တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်အခြေစိုက် စစ်ကောင်စီတပ် ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရသည်။
ရေး – ထားဝယ် ကားလမ်းပေါ်ရှိ ကလိန်အောင်မြို့နဲ့ ကျောက်ရှပ်ကျေးရွာကြားရှိ စစ်ကောင်စီ အမှတ်-၄၁၀ ခြေမြန်တပ်ရင်းကို ဖေဖော်ဝါရီ ၂ ရက်နေ့ မနက် ၈ နာရီခွဲခန့်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဒရုန်းဖြင့် ဗုံးသီး ၄ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ယင်းသို့ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့သလို ၇ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး တပ်ရင်းအတွင်းရှိ အဆောက်အအုံ အချို့လည်း ထိခိုက်ပျက်ဆီးခဲ့တယ်လို့ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေမှ ဝေဟင်မှဒရုန်းဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်နေစဉ် စစ်ကောင်စီတပ်က လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည့်အပြင် လက်နက်ကြီး ၁၅ လုံးထက်မနည်း ရမ်းသမ်းပစ်ခတ် ခဲ့တယ်လို့ ၎င်းက ဆိုသည်။
စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် အနီးအနားကျေးရွာရှိ ဥယာဉ်ခြံတွေကို ကျရောက်ပေါက်ကွဲခဲ့ပေမယ့် အရပ်သားပြည်သူ ထိခိုက်သေဆုံးတာတွေ မရှိကြောင်း ၎င်းက ဆက်ပြောသည်။
တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့်လကစပြီး စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများအကြား နှစ်ဖက်တိုက်ပွဲ ပြန်လည်ပြင်းထန်ခဲ့ရာတွင် စစ်ကောင်စီဘက်က လေကြောင်းအသုံးပြု တိုက်ခိုက်တာကြောင့် မြို့နယ်အချို့မှ ကျေးရွာခံပြည်သူများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတွေက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလပထမအပတ်တွင် ကလိန်အောင်မြို့နှင့် ကျောက်ရှပ်ကျေးရွာကြားရှိ ခမရ -၄၀၉ တပ်ရင်း ဒရုန်းