ချင်းပြည်၏ မဏ္ဍိုင် ၃ ရပ်ကို ဦးဆောင်မည့် လူပုဂ္ဂိုလ်များရွေးချယ်မှု၊ ချင်းလဲန်းကောင်စီ၏ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး ချင်းလဲန်းကောင်စီအတွင်းရေးမှူး ဆလိုင်းပေါလ်နှင့် ဆက်သွယ်မေးမြန်းချက်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်ပြီး ချင်းပြည်တွင် ချင်းပြည်အစိုးရအဖွဲ့၊ ချင်းလဲန်းတရား လွှတ်တော်ချုပ်နဲ့ ချင်းလဲန်းလွှတ်တော်တို့ကို ချင်းလဲန်းဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ချင်းလဲန်းကောင်စီက ဖွဲ့စည်းထူထောင်လိုက်ပြီ ဖြစ်သည်။
ချင်းပြည်၏ မဏ္ဍိုင် ၃ ရပ်ကို ဦးဆောင်မည့် လူပုဂ္ဂိုလ်များ ရွေးချယ်မှု၊ ချင်းလဲန်းကောင်စီ၏ ရှေ့ဆက်လုပ်ဆောင် သွားမည့် လုပ်ငန်းစဉ်များ၊ ချင်းပြည်အစိုးရ ဖွဲ့စည်းပြီးနောက် မြင်တွေ့ရမည့် အခင်းအကျင်းများအကြောင်း အပါအဝင် ချင်းလဲန်းအစိုးရအဖွဲ့က ချင်းပြည်တစ်ခုလုံးကို ဘယ်လောက်လွှမ်းခြုံမှုရှိလဲ၊ ချင်းလဲန်းကောင်စီတွင် ထပ်မံပါဝင်မည့် ချင်းအင်အားစုများအခြေအနေ၊ ICNCC က ချင်းပြည်အစိုးရဖွဲ့စည်းမှု ကန့်ကွက်ချက်အပေါ် ချင်းလဲန်းကောင်စီရဲ့ သဘောထား ဘယ်လိုရှိလဲဆိုတာတွေနှင့် ပတ်သက်ပြီး ချင်းလဲန်းကောင်စီ အတွင်းရေးမှူး ဆလိုင်းပေါလ်ကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ ချင်းပြည်ကောင်စီ ညီလာခံကျင်းပတာ၊ ချင်းလဲန်းအစိုးရ ဖွဲ့စည်းမှုတွေကို ချင်းလုံမြို့မှာ ကျင်းပ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ချင်းလုံမြို့ ဆိုတာကို အရင်ရှင်းပြပေးပါ။
ဖြေ။ ။ ချင်းပြည်ကောင်စီညီလာခံ ပထမသက်တမ်းရဲ့ ဒုတိယအကြိမ်အစည်းအဝေးကို ၂၀၂၄ ဇန်နဝါရီလ ၃၀ နဲ့ ၃၁ မှာ ပြုလုပ်ခဲ့တယ်။ ပြုလုပ်တဲ့နေရာက ချင်းလုံးမြို့လို့ သုံးတာက ချင်းပြည်၊ ချင်းလဲန်းကောင်စီရဲ့ ရုံးစိုက်တဲ့နေရာကို ချင်းလုံးမြို့လို့ အမည်သတ်မှတ်တာပါ။ ကောင်စီကနေ ချင်းလဲန်းအစိုးရဖွဲ့တယ်။ ချင်းလဲန်းလွှတ်တော်ဖွဲ့တယ်၊ ချင်းလဲန်း တရားလွှတ်တော်ချုပ်တွေကို ရုံးစိုက်ရမှာဖြစ်တယ်။ ရုံးစိုက်တဲ့နေရာတွေကို ချင်းလုံမြို့ဆိုပြီးတော့ နာမည် ပေးတာဖြစ်တယ်။ တကယ်တမ်းက ချင်းလုံမြို့အရင်ရှိပြီးမှ အဲဒီမြို့မှာ သွားလုပ်တာမဟုတ်ပါဘူး။ ကျနော်တို့ ရုံးစိုက်မယ့်နေရာကို ချင်းလုံမြို့ဆိုပြီးမှ သုံးနှုန်းထားတာ ဖြစ်ပါတယ်။
မေး။ ။ ချင်းပြည်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်တွေ၊ ချင်းပြည် တရားလွှတ်တော်ချုပ်နဲ့ တရားသူကြီး တွေကို ချင်းပြည်ဖွဲ့စည်းပုံအရ ရွေးချယ်တင်မြောက်ရေးကော်မတီကနေ အဆိုပြုတဲ့ အမည်စာရင်းတွေကို အတည်ပြုပြီး ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒါက ဘယ်လို ရွေးချယ်မှုတွေနဲ့ ဖွဲ့စည်းခဲ့တာလဲခင်ဗျာ။
