တောတောင်ထဲရောက် ဆီဆိုင်စစ်ရှောင်များ ရိက္ခာပြတ်လပ်မှုနှင့်ကြုံတွေ့နေကြရ

0
143
ပုံစာ - တောတောင်ထဲတွင် တိမ်းရှောင်ခိုလှုံနေသည့် ဆီဆိုင်စစ်ရှောင်တချို့။

သျှမ်းပြည်၊ ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲကြောင့် တောတောင်ထဲ၌ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များသည် စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်ကူညီသူများထံမှ စုံစမ်းသိရသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ အကြား တိုက်ပွဲများကြောင့် တောင်တောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များသည် ရက်ရှည်လာ ကြာနှင့်အမျှ စုဆောင်းထားသည့် စားနပ်ရိက္ခာများ နည်းပါးလာကြောင်း စစ်ဘေးရှောင်ကူညီသူတို့က ပြောသည်။

စစ်ဘေးရှောင်ကူညီသူတစ်ဦးက “ဆီဆိုင်မြို့နယ် တောထဲတောင်ထဲ၊ လယ်ယာထဲနဲ့ ချောင်းဘေးနားရှိတဲ့ လူတွေပေါ့ဗျာ၊ အခုတလော စားနပ်ရိက္ခာ ပြတ်နေတယ်။ ဆန်ပြုတ်စားရတဲ့သူစား၊ ထမင်းခြောက်ကို ပြန်ပြီးစားရတဲ့သူကလည်း စားနေစားကြတာပဲ။ ဖြစ်ချင်လည်း ဆန်ပြုတ်နဲ့အသီးရောပြီး စားနေရတဲ့သူတွေလည်း စားကြတာပဲ” ဟု ပြောသည်။

တဖက်တွင်လည်း တိုက်ပွဲပြင်းထန်လျက် ရှိနေတာကြောင့် စစ်ဘေးရှောင်များသည် နေရပ်ပြန်ပြီး ရိက္ခာ သယ်ယူလို့မရဘဲ ယခုရက်ပိုင်းအတွင်း အစားအသောက် ပြတ်လပ်မှုနှင့် ကြုံတွေ့နေရခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

လက်ရှိချိန်ထိ တောတောင်ထဲထွက်ပြေးနေရသည့် စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၁ သောင်းခန့်ရှိပြီး ၎င်းတို့ ထွက်ပြေးတိမ်းရှောင်လာစဉ်က အဝတ်တစ်ထည်ကိုယ်တစ်ခုသာ ထွက်ပြေးလာရသည့်အတွက် စားနပ်ရိက္ခာ အပြင် မိုးကာနှင့် ဆေးဝါးများလိုအပ်နေကြောင်း သိရသည်။

ထို့အပြင် ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲကြောင့် ဆေးရုံ၊ ဆေးခန်းများကို ပိတ်ထားရသောကြောင့် လက်ရှိတွင် ကျန်းမာရေးစောင့်ရှောက်မှုများလည်း အရေးပေါ်လိုအပ်နေကြောင်း လူမှုကူညီရေးအသင်းအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အခုကျနော်တို့နယ်မှာ တကယ်လိုအပ်နေတာက ကျန်းမာရေးစောင့်ရှောင်မှုတွေ အရေးပေါ် လိုအပ်နေတယ်။ ကိုယ်ဝန်ဆောင်၊ ကလေး၊ သက်ကြီးရွယ်အိုအတွက် လိုအပ်နေတယ်။ ဆေးရုံဆေးခန်းတွေ ဘာတခုမှမရှိ တော့ဘူး။ မဖွင့်ကြတော့ဘူး။ တစ်ခုခုဆို တောင်ကြီးပို့နေရတာ အချိန်မီ မပို့ဆောင်နိုင်ရင် သေဆုံးမှုရာခိုင်နှုန်း များတယ်။ အခုက တိုက်ပွဲထဲမှာ သွားကူညီရတော့ လူမှုကူညီရေးတွေ ဘာတွေမမြင်တော့ဘူး မဲမဲမြင်နဲ့ ပစ်တာပဲ” ဟု ၎င်းက ပြောဆိုသည်။

ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲကြောင့် စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၄ သောင်းကျော် ထွက်ပြေးနေရပြီး တောင်ကြီး၊ ကျောက်တလုံး၊ ဟိုပုံး စသည့် မြို့နှင့် ကျေးရွာများဘက်သို့ တိမ်းရှောင်နေကြကြောင်း သိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here