ချင်းပြည်နယ်၊ မတူပီမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေတာကြောင့် ခြင်းပြန်း (က)(ခ) အပါအဝင် ရွာ ၅ ရွာမှ ဒေသခံအရပ်သားပြည်သူ ၁၂၀၀ ဝန်းကျင်မှာ စစ်ဘေးရှောင်ပြေးနေရပြီး ဆေးဝါးနှင့်စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။
မတူပီမှ ခြင်းပြန်း(က)၊ ခြင်းပြန်း(ခ)၊ ဟာတူး၊ ရမ်တိန်းနှင့် မွင်တုန်း ကျေးရွာတို့မှ ဒေသခံပြည်သူ ၁၂၀၀ ခန့်သည် နီးစပ်ရာတောတောင်တွေထဲ စစ်ဘေးရှောင်နေရပြီး စစ်ရှောင်အများစုမှာ အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် စစ်ဘေးရှောင်ပြေးခဲ့ရသည်ဟု မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“အဓိက က အရင်ကလည်း ဒီစစ်ရေးတင်းမာမူရှိတော့ ပုံမှန်ပဲသွားလာနေကြတော့ ပြင်ဆင်မှုအပိုင်းက မရှိဘူး၊ ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်ကြောင်းထိုးလာတော့ အဝတ်တစ်ခုကိုယ်တစ်ခုနဲ့ပဲ ပြေးလာရတာဆိုတေ့ာ လောလောဆယ် စားနပ်ရိက္ခာပိုင်းနဲ့ ဆေးဝါးက အရေးပေါ် လိုအပ်နေပါတယ်” ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။
စစ်ဘေးရှောင်များထဲတွင် သက်ကြီးရွယ်အိုနှင့် ကလေးသူငယ် အများအပြားလည်းပါဝင်နေပြီး အရေအတွက် အတိအကျကို စာရင်းမကောက်ယူနိုင်သေးကြောင်းနှင့် ၎င်းတို့အတွက်လည်း အကူအညီများ အထောက်အပံ့များ လိုအပ်နေသည်ဟု ၎င်းက ဆက်ပြောသည်။
ခြင်းပြန်(က)နှင့် ဟာတူးရွာမှ စစ်ရှောင်များသည် တနေရာတည်းမှာစုစည်း၍ စစ်ဘေးရှောင်ကြပြီး၊ ရမ်းတိန်း ဒေသခံများမှာ တစ်နေရာ၌ စုစည်း၍စစ်ဘေးရှောင်နေကြကြောင်းနှင့် တခြားရွာများသည်လည်း လုံခြုံမည့် တောထဲတွင် ယာယီတဲ၊ တာလပတ်အမိုးအကာဖြင့် ယနေ့(ဖေဖော်ဝါရီလ ၉ ရက်) အထိ စစ်ဘေးရှောင်နေရသည်ဟု ဆိုသည်။
စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်ခဲ့သည့် ခြင်းပြန်း(ခ)ကျေးရွာတွင် အိမ်ခြေ ၇၀ နီးပါးရှိရာမှာ အရပ်သားနေအိမ် ၃၈ အိမ်ကို မီးရှို့ဖျက်စီးခဲ့ပြီး စပါးကျီး (၁) လုံး၊ စာကြည်တိုက် (၁) ခုတို့ကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့ပြီး တခြားရွာများကို မီးရှို့ဖျက်ဆီးခဲ့မှု မရှိကြောင်း မတူပီ (ပအဖ)မှ တာဝန်ရှိသူက ပြောသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့က မတူပီ- ပလက်ဝ လမ်းပေါ်တွင် ယာယီတပ်စွဲထားသော ခလရ (၃၀၄) တပ်ရင်းမှ အင်အား ၂၀၀ ခန့်သည် မတူပီ – မင်းတပ် လမ်းကြောင်းအတိုင်း ခြင်းပြန်းရွာများအထိ စစ်ကြောင်းထိုးလာခဲ့သည်ဟု CDF – မတူပီမှ ပြောရေးဆိုခွင့်ရှိသူ ကိုနိုင်ဂျွန်က ပြောဆိုသည်။