ဖြေ။ ။ ချင်းပြည်ချင်းလဲန်းကောင်စီရဲ့ ပထမအကြိမ်အစည်းအဝေး ထုတ်ပြန်ကြေညာချက်အတိုင်း ချင်းပြည်၊ ချင်းလဲန်းကောင်စီက ရက်ပေါင်း ၆၀ အတွင်း အစိုးရအဖွဲ့၊ လွှတ်တော်၊ တရားလွှတ်တော်ချုပ်တို့ကို ဖွဲ့စည်းသွားဖို့ ဒုတိယအကြိမ် ချင်းပြည်၊ ချင်းလဲန်းကောင်စီ အစည်းအဝေးကနေမှ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးချယ်တင်မြှောက် ရေး ကော်မတီကနေမှ အဆိုပြုတင်သွင်းလာတဲ့ အစိုးရအဖွဲ့မှာ တာဝန်ထမ်းဆောင်မယ့် အစိုးရအဖွဲ့က ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ၊ လွှတ်တော်၊ ပြီးတော့ တရားလွှတ်တော်ချုပ်တို့ကို ခန့်အပ်တာဝန်ပေးမယ့် နေရာတွေမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့အတိုင်းပဲ အစုအဖွဲ့သုံးခုကို အခြေခံတာဖြစ်တယ်။ အစုအဖွဲ့သုံးခုက အချင်းချင်း ညှိနှိုင်းပေါင်းစပ်ပြီးမှ အစိုးရဖွဲ့တာဖြစ်တယ်။ အဓိက ညှိနှိုင်းတဲ့နေရာမှာ ရွေးချယ်တင်မြောက်ရေး ကော်မတီကို ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေးအပ်ထားတယ်။ အဲဒီကော်မတီကနေ ညှိညှိနှိုင်းနှိုင်းနဲ့ အခုဖွဲ့စည်းလိုက်တဲ့ မဏ္ဍိုင်ကြီး ၃ ရပ်ကို ကောင်စီအစည်းအဝေးမှာ အဆိုပြုတင်သွင်းရပါတယ်။ ကောင်စီကနေ အတည်ပြုရတာ ဖြစ်ပါတယ်။
ရွေးချယ်တင်မြောက်ရေးကော်မတီက အစု အဖွဲ့ ၃ ခုကို သင့်တင့်မျှတအောင် အဆိုပြုပြီးတောမှ တင်သွင်းရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ချင်းပြည်လွှတ်တော်ဆိုရင် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရတဲ့အမတ်တွေကိုပဲ တစ်စုံလုံး ပေးအပ်ထားတာ ဖြစ်ပါတယ်။ သူတို့ရဲ့ ဥပဒေပြုရေးအာဏာကို အစုအဖွဲ့ ၃ ခုစလုံးက သင့်တင့်မျှတအောင်ဆိုပြီး စုဖွဲ့တာမျိုး မလုပ်ဘဲနဲ့ ပြည်သူတွေက တရားဝင်ရွေးကောက်ပွဲကနေ ရွေးချယ်ထားတဲ့ အမတ်တွေဖြစ်တယ်။ ဒါကြောင့် တော်လှန်ရေးကာလမှာ လိုအပ်တဲ့ဥပဒေပြုရေးကို အမတ်တွေပဲ လုပ်ပါစေဆိုပြီး ထားပေးထားတယ်။ အစိုးရ အဖွဲ့မှာတော့ မြို့နယ်၊ ဒေသအစုအဖွဲ့ရော ၊ CNF အစုအဖွဲ့ရော၊ လွှတ်တော်အစုအဖွဲ့ရော ပေါင်းပြီးတော့ သင့်တင့်မျှတအောင် လုပ်ကြမယ်ဆိုပြီး ဖွဲ့တာဖြစ်တယ်။ တရားရေးကတော့ ကျွမ်းကျင်တဲ့အပိုင်းဖြစ်လို့ တရားလွှတ်တော်ချုပ်မှာ တာဝန်ထမ်းဆောင်မယ့် တရားသူကြီးချုပ်နဲ့ တရားသူကြီးတွေကိုတော့ ပညာရှင်လိုင်းပုံစံ ခေါ်ပြီး ခန့်အပ်တာဝန်ပေးတာမျိုး ဖြစ်ပါတယ်။
မေး။ ။ ချင်းပြည်အစိုးရအဖွဲ့က ဝန်ကြီးချုပ်ကို ဘယ်လို ရွေးချယ်ခန့်အပ်ထားပါလဲ။
