ကြီးတွေပေါ့၊ အဲဒီအပေါ်မှာ သက်ရောက်မှု ရှိနိုင်တယ်။ ဒါပေမဲ့ ချင်းလူမျိုးတွေက ချင်းပြည်ပြင်ပမှာ လူဦးရေပိုထူထပ်တော့ ချင်းလူမျိုးအပေါ်မှာ သက်ရောက်မှုက အတော်ကြီးမယ်” ဟု ပြောဆိုသည်။

ဆက်လက်ပြီး ဆလိုင်းဒိုခါရ်က “စကစက ဒီဥပဒေကို အသုံးပြုပြီး အင်အားစုဆောင်းတာ လူငယ်တွေကို အတင်းအဓမ္မစုဆောင်း တာမှာ လူသူမသိတဲ့ နေရာတွေ၊ အထူးသဖြင့် ကလေးမြို့တို့ စစ်ကိုင်းတိုင်းထဲက ချင်းလူမျိုးတွေထူထပ်တဲ့ နေရာမှာ အကောင်အထည်ဖော်နိုင်တယ်။ နောက် ရန်ကုန်၊ မန္တလေးမှာလည်း ချင်းလူမျိုးတွေ နေထိုင်မှု များပြားတယ်။ လူမျိုးအပေါ်မှာ သက်ရောက်မှုကကြီးမယ်၊ ချင်းပြည်အတိုင်းအတာနဲ့ တော့ ဒီဥပဒေက ချင်းပြည်ကလူမျိုးတွေ အပေါ်မှာတော့ သက်ရောက်မှုနည်းမှာ” ဟု ပြောသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ သာမန်အမျိုးသားမှာ အသက် ၁၈ နှစ် မှ ၃၅ နှစ်အတွင်း အကြုံဝင်ပြီး ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာတက်မြောက်သူ (သို့) အခြားအတတ်ပညာတတ်မြောက်သူမှာ အသက် ၁၈ နှစ် မှ ၄၅ နှစ်အထိ စစ်ကောင်စီတပ်တွင် စစ်မှုထမ်းရမည်ဖြစ်သည်။

သာမန်အမျိုးသမီးမှာ ၁၈ နှစ် မှ ၂၇ နှစ် အတွင်းအကြုံဝင်ပြီး ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တက်မြောက်သူ (သို့) အခြားအတတ်ပညာ တတ်မြောက်သူမှာ အသက် ၁၈ နှစ် မှ ၃၅ အတွင်းရှိသူများ စစ်မှုထမ်းရမည် ဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ သာမန်အခြေအနေတွင် ၂ နှစ်၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တက်မြောက်သူ (သို့) အခြားအတတ်ပညာ တတ်မြောက်သူဖြစ်ပါက ၃ နှစ် စသဖြင့် စစ်မှုထမ်းရမည်၊ အရေးပေါ်အခြေအနေတွင် အများဆုံး ၅ နှစ်အထိ စစ်မှုထမ်းရမည်ဖြစ်သည်။

“ဒီလိုပြဌာန်းခြင်းဟာ အတင်းအဓမ္မ စစ်သားစုဆောင်းမှုတွေ၊ အတင်းဓမ္မ ဖမ်းဆီးမှုတွေက စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနိုင်တယ်။ ဒီလိုပြဌာန်းမှုက လူအခွင့်အရေး ချိုးဖောက်မှုတွေ နည်းမျိုးစုံနဲ့ ရှိလာမယ့် အနေအထား ရှိနေတယ်။ ဒီစစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းတာက ဒီဥပဒေဘောင်ထဲ ဝင်နေသူတွေကို အတင်းအဓမ္မ ဖိအားပေးပြီး သူတို့မှာမလုံခြုံမှုကို အများကြီး သက်ရောက်စေတယ်” ဟု CHRO မှ ဆလိုင်းမာန်ဟရဲလျန်က ပြောသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်ကောင်စီတပ်ထဲ မဝင်ခြင်း၊ စစ်မှုထမ်းရန် စာရင်းမသွင်းခြင်း၊ စာရင်းသွင်းပြီး ဆေးစစ်ခြင်း မပြုခြင်း၊ ဆင့်ခေါ်စာရပြီး မလာရောက်ခြင်းနှင့် အထောက်အထား လိမ်ညာပါက ထောင်ဒဏ် ၃ နှစ် ချမှတ်နိုင်သည်ဟု ဆိုသည်။

