ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့တွင် ဖြစ်ပွားနေသည့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲကြောင့် တောင်ငူမြို့သို့ စစ်ဘေးတိမ်းရှောင်ပြေးလာသူ ၄,၀၀၀ ခန့် ရှိလာပြီဖြစ်ကြောင်း တောင်ငူမြို့သတင်းအရင်းအမြစ်များထံမှ သိရသည်။
ဇရပ်ကြီးမြို့ရှိ စစ်ကောင်စီ၏ တပ်ရင်းနှင့်တပ်စခန်း၊ ရဲစခန်းများအား ဖေဖော်ဝါရီလ ၇ ရက်နေ့ မနက်ပိုင်းကစပြီး KNLA ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး၊ လေကြောင်း နှင့်ပါ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဇရပ်ကြီးမြို့ရှိ နေအိမ်အဆောက်အဦးများ ပျက်စီးပြီး ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။
ဖေဖော်ဝါရီ ၈ ရက်နေ့ မွန်းလွဲပိုင်းအချိန်ထိ ဇရပ်ကြီးမြို့အတွင်း ပစ်ခတ်မှုများ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်သဖြင့် ဒေသခံတချို့မှာ ပရဟိတအဖွဲ့များ၏အကူအညီဖြင့် တောင်ငူမြို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရာ လက်ရှိတွင် တောင်ငူမြို့၌ စစ်ရှောင်ပြေးလာသူ ဦးရေ ၄,၀၀၀ ခန့် ရှိလာပြီဖြစ်ကြောင်း စစ်ရှောင်များကူညီနေသူ အမျိုးသမီးတစ်ဦးက ပြောပါသည်။
“မနေ့ညပိုင်းအထိကို တောင်ငူကို စစ်ရှောင်လာတဲ့သူ ၄ ထောင်ရှိတယ်။ စာရင်းအတိအကျတော့ မရသေးဘူး။ ဒီမနက် တောင်ငူပရဟိတဘက်ကလည်း ထပ်လာကြိုတယ်။ မြို့ထဲရောက်လာပြီဆိုရင်တော့ သိပ်မပူရတော့ဘူး။ ဇရပ်ကြီးမှာတော့ ဒီမနက်အထိ လက်နက်ကြီးပစ်နေကြတုန်းပဲ” ဟု အဆိုပါအမျိုးသမီးက ပြောသည်။
ထွက်ပြေးတိမ်းရှောင်လာသူများအား တောင်ငူမြို့ရှိ ပရဟိတအဖွဲ့များမှ ကယ်ထုတ်ပေးနေခြင်းဖြစ်ပြီး စစ်ဘေးရှောင်များအတွက် တောင်ငူမြို့ရှိ ဘုန်းကြီးကျောင်းများနှင့် ယာယီနေထိုင်၍ရသော နေရာများသို့ ပို့ဆောင်ပေးနေကြောင်း ထိုပရဟိတအဖွဲ့များထံမှ သိရသည်။
ဇရပ်ကြီးမြို့အတွင်း နှစ်ဖက်တပ်ကြား ပစ်ခတ်မှုများကြောင့် ကလေးငယ်များအပါအဝင် ဒေသခံ ၁၀ ဦး သေဆုံးပြီး ဒေသခံအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရှိရသော်လည်း အသေးစိတ်အခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါသည်။
KNLA ပူးပေါင်းတပ်က စစ်ကောင်စီ၏ ခလရ (၇၃) တပ်ရင်းကို အဓိကထား၍ ချောင်းခြားစခန်း၊ မြို့စိုးစခန်း၊ ရှားစေးလိုစခန်းနှင့် ဇရပ်ကြီးရဲစခန်းတို့အား တိုက်ခိုက်ခဲ့ရာတွင် ခလရ (၇၃) ကို ရာခိုင်နှုန်း (၈၀) ခန့် ထိန်းသိမ်းထားနိုင်ကြောင်း ပူးပေါင်းတပ်တွင်ပါဝင်သည့် ဗမာ့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA) က မီဒီယာသို့ ဖြေကြားထားသည်ကို တွေ့ရသည်။
ထို့အပြင် တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဘက်မှ တပ်ဖွဲ့ဝင် ၅ ဦး သေဆုံး၍ ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိထားသည်ဟုလည်း တော်လှန်ရေးအင်အားစုဘက်က ဖေဖော်ဝါရီ ၈ ရက်နေ့ မနက်ပိုင်းက ပြောဆိုခဲ့သည်။
KIC ပေးပို့သည်။