ဖြေ။ ။ အမိန့်အမှတ် ၁/ ၂၀၂၄ နဲ့ ချင်းပြည်ချင်းလဲန်းအစိုးရအဖွဲ့ကို ဖွဲ့စည်းထူထောင်တဲ့အချိန်မှာ ဝန်ကြီးချုပ် ကတော့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မတူပီမြို့နယ်ရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်မှာ အနိုင်ရထားတဲ့ လွှတ်တော်ကိုယ်စားလှယ် Pu Pa Thang ဖြစ်ပါတယ်။ သူက လွှတ်တော်အစုအဖွဲ့ကနေမှ ဝန်ကြီးချုပ်တာဝန်ကို ယူထားတာ ဖြစ်ပါတယ်။
မေး။ ။ တရားလွှတ်တော်ချုပ်က စောစောကပြောထားသလို ပြင်ပကပညာရှင်ကို ခန့်ထားတာလားခင်ဗျ။
ဖြေ။ ။ တရားလွှတ်တော်ချုပ်ကို ချင်းအမျိုးသားတပ်ဦးရဲ့ ဗဟိုတရားသူကြီးဖြစ်တဲ့ Pu Thomas Thang Nou ကို ခန့်အပ်ထားတာ ဖြစ်ပါတယ်။ အဲဒီဟာကလည်း ချင်းအမျိုးသားတပ်ဦးမှာ တာဝန်ထမ်းဆောင်လို့ ဆိုတဲ့ဟာမျိုး မဟုတ်ဘဲနဲ့၊ ချင်းအမျိုးသားတပ်ဦးကလည်း အဆိုပြုတာမျိုး မဟုတ်ဘဲနဲ့ ၊ ရွေးချယ်တင်မြှောက်ရေးကော်မတီမှာရှိတဲ့ ကိုယ်စားလှယ်အားလုံးက ရွေးချယ်ပြီး အဆိုပြုတာဖြစ်တယ်။ ဥပမာအားဖြင့်ပြောရရင် အစိုးရအဖွဲ့မှာ တချို့နေရာတွေ အတွက် CNF တင်သွင်းတာမျိုး ရှိတာမှန်ပေမယ့် ဒီတရားလွှတ်တော်ချုပ်ကိုတော့ ကျနော်တို့ ရွေးချယ်တင်မြှောက်ရေး ကော်မတီမှာ ပါဝင်တဲ့အားလုံးက အဆိုပြုထားတာဖြစ်တယ်။
မေး။ ။ လွှတ်တော်ကို ကိုယ်စားလှယ် ၁၅ ဦးနဲ့ ဖွဲ့စည်းထာတယ်လို့ သိရပါတယ်။ ချင်းပြည်နယ်က ဘယ်မြို့နယ်တွေက လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်ပါလဲ။
ဖြေ။ ။ လွှတ်တော်ကိုယ်စားလှယ်က အရင်တုန်းကဆိုရင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ကပဲ ပြည်နယ် လွှတ်တော်မှာ လုပ်တာဖြစ်တယ်။ သို့သော် ဒီတော်လှန်ရေးကာလမှာ တက်ကြွစွာပါဝင်ကြတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ဥပဒေပြုရေးမဏ္ဍိုင်မှာ ပေါင်းစည်းထားတယ်။ ဘယ်မြို့နယ်က ပါသလဲဆိုရင် မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝ၊ မတူပီ၊ ထန်တလန်၊ ဟားခါး ပါတယ်။ ကျန်တဲ့မြို့နယ်တွေက မပါနိုင်သေးဘူးပေါ့။ တီးတိန်၊ ဖလမ်း၊ တွန်းဇံက မပါဝင်နိုင်သေးဘူး။ ၉ မြို့နယ်မှာ ၆ မြို့နယ်က ပါဝင်တယ်လို့ ပြောနိုင်ပါတယ်။
မေး။ ။ လွှတ်တော်ဥက္ကဌကို ဘယ်လိုရွေးချယ်ခန့်အပ်ပါလဲ။
ဖြေ။ ။ လွှတ်တော်ဥက္ကဌကို လွှတ်တော်အစည်းအဝေးခေါ်ယူပြီးမှ လုပ်ထုံးလုပ်နည်းအရ လွှတ်တော် အစည်းအဝေးကနေ သဘာပတိခန့်အပ်ပြီးမှ ၁၅ ဦးက အစည်းအဝေးထိုင်တယ်။ ပြီးမှ ပြည်နယ်လွှတ်တော်မှာ အနိုင်ရရှိတဲ့ Pu Hung Naing၊ မင်းတပ်မြို့က ကိုယ်စားလှယ်ကို လွှတ်တော်ဥက္ကဌ ခန့်အပ်ထားတာဖြစ်ပါတယ်။