ခြင်းပြန်း (ခ) ရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းကို CDF – မတူပီက ပဒေသာမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးတစ်ဦးမှာ ခြေနှစ်ဖက်ပြတ်သွားပြီး၊ တစ်ဦးမှာ ခြေတစ်ဖတ်ပြတ်၍ နောက်တစ်ဦးမှာ မျက်စီထိခိုက်ဒဏ်ရာများ ရရှိခဲ့ကာ စုစုပေါင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် (၆) ဦးဒဏ်ရာ အပြင်းအထန်ရရှိခဲ့သည်ဟု သိရသည်။
မိုင်းဆွဲတိုက်ခိုက်ခံရ၍ အထိနာခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ခြင်းပြန်း (ခ) ရွာကို မီးတင်ရှို့ခဲ့ခြင်းဖြစ်သည်ဟု CDF – မတူပီထံမှ သိရသည်။
“သူတို့ကိုယ်တိုင်ပြောပြချက်အရ (စကစသတင်းရင်းမြစ်) ချင်းပြန်အထိ သွားခိုင်းတယ်တဲ့။ သုံးသပ်တာက စကစက မတူပီမှာ အင်အားတော်တော်လေးများသွားလို့ သူတို့မှာ စားစရာမရှိလို့၊ ရိက္ခာကလည်း ပြတ်နေပြီးဆိုတော့ လိုအပ်မှု့ရှိလို့ ရွာတွေကိုဆင်းပြီး ခိုးတာပဲဖြစ်မှာပါ။ ရှိတဲ့ဆန်တွေကိုလည်း အကုန်မပြီး ပြန်ဆင်းသွားတယ်” ဟု CDF – မတူပီမှ ပြောရေးဆိုခွင့်ရှိသူ ကိုနိုင်ဂျွန်က ပြောသည်။
မင်းတပ်မြို့နယ်တွင် ဗျူးဟာမှူးအခြေစိုက်သော စစ်ကောင်စီစခန်း (၁) ခု၊ ခြေလျင်တပ်ရင်း ခလရ (၃၀၄) တပ်ရင်းနှင့် ခြေမြန်တပ်ရင်း ခမရ (၁၀၄) တပ်ရင်းတို့ အခြေစိုက်ထားပြီး လက်ရှိတွင် မတူပီအခြေစိုက် တပ်ရင်းများကို စစ်ကောင်စီက စစ်အင်အားတိုးမြှင့်ပြင်ဆင်ထားရာ အင်အား ၅၀၀ မှ ၁၀၀၀ ဝန်းကျင်အထိ ရှိနေကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီစစ်ကြောင်းသည် ကျေးရွာများမှ ဆန်နှင့် ကြက်၊ ဝက် စသည့် အိမ်မွေးတိရစ္ဆာန်များကို သတ်ဖြတ်ယူဆောင်ပြီး စစ်ကောင်စီစခန်းများထဲ ပြန်ဆုတ်သွားပြီးဖြစ်ကြောင်း CDF – မတူပီမှ တာဝန်ရှိသူက ပြောသည်။
သို့သော် နယ်မြေလုံခြုံရေး အခြေအနေရ ဒေသခံပြည်သူအားလုံးကို စစ်ဘေးရှောင်ခိုင်းထားရဆဲဖြစ်ပြီး စစ်ရှောင် ပြည်သူများမှာ အိမ်ပြန်စရာလည်း မရှိဖြစ်နေကြောင်း သိရသည်။
မတူပီ စစ်ကောင်စီစခန်းများတွင် စစ်အင်အားများ တိုးမြှင့်ထားပြီး စစ်ကောင်စီ၏ ရိက္ခာလုံလောက်မှု မရှိသော အခြေအနေကြောင့် ၎င်းတို့တပ်နှင့်နီးစပ်ရာ တခြားကျေးရွာများကိုလည်း ခြင်းပြန်းရွာဘက်က ရွာတွေကဲ့သို့ ဆန်နှင့် အိမ်မွေးတိရစ္ဆာန်များကို ယူဆောင်လာနိုင်၍ ပြည်သူများ သတိထားနေထိုင်ရန်လိုအပ်ကြောင်း CDF – မတူပီက အသိပေး ပြောဆိုထားသည်။
KMG ပေးပို့သည်။