TNLA ခေါင်းဆောင်များ နမ့်ခမ်းမြို့အုပ်ချုပ်ရေးကော်မတီနှင့် မြို့မိမြို့ဖများအား တွေ့ဆုံခဲ့

0
143
Photo – TNLA

သျှမ်းပြည်၊ နမ့်ခမ်းမြို့နယ်တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ခေါင်းဆောင်များက နမ့်ခမ်းမြို့ အုပ်ချုပ်ရေးကော်မတီဝင်များနှင့် မြို့မိမြို့ဖများအား သွားရောက်တွေ့ဆုံ ခဲ့ကြောင်း စုံစမ်းသိရသည်။

TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ်တားဘုန်းကျော်နှင့်အဖွဲ့သည် ဖေဖော်ဝါရီ ၉ ရက်နေ့ နံနက်ပိုင်း၌ နမ့်ခမ်းမြို့ ရပ်ကွက် (၃) တွင် နမ့်ခမ်းမြို့ အုပ်ချုပ်ရေးကော်မတီဝင်နှင့် မြို့မိမြို့ဖများအား သွားရောက်တွေ့ဆုံခဲ့ပြီး ကျန်းမာရေး၊ ပညာရေးနှင့် မြို့အုပ်ချုပ်ရေး ယန္တရားများ ပြန်လည်ပတ်နိုင်ရေးတို့ကို ရှင်းလင်းပြောကြားခဲ့ရာ ဒေသခံ ၂၀၀ ကျော် တက်ရောက်ကြောင်း TNLA တပ်ဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

နမ့်ခမ်းမြို့ ဒေသခံအမျိုးသားတစ်ဦးက “သူတို့ မူဝါဒတွေ ရှင်းပြတာပေါ့။ မြို့ထဲမှာ TNLA စောင့်တယ်လေ၊ သူတို့ ရုံးထိုင်နေကြပြီ။ အိမ်ထောင်စုစာရင်းကို ရပ်ကွက်ရုံးမှာ သေသူဖျက်၊ မွေးသူ ပိုသူ ထည့်ပေးတာတော့ ရှိတယ်။ မူရင်းတော့ပြရုံပဲ၊ အိမ်ထောင်စုမှာတော့ နာမည်မဖျက်ဘူး၊ သူတို့စာရင်းစာအုပ်မှာ မှတ်ထားတာ” ဟု ပြောသည်။

ထို့အပြင် နမ့်ခမ်းမြို့ရှိ ဆွေမျိုးအိမ်သို့ ရပ်ဝေးမှ လာရောက်တည်းခိုသူများလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ဧည့်စာရင်းတိုင်ကြားရန် လော်စပီကာဖြင့် ရပ်ကွက်အတွင်း လှည့်လည်ဆော်ဩမှုများလည်းရှိကြောင်း နမ့်ခမ်းဒေသခံများထံမှ သိရသည်။

“နမ့်ခမ်းမှာ အိမ်ခြေရာမဲ့တွေ၊ ဘိန်းစားတွေကိုဖမ်းပြီး စည်ပင်သန့်ရှင်းရေးမှာ အလုပ်ခန့်တယ်။ စည်ပင်ကားတွေ အမှိုက်လာသိမ်းပြီဆို TNLA တွေလည်း သေနတ်နဲ့ လိုက်လာကြည့်တယ်။ ဟိုတလောကလည်း ကြက်ဝိုင်းကို ဝင်ဖမ်းပြီးတော့ ဆေးရုံတို့ လမ်းမကြီးတို့မှာ သန့်ရှင်းရေးလုပ်ခိုင်းတာ” ဟု နမ့်ခမ်းမြို့ခံအမျိုးသားက ပြောသည်။

နမ့်ခမ်းမြို့နယ်တွင် တိုက်ပွဲပြင်းထန်ချိန် ဘေးလွတ်ကင်းရာသို့ ထွက်ပြေးတိမ်းရှောင်သူများထဲတွင် တချို့မှာ နေရပ်ပြန်လာ ကြသော်လည်း ရပ်ဝေးသို့ တိမ်းရှောင်သွားသူများမှာ နေရပ်မပြန်နိုင်သေးကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။

ညီနောင်မဟာမိတ်တပ်များဘက်က ၎င်းတို့သိမ်းပိုက်ထိန်းချုပ်ထားသည့် ဒေသများအတွင်း နယ်စပ်တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပျက်စီးသွားသည့် လမ်းတံတားများ ပြန်လည်ပြုပြင် တည်ဆောက်ရေးတို့ကို ဆောင်ရွက်နေကြောင်း ဖေဖော်ဝါရီလ ၈ ရက်တွင် ထုတ်ပြန်ထားသည်။

အလားတူ ဖေဖော်ဝါရီလ ၉ ရက်နေ့ကလည်း ကိုးကန့်ဒေသတစ်ခုလုံး စစ်အာဏာရှင်စနစ်အောက် အလုံးစုံ လွတ်မြောက်ရေး အောင်ပွဲအခမ်းအနားနှင့် တရုတ်နှစ်သစ်ကူးပွဲတော်သို့ ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ဦးစီးချုပ် ဖုန်တာရွင်နှင့်အတူ တအာင်း (ပလောင်) တပ်ဖွဲ့ TNLA ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းနှင့် ရက္ခိုင့်တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here