သံဖြူဇရပ်မြို့၊ ကရုပ္ပိရွာခံအမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိ

0
312

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကရုပ္ပိကျေးရွာခံအမျိုးသမီးတစ်ဦး ဖေဖော်ဝါရီ ၇ ရက်နေ့ ညနေ ၃ နာရီခန့်၌ ရွာအနီးရှိ ရော်ဘာခြံတွင် ထင်းသွားကောက်စဉ် မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တွင် ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကရုပ္ပိကျေးရွာခံတစ်ဦးက “ဒေါ်မလေးရဲ့ ဘယ်ဘက်ခြေထောက် ညို့သကျည်းအောက်ပိုင်းက ပြတ်ထွက်သွားတယ်။ ညဘက်ခြေထောက်မှာလည်း စုတ်ပြတ်သွားတယ်” ဟု ပြောသည်။

သံဖြုဇရပ်မြို့နယ်၊ အနင်းနှင့် ထင်းရှူးကျေးရွာတို့တွင်လည်း ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်နေ့က စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဒေသတွင်း၌ တိုက်ပွဲအပြင် မြေမြှုပ်မိုင်းအန္တရာယ်ကိုပါ ဒေသခံများ ရင်ဆိုင်ကြုံတွေ့လာကြရခြင်း ဖြစ်သည်။

“တိုက်ပွဲတွေဖြစ်တုန်းကလည်း စိုးရိမ်ပြီး ထွက်ပြေးကြရတယ်။ တိုက်ပွဲတွေ ပြီးသွားတော့လည်း မြေမြှုပ်မိုင်းတို့၊ စစ်လက်ကျန်ပစ္စည်းတို့ ပေါက်ကွဲမှာကိုလည်း စိုးရိမ်နေကြရသေးတယ်” ဟု သံဖြူဇရပ်ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင်လည်း ဒေသခံပြည်သူများသည် တိုက်ပွဲနှင့် မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် နေ့စဉ်လူမှုဘဝကို စိုးရိမ်ပူပန်စွာ ဖြတ်သန်းနေကြရသည်ဟုလည်း ဒေသခံများက ပြောဆိုသည်။

မွန်ပြည်နယ်အတွင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တို့အကြား ပစ်ခတ်တိုက်ခိုက်မှု ဆက်တိုက်ဖြစ်ပွားနေသည့် သထုံ၊ ကျိုက်ထို၊ ဘီးလင်း၊ ရေး မြို့နယ်တို့၌ အရပ်သားများ မြေမြှုပ်မိုင်းနင်းမိသည့် ဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားလျက် ရှိသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တစ်နှစ်အတွင်း မွန်ပြည်နယ်အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှု ၁၆ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အရပ်သားပြည်သူ ၇ သေဆုံးကာ၊ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here