မေး။ ။ ချင်းပြည်အစိုးရကို ဖွဲ့စည်းလိုက်ပြီဆိုတော့ ချင်းလဲန်းကောင်စီကနေ ဘာတွေဆက်လုပ်သွားမှာပါလဲ။
ဖြေ။ ။ ချင်းလဲန်းကောင်စီအနေနဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်နေတာဖြစ်တယ်။ ဒီမဏ္ဍိုင်ကြီး ၃ ရပ်ကို ဖွဲ့စည်းလိုက်ပြီးတာနဲ့ တပြိုင်နက်တည်း သက်ဆိုင်ရာမဏ္ဍိုင်အသီးသီးကနေမှ သူတို့ရဲ့လုပ်ငန်း တာဝန်တွေကို စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားကြမှာဖြစ်တယ်။ အဲလိုအကောင်အထည်ဖော် ဆောင်ရွက်မယ်ဆိုတဲ့ နေရာမှာ အစိုးရအဖွဲ့မှာဆိုရင် ကျနော်တို့မှာ အစိုးရနှစ်လွှာ သွားမှာဖြစ်တယ်။ ချင်းပြည်အစိုးရ အဖွဲ့ရှိမယ်၊ ဒေသအစိုးအရအဖွဲ့ ရှိမယ်။ ဒေသအစိုးရအဖွဲ့ကတော့ သူရဲ့ မြို့နယ်၊ ဒေသတွေကို စီမံအုပ်ချုပ်ရမှာ ဖြစ်တယ်။ အဲဒီကနေမှ သူတို့က ချင်းပြည်အစိုးရကို ချိတ်ဆက်ရမှာ ဖြစ်ပါတယ်။ ချင်းပြည်အစိုးရမှာ တာဝန်ယူထားသူတွေနဲ့ ဒေသအစိုးရမှာ ချိတ်ဆက်ဆောင်ရွက်ရမှာ ဖြစ်တယ်။
ဥပဒေပြုရေးဆိုရင်လည်း ဒေသန္တရအဆင့်မှာ ဥပဒေပြုရမယ့် မူကြမ်းတွေကို ချင်းပြည်လွှတ်တော်ကို တင်ပြပြီးတော့မှ တော်လှန်ရေးကာလမှာ လိုအပ်တဲ့ ဥပဒေပြုရေးတွေကို ဆောင်ရွက်သွားမှာဖြစ်တယ်။ ပြောလိုတာက ချင်းပြည် လွှတ်တော်နဲ့ ဒေသန္တအဆင့်မှာ လက်ရှိကျင့်သုံးနေတဲ့ နည်းနာတွေနဲ့ အများကြီး ကွာဟမှုမရှိအောင် ထိန်းညှိပြီးတော့မှ စုပေါင်းပြီးတော့မှ ဆောင်ရွက်သွားမှာဖြစ်သလို တရားဥပဒေစိုးမိုးရေးမှာလည်း စစ်ဘက်၊ အရပ်ဘက်လို့ သတ်မှတ်ပြီး တရားစီရင်တဲ့ နေရာမှာတော့ သီးခြားစီ စီရင်နိုင်ဖို့ကိုလည်း ဆောင်ရွက်သွားမှာဖြစ်တယ်။ ပြည်သူလူထုအတွက် တရားဥပဒေ စိုးမိုးရေးကိုလည်း ဆောင်ရွက်သွားမှာဖြစ်တယ်။ မဏ္ဍိုင်ကြီး ၃ ရပ်အတွက် လမ်းညွှန်ပေးဖို့ လိုအပ်တဲ့ မူဝါဒတွေကိုတော့ ချင်းလဲန်းကောင်စီကနေ ချမှတ်သွားမှာဖြစ်တယ်။
မေး။ ။ ချင်းပြည်အစိုးရ ဖွဲ့စည်းလိုက်ပြီဆိုတော့ ချင်းပြည်သူတွေဟာ ချင်းလဲန်းတည်ဆောက်ရေးမှာ ဒီနှစ်ထဲ ဘယ်လိုအပြောင်းအလဲ တိုးတက်မှုတွေ မြင်တွေ့ရမလဲခင်ဗျာ။
ဖြေ။ ။ ချင်းပြည်အစိုးရအဖွဲ့ကို ဖွဲ့စည်းလိုက်တာနဲ့ ကျနော်တို့ဆောင်ရွက်ရမှာက တော်လှန်ရေးကာလမှာ နစ်နာဆုံးရှုံးခဲ့ရတဲ့ ချင်းပြည်လူထုအတွက် ဘယ်လိုမျိုးကုစားပေးနိုင်မလဲ၊ တော်လှန်ရေးကို အင်တိုက်အားတိုက် တိုက်နေတဲ့အချိန်မှာ ပြည်သူလူထုတွေ ထိခိုက်နစ်နာမှု နည်းနိုင်သမျှနည်းအောင် ကျနော်တို့ဆောင်ရွက်ဖို့အတွက် ဦးတည်တာ ဖြစ်ပါတယ်။ တော်လှန်ရေး ၃ နှစ်တာ ကာလမှာ ကျနော်တို့သွားတဲ့ပုံစံက ကျနော်တို့ မြို့နယ်၊ ဒေသ အဆင့်မှာပဲ အုပ်ချုပ်ရေးကို အကောင်အထည်ဖော်တာဖြစ်တယ်။