ဆေးမအောင်ရန် ကြိုးစားခြင်းနှင့် စစ်ထဲမဝင်လို၍ ထိခိုက်အနာတရဖြစ်အောင် လုပ်ခြင်းကို ထောင်ဒဏ် ၅ နှစ် ချမှတ်မည်ဖြစ်ပြီး စစ်ထဲမဝင်ရန် အားပေးကူညီသူကို ထောင် ၁ နှစ်ချမှတ်မည်ဟု ဆိုသည်။

လက်ရှိ ချင်းပြည်တွင် စစ်အာဏာသိမ်းမှုကြောင့် ဒေသခံပြည်သူ ၁ သိန်းကျော်မှာ စစ်ဘေးရှောင်နေရပြီး ယင်းပမာဏသည် ချင်းလူဦးရေ၏ လေးပုံတစ်ပုံ ဖြစ်သောကြောင့် ချင်းပြည်သူများအနေဖြင့် ရှောင်မပြေးဘဲ ချင်းပြည်လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်သင့်ကြောင်း ချင်းတက်ကြွလှုပ်ရှားသူများက ပြောဆိုသည်။

“ဒီပြသနာက ရှောင်လွဲလို့ရမယ်လို့ မထင်ဘူး။ အဓိကက ဒီပြည်တွင်းမှာရှိတဲ့ လူငယ်တွေ ချင်းတွေအပါအဝင် လူငယ်များစွာက ဒီဟာကို ရင်ဆိုင်ဖို့ပဲ နည်းလမ်းတွေ ရှာဖွေပြီးမှ ရင်ဆိုင်လိုက်တယ်ဆိုရင် အဆုံးသတ်တိုက်ပွဲ အတွက် အခွင့်အလမ်းတွေ ဖြစ်မယ်လို့ ကျနော်ထင်တယ်။ အဲလိုမဟုတ်ပဲ တိမ်းရှောင်လိုက်တယ်ဆိုရင် စကစက သူစုဆောင်းနိုင်တဲ့ အင်အားကနေ တဖြည်းဖြည်း သူ့အင်အားတည်ဆောက်ပြီး စကစမပြိုလဲဘဲ ဒီဥပဒေက တသက်လုံး အသက်ဝင်သွားရင် နောင်လူငယ်တွေက ရှောင်လို့မရတော့ဘူး” ဟု ဆလိုင်းဒိုခါရ်က ပြောသည်။

ထို့အပြင် ချင်းတော်လှန်ရေးအင်အားစုများကလည်း စစ်ကောင်စီပြဌာန်းလာသည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အခွင့်အလမ်းကောင်းအဖြစ် အသုံးချနိုင်ရန် လိုအပ်ကြောင်း ထောက်ပြကြသည်။

CDF/CDM- Siyin က စစ်မှုထမ်းဥပဒေကြောင့် ပြည်သူများအတွက် စိတ်မသက်မသာဖြစ်ရကြောင်း၊ လက်ရှိအချိန်သည် ဓမ္မနှင့်အဓမ္မ တရားကို ခွဲခြားသိမြင်တတ်ရန် လိုအပ်ကြောင်း၊ လူငယ်လူရွယ်များအနေဖြင့် စစ်အာဏာရှင်ကို တော်လှန်ရန် နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဘေးကင်းလုံခြုံစွာ ပူးပေါင်း ပါဝင်ကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

စစ်အာဏာရှင်ကို တိုက်ထုတ်လိုသူများကိုလည်း CDF/CDM- Siyin က လက်ကမ်းကြိုဆိုလျက်ရှိပြီး ၎င်း၏ လူမှုကွန်ရက်မှတဆင့် ဆက်သွယ်စုံစမ်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here