မွန်ပြည်သစ်ပါတီထံ ရာမညတပ်ခေါင်းဆောင်အပါအဝင် ၁၀ ဦး လက်နက်များနှင့်အတူ လာရောက်ပူပေါင်း

0
329

ရာမညတပ်ဖွဲ့ခေါင်းဆောင် နိုင်ဗညားအပါအဝင် ၁၀ ဦးသည် လက်နက်ခဲယမ်းများနှင့်တကွ မွန်ပြည်သစ်ပါတီ၊ ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်းထံ လာရောက်ပူးပေါင်းခဲ့သည်ဟု မွန်ပြည်သစ်ပါတီသတင်းများကို ရေးသားဖော်ပြနေသည့် မွန်ပြည်သစ်သတင်းစဉ်၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းက ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ဘက်တွင် ရာမညတပ်ဖွဲ့နှင့် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် ရာမညတပ်ဘက်က တပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့ပြီး သေနတ်နှစ်လက်ပါ ဆုံးရှုံးခဲ့ရပြီးနောက် မွန်ပြည်သစ်ပါတီနှင့် လာရောက်ပူးပေါင်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ထိုတိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး ရေဖြူဒေသခံတစ်ဦးက “ဘယ်အဖွဲ့နဲ့ တိုက်ပွဲဖြစ်သွားလဲဆိုတာတော့ မကြားထားဘူး။ ရာမညတပ်ဘက်က နှစ်ယောက်ကျသွားတာတော့ ကြားတယ်။ တစ်ယောက်က ပေါင်မှာဒဏ်ရာ ရသွားတယ်။ အဲလောက်ပဲ ကြားထားတယ်၊ ကျန်တာ မကြားမိဘူး။ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ ကျနော်တို့နဲ့က နည်းနည်းဝေးတယ်လေ” ဟု ပြောသည်။

လက်ရှိတွင် ရာမညတပ်ခေါင်းဆောင် နိုင်ဗညားအပါအဝင် တပ်ဖွဲ့ဝင်များကို မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ တွင် ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်းနှင့် ၎င်းတို့နှင့်အတူ သေနတ် အတိုအရှည် ၇ လက်၊ ကျည်ဆံ ကျည်ဘောက်များ ပါဝင်ယူဆောင်လာသည်ဟု မွန်ပြည်သစ်သတင်းစဉ်က ရေးသားဖော်ပြထားသည်။

မွန်ပြည်သစ်ပါတီနှင့် နီးစပ်သူတစ်ဦးက “အဲနေ့ (ဖေဖော်ဝါရီ ၅ ရက်နေ့) မနက် ၃ နာရီလောက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်။ ကေအဲန်ယူနဲ့ပဲ တိုက်ပွဲဖြစ်သွားတာ။ ဘုရားသုံးဆူရွာအနောက်ဘက် ထားဝယ်ရွာတရွာမှာ ဖြစ်သွားတယ်။ နိုင်ချမ်းအဖွဲ့ (ရာမညတပ်ဖွဲ့) ဘက်က နှစ်ယောက်ကျဆုံးသွားတယ်။ တစ်ယောက်ကတော့ ဒဏ်ရာရသွားတယ်။ တိုက်ပွဲဖြစ်ပြီး ဟိုပြေးဒီပြေးနဲ့ မွန်ပြည်သစ်ပါတီဆီကို လက်နက်လာချလိုက်တယ်။ ပြောရရင် ဒုက္ခရောက်သွားလို့ လက်နက်လာချလိုက်တာပါ။ ကေအဲန်ယူဘက်မှာ ထိခိုက်သေဆုံးတာ ရှိ၊ မရှိ ကိုတော့ မသိသေးပါဘူး” ဟု ပြောသည်။

ယင်းအခြေအနေနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များ သိရှိနိုင်ရန်အတွက် မွန်ပြည်သစ်ပါတီ၊ ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်းတာဝန်ရှိတို့ထံ တယ်လီဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

ရာမညတပ်ဖွဲ့ကို စစ်အာဏာသိမ်းပြီးနောက် အာဏာရှင်စနစ်နှင့် စစ်အာဏာရှင်ကို တိုက်ဖျက်ရန်အတွက် နိုင်ချမ်းဦးဆောင်မှုဖြင့် ၂၀၂၁ ခုနှစ်က စတင်တည်ထောင်ခဲ့ကြောင်း သိရသည်။

ရာမညတပ်ဖွဲ့ ခေါင်းဆောင်နိုင်ချမ်းသည် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့က အမည်မသိ လက်နက်ကိုင်တို့၏ လုပ်ကြံမှုဖြင့် သေဆုံးသွားခဲ့သည်ဟု ဆိုသည်။

နိုင်ချမ်း လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် ရာမညတပ်ဖွဲ့ကို နိုင်ဗညားက ဆက်လက်ဦးဆောင်ခဲ့ပြီး ရေဖြူမြို့နယ်နှင့် ရေးမြို့နယ်တဝိုက်တွင် ဆက်လက်လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။

ရာမညတပ်ဖွဲ့ အခြေချလှုပ်ရှားသွားလာနေသည် နယ်မြေသည် မွန်ပြည်သစ်ပါတီအပြင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA၊ ပြည်သူ့ကာကွယ်ရေးတပ် PDF နှင့် အခြားလက်နက်ကိုင်အဖွဲ့အစည်းတို့လည်း လှုပ်ရှားသွားလာနေသည်ဟု သိရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here