ပညာရေး၊ ကျန်းမာရေး စတဲ့ တခြားကဏ္ဍတွေ မှာလည်း ကိုယ့်ရဲ့မြို့နယ်မှာပဲ အကောင်အထည်ဖော်တဲ့ အဆင့်မျိုးကို အခုလို ချင်းပြည်အဆင့်မှာ စုစည်းပြီးတော့မှ ပိုပြီး အားကောင်းတဲ့ အစိုးရအဖွဲ့သဏ္ဍာန်ဆောင်နိုင်ဖို့ကို ကျနော်တို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ ပြည်သူလူထုအတွက် အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့က ကျနော်တို့ အဓိက ဦးစားပေးဆောင်ရွက်သွားမှာဖြစ်တယ်။ ပြည်သူတွေကလည်း ချင်းပြည်အစိုးရအဖွဲ့ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေမှာ လှိုက်လှိုက်လှဲလှဲကြိုဆိုပြီး ကိုယ်တိုင်လည်း ပူးပေါင်းပါဝင်ပေးဖို့ လိုပါတယ်။ ပြည်သူလူထုကလိုချင်တဲ့ ကိုယ်ဟာ့ကို အုပ်ချုပ်စီမံနိုင်တဲ့ စနစ်တခုကို တဖြည်းဖြည်းချင်းစီ ဖြတ်သန်းသွားနိုင်ဖို့တော့လိုပါမယ်။
မေး။ ။ ချင်းလဲန်းကောင်စီမှာ ထပ်တိုးလာတဲ့အဖွဲ့ဝင်တွေ ရှိပါသလား၊ ရှိရင် ဘယ်နှစ်ဖွဲ့လောက် တိုးလာပါလဲ။
ဖြေ။ ။ ချင်းပြည်ကောင်စီ ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်က ချင်းအမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ချင်းပြည်ထောင်ကို တည်ဆောက်ရေး၊ ပြီးမှ စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်မှန်သမျှ အမြစ်ပြတ်ချေးမှုန်းရေးကို ဦးထိပ်ထားတာဖြစ်လို့ ကျနော်တို့နဲ့ မဟာဗျူဟာရည်မှန်းချက်တူတဲ့ ဘယ်အဖွဲ့အစည်းမဆို၊ ဘယ်ပုဂ္ဂိုလ်မဆို ပေါင်းစည်းနိုင်ဖို့ကို ချင်းပြည် ချင်းလဲန်းမှာ စုစည်းနိုင်ဖို့ အလေးထားပြီး ဆောင်ရွက်သွားရမှာဖြစ်တယ်။ ဆောင်ရွက်ဖို့လည်း မူဝါဒတွေ ချမှတ် ထားတာ ရှိတယ်။ အဲဒီအထဲမှာမှ ချင်းလဲန်းမှာ အဖွဲ့ဝင်ဖြစ်ဖို့ဆိုရင် အဖွဲ့ဝင်အဖြစ် လျှောက်ထားတဲ့ နေရာမှာလည်း ၂ မျိုးနဲ့ လျှောက်ထားဖို့ ဆောင်ရွက်ထားတယ်။ ပထမက မြို့နယ်အဆင့်ကနေ လာလျှောက်မယ့် အဖွဲ့တွေလည်း ရှိလာနိုင်တယ်။ ဒုတိယကတော့ ဒေသတစ်ခုအနေနဲ့ လျှောက်ရတာမျိုးလည်း ရှိနိုင်တာဖြစ်လို့ စံနှုန်း သတ်မှတ်ချက် တွေကို ရေးဆွဲထားတာ ရှိပါတယ်။
ဒီသတ်မှတ်ချက်တွေနဲ့ ကိုက်ညီတယ်ဆိုရင် ချင်းပြည်ကောင်စီက လက်ခံသွားမှာဖြစ်တယ်။ ကျနော်တို့က ချင်းလဲန်းမှာ ပါဝင်ဖို့ကို လှိုက်လှဲစွာ ကြိုဆိုတယ်။ အဲလိုကြိုဆိုတာမှာလည်း ကျနော်တို့နဲ့ ရည်မှန်းချက်ပန်းတိုင်တူတဲ့ အဖွဲ့အစည်းတွေ ဖြစ်ရမယ်။ လူပုဂ္ဂိုလ်တွေ ဖြစ်ရမယ်။ ကျနော်တို့က ပြဌာန်းလိုက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ကို လိုက်နာပြီးမှ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဆက်လက်လုပ်ဆောင်သွားမယ့် အဖွဲ့အစည်းတွေကို ကြိုဆိုပါတယ်။ အခုလည်း ဒုတိယအကြိမ် ချင်းပြည်ကောင်စီအစည်းအဝေး မတိုင်မီအထိကို လျှောက်ထားတဲ့အဖွဲတွေ ရှိပါတယ်။ လျှောက်ထားမှုတွေကိုလည်း သေချာစိစစ်ပြီး ချင်းပြည်ချင်းလဲန်းအဖွဲ့ဝင်အဖြစ် လက်ခံရေးကိုလည်း တစိုက်မတ်မတ် ကြိုးပမ်းသွားဖို့ ရှိပါတယ်။
