ပန်ဆိုင်းမြို့အတွင်းသို့ SSPP နှင့် KIA တပ်သားများ စစ်ဝတ်စုံနှင့်လက်နက်ကိုင်ဆောင်ပြီး ဝင်ခွင့်မပြုဟုဆို

0
497
ပုံစာ - ပန်ဆိုင်း (ကြူကုတ်)မြို့ လမ်းပိုင်းတနေရာ။

သျှမ်းပြည်၊ မူဆယ်မြို့နယ်၊ ပန်ဆိုင်း (ကြူကုတ်) မြို့တွင်းသို့ SSPP နှင့် KIA တပ်သားများကို စစ်ဝတ်စုံနှင့် လက်နက်ကိုင်ဆောင်လာလျှင် ဝင်ခွင့်မပြုရန် ကိုးကန့်တပ်ဖွဲ့ MNDAA က ပြောဆိုခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့ နံနက် ၉ နာရီခွဲခန့်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA က ပန်ဆိုင်း (ကြူကုတ်) မြို့ရှိ ဒေသခံများကို အစည်းအဝေးခေါ်ယူ၍ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်သားများ စစ်ဝတ်စုံနှင့် လက်နက်ကိုင်ဆောင်လာလျှင် မြို့တွင်းသို့ ဝင်ခွင့်မပြုရန် အပါအဝင် အရေးကြီး အချက် ၅ ချက်ကို အမိန့်ပေးညွှန်ကြားခဲ့သည်ဟု ပန်ဆိုင်းဒေသခံများက ပြောသည်။

“KIA နဲ့ SSPP တပ်သားတွေ အရပ်ဝတ်နဲ့ မြို့ထဲဝင်ရင်တော့ ရတယ်။ စစ်ဝတ်စုံနဲ့ လက်နက်ကိုင်ပြီး ဝင်လာရင် တော့ အရေးယူမယ် ပြောတယ်။ နောက်ပြီး မြို့ထဲက သေနတ်ရှိတဲ့အိမ်တွေလည်း မြန်မြန်လာအပ်ဖို့ ပြောတယ်။ သူတို့ တအိမ်တက်ဆင်း လိုက်စစ်လို့မှတွေ့ရင် ပြင်းပြင်းထန်ထန် ဒဏ်ပေးခံရမယ်” ဟု ထိုအစည်းအဝေးသို့ တက်ရောက်ခဲ့သူနှင့် နီးစပ်သည့် ပန်ဆိုင်းဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA က အစည်းအဝေးတွင် အမိန့်ပေးညွှန်ကြားခဲ့သည့် အရေးကြီး အချက် (၅) ချက်မှာ (၁) အစည်းအဝေးတွင်ဖြစ်စေ ကိုးကန့်တပ်ဖွဲ့၏ သွားလာလှုပ်ရှားမှုများကို မှတ်တမ်းယူပြီး အွန်လိုင်းပေါ်မတင်ရန်၊ (၂) KIA နှင့် SSPP တပ်သားများကို စစ်ဝတ်စုံနှင့် လက်နက်ကိုင်ဆောင်လာပါက မြို့တွင်းသို့ ပေးမဝင်ရန်၊ (၃) မိမိနေအိမ်ရှိ သေနတ်များကို အမြန်ဆုံးအပ်နှံရန်၊ (၄) တအိမ်တယောက် ကိုးကန့်တပ်ဖွဲ့ထံ စစ်မှုထမ်းရန်နှင့် (၅) မြို့အဝင်အထွက်နှင့် အုပ်ချုပ်ရေးရုံးတို့တွင် ကင်းစောင့်ပေးရန်တို့ဖြစ်ကြောင်း ပန်ဆိုင်းဒေသခံများထံမှ သိရသည်။

“အရင်က သူတို့ကို ထမင်းဟင်းချက်ပေးရတာ၊ အခု မချက်ပေးချင်ရင် တစ်ပတ်ကို တရုတ်ယွမ် ၁၀၀ ၊ မြန်မာငွေနဲ့ ဆို ငါးသောင်းလောက်ရှိတယ် အဲဒါပေးရမယ်။ မြို့အဝင်အထွက် ၃ နေရာမှာလည်း သူတို့စစ်သားနဲ့ ကင်းလိုက် စောင့်ပေးရမယ်၊ အုပ်ချုပ်ရေးရုံးနဲ့ဆို ၄ နေရာ၊ တစ်နေရာကို ၃ ယောက်စီ အလှည့်ကျ စောင့်ပေးရမယ်” ဟု ပန်ဆိုင်းမြို့ဒေသခံအမျိုးသားက ဆက်ပြောသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA မှ ပြည်သူများထံသို့ ယခုလိုပြောဆိုချက်နှင့် ပတ်သက်ပြီး MNDAA ၏ ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်း ထံသို့လည်းကောင်း၊ ကချင်လွတ်မြောက်ရေးတပ် KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူနှင့် သျှမ်းတပ် SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်ထံသို့ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

ပန်ဆိုင်းမြို့မှ ဒေသခံအမျိုးသမီးတစ်ဦးက “တအိမ်တယောက်ဆိုတော့ အိမ်မှာသွားမယ့်လူမရှိရင် ရှိတဲ့ အလုပ်တွေ အကုန်ထားပြီး သွားကြရတာ။ စိတ်ပူတာကတော့ တချို့ကလည်း စစ်သွားတိုက်ရမှာ ကြောက်တာပေါ့။ မသွားချင်ဘဲနဲ့လည်း မလွန်ဆန်နိုင်တော့ သွားနေရတာမျိုးပေါ့။ ပြည်သူတွေက အားကိုးစရာ မရှိတော့ ညည်းတွားရင်းနဲ့ပဲ သွားလုပ်ပေးနေရတာ” ဟု ပြောပါသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်း၌ SSPP တပ်ဖွဲ့မှ စစ်ဝတ်စုံအပြည့်ဖြင့် သေနတ်ကိုင်ဆောင်ပြီး ပန်ဆိုင်းမြို့မဈေးသို့ ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် ကိုးကန့်တပ်ဖွဲ့ MNDAA က ပန်ဆိုင်းဒေသခံများအား အစည်းအဝေးခေါ်ယူ၍ SSPP နှင့် KIA တပ်သားများကို မြို့တွင်းသို့ ဝင်ခွင့်မပေးရန် ညွှန်ကြားလာခြင်းဖြစ်နိုင်ကြောင်း ပန်ဆိုင်းဒေသခံများက ပြောသည်။

မူဆယ်မြို့နယ်အတွင်းရှိ ပန်ဆိုင်း (ကြူကုတ်) မြို့ကို “၁၀၂၇ စစ်ဆင်ရေး” အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA က နိုဝင်ဘာ ၂ ရက်နေ့တွင် သိမ်းပိုက်ထိန်းချုပ်နိုင်ပြီး ၎င်းနယ်မြေတွင် ကချင်လွတ်မြောက်ရေးတပ် KIA နှင့် သျှမ်းတပ် SSPP/SSA တို့လည်း သွားလာလှုပ်ရှားနေကြောင်း ဒေသခံတိုမှ သိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here