ကရင်နီ (ကယား) ပြည်၊ လွိုင်ကော်အကျဉ်းထောင်မှ နိုင်ငံရေးအကျဥ်းသား ၆ ဦး အပါအဝင် လွတ်ရက်စေ့ အကျဥ်းသားများအား ခရီးသွားပို့ဆောင်ရေးယာဉ်များ ပြေးဆွဲခြင်း မရှိသောကြောင့် ပြန်မလွှတ်ပေးသေးခြင်း ဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည့် စစ်ကောင်စီလုပ်ရပ်မှာ ယုတ္တိမရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဥ်းသားများကွန်ရက် (PPN) က တုံ့ပြန်ပြောဆိုသည်။
PPN ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက “ ပို့ဆောင်ရေးယာဥ် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အကျဥ်းသားတွေကို ထောင်ဘူးဝအပြင်ဘက်ထိ ပို့ပေးနိုင်ရင် ထောင်ဘက်က တာဝန်ကျေပြီ။ ကျန်တာကတော့ အဆင်ပြေတာနဲ့ မိသားစုဆီ ပြန်လို့ရတယ်” ပြောဆိုသည်။
ဆက်လက်ပြီး “ထောင်က လွှတ်ပေးလိုက်ရင် ဘူးတံခါးကနေ အပြင်ဘက်ကိုရောက်ရင် ထောင်က ဆက်လိုက်လာတာ မရှိဘူး။ ကိုယ့်အစီအစဥ်နဲ့ကိုယ်ပဲ ပြီးတော့ သူတို့ကိုယ်တိုင်တောင် ကရင်နီတော်လှန်ရေး တပ်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်နေရတဲ့ အနေအထားမှာ အကျဥ်းသားတွေကို ထောင်ထဲမှာလွတ်လပ်စွာ သွားလာခွင့် ပေးတယ်ဆိုတာ ယုတ္တိလုံးဝမရှိဘူး” ဟု ၎င်းက တုံ့ပြန်ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်ရက်စေ့ခဲ့သည့် လွိုင်ကော်အကျဥ်းထောင်မှ နိုင်ငံရေး အကျဥ်းသား ၆ ဦး၊ အခြားအမှုဖြင့်အကျဉ်းကျခံရသူ အကျဥ်းသား ၁၄ ဦး စုစုပေါင်း အကျဉ်းသား ၂၀ ဦး အား ခရီးသွား ပိုဆောင်ရေးယာဉ်များ ပြေးဆွဲခြင်း မရှိသောကြောင့် ပြန်မလွှတ်ပေးရသေးခြင်း ဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည့် စစ်ကောင်စီ၏ လုပ်ရပ်အပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPN) က တုံ့ပြန်ပြောဆိုခြင်း ဖြစ်သည်။
ထိုကဲ့သို့ လွတ်ရက်စေ့အကျဥ်းသားများအား ထောင်အတွင်း ဆက်လက်ထိန်းသိမ်းထားခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်သည်ဟု PPN နှင့် ကရင်နီနိုင်ငံရေးအကျဥ်းသားများအစည်းအရုံး (KPPA) တို့၏ ဖေဖော်ဝါရီ ၃ ရက်နေ့ ပူးတွဲထုတ်ပြန်ချက် ထွက်ရှိလာပြီးနောက် စစ်ကောင်စီသတင်းပြန်ကြားရေးဘက်က ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် အထက်ပါကဲ့သို့ ထုတ်ပြန်လာခြင်း ဖြစ်သည်။
လွိုင်ကော်အကျဉ်းထောင်ရှိ ထိုလွတ်ရက်စေ့အကျဥ်းသားများ၏ အခြေအနေကို PPN နှင့် KPPA တို့၏ ပူးတွဲ ထုတ်ပြန်ချက်အရ မီဒီယာများ မသိရှိခင်ကတည်းက စစ်ကောင်စီဘက်မှ ဦးစွာထုတ်ပြန် ပြောဆိုသင့်ကြောင်းနှင့် ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ကြောင်းလည်း ကိုသိုက်ထွန်းဦးက ပြောပါသည်။
စစ်ကောင်စီသတင်းပြန်ကြားရေး ထုတ်ပြန်ချက်တွင် အကျဥ်းသားများအား ထောင်အတွင်းကောင်းမွန်စွာစောင့်ရှောက်ထားသလို အဆင်ပြေစွာ နေရပ်ပြန်နိုင်ရေးအတွက် တာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်နေသည် ဟု ဆိုထားသော်လည်း ၎င်းတို့ လွတ်ရက်စေ့ခဲ့သည့် ဇန်နဝါရီ ၄ ရက်နေ့ မှ ယနေ့အထိဆိုလျှင် အချိန်တစ်လ ကြာမြင့်လာပြီ ဖြစ်သည်ဟု PPN က ဆိုသည်။
အကျဉ်းဦးစီးဌာနအနေဖြင့် လွတ်ရက်စေ့ အကျဥ်းသားများအား အမြန်ဆုံးလွှတ်ပေးရန်၊ တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတို့ လွိုင်ကော်မြို့အတွင်း စစ်ရေးအရ တင်းမာနေသည့် အခြေအနေတွင် အကျဉ်းသားများ နေရပ် ပြန်နိုင်ရေး အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ – ICRC နှင့် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA တို့မှ ကြားဝင်စေ့စပ်ကူညီပေးရန်လည်း အဆိုပါပူးတွဲထုတ်ပြန်ချက်တွင် ထည့်သွင်း တောင်းဆိုထားသည်။
လွိုင်ကော်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၁၄၀ ဦး အပါအဝင် အကျဉ်းသား ၅၀၀ ဦးခန့် ရှိနေသည်ဟု အကျဥ်းထောင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များ၏ ပြောဆိုမှုအရ သိရသည်။
ကယား (ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့မှ စတင်ခဲ့သော ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များ၏ (၁၁.၁၁) တစ်လေးလုံး စစ်ဆင်ရေးအတွင်း ပြီးခဲ့သည့် ဒီဇင်ဘာတတိယပတ်က လွိုင်ကော်အကျဥ်းထောင်ကို သိမ်းပိုက် ရရှိရန် ပူးပေါင်းတပ်များဘက်က ကြိုးပမ်းခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီဘက်မှ အင်အားအများအပြားဖြင့် ထောင်အတွင်း ခံတပ်အသွင် ကူးပြောင်းခြေကုပ်ယူထားသည်ဟု ဒေသတွင်းသတင်းများအရ သိရသည်။
KIC ပေးပို့သည်။