မေး။ ။ လက်ရှိ ဘယ်နှစ်ဖွဲ့လောက်ရှိပါလဲ။
ဖြေ။ ။ ၅ ဖွဲ့လောက် ရှိပါတယ်။
မေး။ ။ လက်ရှိ ချင်းလဲန်းကောင်စီမှာ မြို့နယ်နဲ့ဒေသအဆင့်ကနေ ဘယ်နှစ်ဖွဲ့ပါဝင်ပါလဲ၊ ဘယ်အဖွဲ့တွေပါလဲ။
ဖြေ။ ။ ချင်းလန်းကောင်စီမှာ အစုအဖွဲ့ ၃ ခုထဲက တစ်ခုဖြစ်တဲ့ မြို့နယ်နဲ့ ဒေသအစုအဖွဲ့ထဲမှာ မြို့နယ်အနေနဲ့ ပါတာလည်း ရှိတယ်။ ဒေသအနေနဲ့ ပါတာလည်း ရှိတယ်။ (၁) ကလေး၊ ကဘော်၊ ကန့်ကော (KKG)၊ (၂) CDF- CDM- စီယင်း ၊ (၃) CDF- ဟွာငိုရမ် (၄) CDF- ဟားခါး (၅) CDF- ထန်တလန်၊ (၆) CDF – ဇုံဖေ ၊ (၇) CDF – လောက်တူ၊ (၈)၊ CDF -ဇုံတုန်၊ (၉) CDF – မရာ၊ (၁၀) CDF – ဒိုင်း ၊ (၁၁) CDF – ပလက်ဝ ၊ (၁၂) CDF – တွန်းဇံ၊ (၁၃)CDF – ကန်ပက်လက်၊ (၁၄) CDF – မတူပီ တို့ပါဝင်ပါတယ်။
မေး။ ။ လက်ရှိ အစိုးရဖွဲ့စည်းမှုက ချင်းပြည်တစ်ခုလုံးကို ဘယ်လိုလွှမ်းခြုံတယ်လို့ ပြောလို့ရပါလဲခင်ဗျာ။
ဖြေ။ ။ ချင်းပြည်ကောင်စီကနေ ဖွဲ့စည်းလိုက်တဲ့ ချင်းလဲန်းအစိုးရအဖွဲ့က တော်လှန်ရေးကာလမှာ ချင်းပြည်လူထုရဲ့ ကိစ္စအဝဝကို စီမံဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်။ လွှမ်းခြုံတဲ့နေရာမှာ ကြည့်မယ်ဆိုရင် ချင်းလဲန်းကောင်စီမှာပါဝင်တဲ့ အဖွဲ့ဝင်တွေ၊ မြို့နယ်၊ ဒေသတွေကို လွှမ်းခြုံတယ်။ နောက်ပြီးတော့ ချင်းလဲန်းကို ထောက်ခံတဲ့၊ ချင်းလန်းမှာ ပါဝင်နိုင်ခြင်း မရှိသေးတဲ့ တခြားအဖွဲ့တွေအတွက်လည်း လွှမ်းခြုံနိုင်အောင် ကြိုးပမ်းသွားဖို့ ရှိတယ်။ နောက်ဆုံးအနေနဲ့က ချင်းပြည်အစိုးရအဖွဲ့ဟာ ချင်းပြည်လူထုအားလုံးကို ကိုယ်စားပြုနိုင်ဖို့အတွက် ကြိုးပမ်းသွားမှာဖြစ်တယ်။ အားလုံးပါဝင်လာနိုင်ရေးကို ဦးတည်ပြီးတော့မှ အစိုးရသွားတဲ့ လမ်းကြောင်းတွေမှာလည်း ခွဲခြားပြီး ဆောင်ရွက်တာမျိုး မဟုတ်ဘဲ ချင်းပြည်လူထုအားလုံးအကျိုးခံစားနိုင်ဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
မေး။ ။ ကောင်စီနှစ်ခုဖြစ်နေချိန်မှာ အစိုးရမဖွဲ့မီ တွေ့ဆုံညှိနှိုင်းကြဖို့ Chin Civil Movement အဖွဲ့က ကမ်ပိန်းတွေ လုပ်ပြီး တိုက်တွန်းနှိုးဆော်ကြပါတယ်။ ဒါပေမဲ့ အခုကတော့ ဒီလိုအစိုးရ ဖွဲ့စည်းလိုက်ရတဲ့အပေါ် ဘယ်လို မှတ်ချက် ပြန်ပေးချင်ပါလဲ။
ဖြေ။ ။ ချင်းပြည်မှာက အင်မတန်မှ အားနည်းတဲ့ပြည်လည်းဖြစ်တယ်။ အမျိုးသားတည်ဆောက်ရေးမှာလည်း အခြားတိုင်းရင်းသားတွေထက် တည်ဆောက်ရေးမှာလည်း အစပြုတည်ဆောက်နေရတဲ့ အနေအထားလည်းဖြစ်တယ်။ အဲလိုအနေအထားမျိုးမှာ နှစ်ဖွဲ့ ၊ သုံးဖွဲ့ရှိတာမျိုးက ဖြစ်လည်းမဖြစ်သင့်ဘူးဆိုတဲ့ အရာပါ။ ချင်းလဲန်းကောင်စီက အစိုးရ ဖွဲ့လိုက်တာသည် ချင်းပြည်တွင်းမှာ ပေါ်ပေါက်ပြီးသား အစိုးရ သို့မဟုတ် ပေါ်ပေါက်လာမယ်လို့ ယူဆကြတဲ့ အစိုးရကို ယှဉ်ပြိုင်ဖို့အတွက် မဟုတ်ဘူးဆိုတာ ထည့်သွင်းပြောလိုတယ်။ ချင်းပြည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ချင်းလဲန်း ကောင်စီကနေ ကောင်စီမှာပါဝင်တဲ့အဖွဲ့တွေ အားလုံးစုပြီးတော့မှ ပြည်သူလူထုကို ဝန်ဆောင်မှုပေးနိုင်ဖို့ ဆောင်ရွက်နေတာဖြစ်တယ်။
တဖက်မှာ ICNCC ဆိုတဲ့အရာကို ချင်းလဲန်းကောင်စီနဲ့ အားပြိုင်ဖို့အတွက်ကို တိုက်တွန်းနှိုးဆော်တာမျိုး၊ ကောင်စီနှစ်ခု ပြိုင်ခိုင်းတာမျိုးကိုလည်း ချင်းလန်းကောင်စီက လက်မခံနိုင်ပါဘူး။ ကျနော်တို့က ယှဉ်ပြိုင်ဖို့အတွက် ဖွဲ့စည်းတာ မဟုတ်ဘူး။ ချင်းလဲန်းကောင်စီကို ဖွဲ့စည်းလိုက်ခြင်းသာဖြစ်တယ်။ ချင်းပြည်အစိုးရအဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်းကလည်း တခြားပေါ်ပေါက်လာမယ့် အစိုးရကို ယှဉ်ပြိုင်ဖို့အတွက် ဖွဲ့စည်းတာ မဟုတ်ဘူး ဆိုတာကို ပြောလိုတာဖြစ်တယ်။ ကျနော်တို့ ဖွဲ့စည်းတာဟာ ပြည်သူလူထုအတွက်ပဲ ဖြစ်တယ်။ လိုအပ်လာရင် ကျနော်တို့ကောင်စီကနေမှ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ ကောင်စီကချမှတ်တဲ့ မူဝါဒတွေနဲ့အညီ ၊ ချင်းပြည်အတွင်းမှာရှိတဲ့ ချင်းလဲန်းကောင်စီမှာ မပါဝင်လာနိုင်သေးတဲ့ အဖွဲ့အစည်းတွေ ပါဝင်လာနိုင်ရေးကို ဦးတည်ထားပြီးမှ တွေ့ဆုံညှိနှိုင်းသွားဖို့ အစီအစဉ်ရှိတယ်။ ဆက်လက် တွေ့ဆုံညှိနှိုင်းနိုင်ရေးကို ဆောင်ရွက်ဖို့ရှိတယ်။ ကျနော်တို့အနေနဲ့ ယှဉ်ပြိုင်အစိုးရ၊ ယှဉ်ပြိုင်ကောင်စီလို ဟာမျိုးကိုတော့ ချင်းလဲန်းကောင်စီအနေနဲ့ လက်ခံနိုင်ခြင်း မရှိဘူးဆိုတာကို ပြောလိုပါတယ်။
မေး။ ။ ချင်းပြည်ကောင်စီကနေ ဖွဲ့စည်းပေးလိုက်တဲ့ ဒီမဏ္ဍိုင်ကြီး ၃ ရပ်ကနေ ချင်းပြည်လူထုရဲ့ရေးရာကိစ္စ အဝဝကို စီမံဆောင်ရွက်သွားမယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။ အဲဒီမှာ တရားစီရင်ရေးအစုအဖွဲ့ရဲ့ အထက်မှာ ကောင်စီကရှိနေတဲ့အပေါ်မှာ ဝေဖန်မှုတွေ ရှိပါတယ်။ အဲဒီအပေါ်မှာရော ဘယ်လို မှတ်ချက်ပေးချင်ပါလဲ။
ဖြေ။ ။ ဒီမဏ္ဍိုင် ၃ ရပ်က ချင်းလန်းကောင်စီကို တာဝန်ခံရမယ်ဆိုတဲ့ ဖွဲ့စည်းပုံပြဌာန်းထားတဲ့အတိုင်းပဲ ဖြစ်ပါတယ်။ သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ဖတ်ကြည့်ရင် တရားစီရင်ရေးအပိုင်းမှာ သူတို့လုပ်ပိုင်ခွင့်တာဝန်တွေကို ပြန်ကြည့်ရင် ဘယ်လောက်အတိုင်းအတာအထိ ရှိလဲဆိုတာ မေးရမှာဖြစ်တယ်။ တာဝန်ခံရဖို့အတွက်ပဲ ကျနော်တို့က ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ တရားစီရင်ရေးတစ်ခုထဲ မဟုတ်ဘဲနဲ့ အစိုးရအဖွဲ့၊ ဥပဒေပြုရေးအဖွဲ့တွေကလည်း ကောင်စီကို တာဝန်ခံရတာဖြစ်ပါတယ်။ သို့သော်လည်းပဲ လုပ်ငန်းဆောင်ရွက်ချက်တွေတိုင်းမှာ တရားရေးမဏ္ဍိုင်ရဲ့ လုပ်ငန်း၊ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို ဖွဲ့စည်းပုံကို ပြန်ကြည့်ရင် ၊ သူတို့ရဲ့ဆုံးဖြတ်ချက်က အပြီးအပြတ်ဖြစ်သည် ဆိုပြီးတော့မှ ရေးဆွဲပြဌာန်းထားတာ ဖြစ်ပါတယ်။ ဒါကို ကြည့်ရင် သူတို့လုပ်ပိုင်ခွင့်ကို ဖွဲ့စည်းပုံမှာ ဘယ်လောက် ပေးထားသလဲဆိုတာ သိမြင်နိုင်ပါတယ်။
မေး။ ။ ချင်းလဲန်းကောင်စီက ချင်းပြည်အစိုးရဖွဲ့စည်းမှုကို ICNCC က ကန့်ကွက်ထားပါတယ်။ အဲဒီအပေါ်မှာ ဘယ်လိုမှတ်ချက်ပေးနိုင်လဲခင်ဗျာ။
ဖြေ။ ။ သူတို့ဘက်က အသိအမှတ်မပြုဘူးလို့ပဲပြောပြော၊ မြေပြင်မှာရှိတဲ့ ချင်းလူထုက အချိန်အတိုင်းအတာတစ်ခု ရောက်သွားတဲ့အခါမှာ လူထုအတွက်ရပ်တည်တဲ့ အဖွဲ့အစည်းက ပိုပြီးတော့ ပြည်သူနဲ့တသားထဲဖြစ်ပြီးတော့ အချိန်အတိုင်းအတာ တစ်ခုရောက်ရင် ချင်းလူထုကြားထဲကပဲ စကားပြောလိမ့်မယ်လို့ပဲ ပြောလိုပါတယ်။
မေး။ ။ ကျနော် မမေးမိတာဖြစ်ဖြစ်၊ ဖြည့်စွက်ပြောကြားချင်တာဖြစ်ဖြစ် ရှိပါသေးလားခင်ဗျာ။
ဖြေ။ ။ ချင်းပြည်ချင်းလဲန်းကောင်စီကနေ ဖွဲ့စည်းထူထောင်လိုက်တဲ့ ချင်းပြည်အစိုးရအဖွဲ့၊ လွှတ်တော်နဲ့ တရားလွှတ်တော်ချုပ်တွေကို ဖွဲ့စည်းလိုက်တဲ့ရက်ကစပြီး သူရဲ့သက်ဆိုင်ရာမဏ္ဍိုင် အရပ်ရပ်ကနေ ချင်းလဲန်း ကောင်စီမှာပါဝင်တဲ့ မြို့နယ်နဲ့ ဒေသအသီးသီးမှာ ယန္တရားလည်ပတ်မှုတွေကို ဒေသအဆင့်၊ မြို့နယ်အဆင့် မဟုတ်တော့ဘဲနဲ့ ချင်းပြည်အဆင့်မှာ ပူးပေါင်းပြီးတော့မှ ဆောင်ရွက်ဖို့ သွားကြရတော့မှာဖြစ်တယ်။
အဲလိုသွားကြချိန်မှာ ကျနော်တို့နဂိုက ဆောင်ရွက်ပြီးသားအရာတွေကိုလည်း ချင်းပြည်အဆင့်ကနေ တာဝန်ယူရမယ့် အပိုင်းတွေကို ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်တယ်။ ပြည်သူလူထုတွေကလည်း ချင်းလဲန်းကောင်စီက ဖွဲ့စည်းလိုက်တဲ့ မဏ္ဍိုင် ၃ ရပ်အပေါ်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုတာအပြင် ပူးပေါင်းပေးကြပါ။ ချင်းလဲန်းအတွင်းမှာ ဖွဲ့စည်းပုံကို ရေးဆွဲပြီးတော့မှ ကိုယ်ပိုင်အုပ်ချုပ်တဲ့စနစ်ကို အခုကတည်းက အကောင်အထည်ဖော်သွားမှာ ဖြစ်တယ်ဆိုတာကို နှလုံးသွင်းပြီး အားလုံးလက်တွဲပူးပေါင်းကြဖို့ တိုက်တွန်းလိုပါတယ်။
KMG ပေးပို့သည်။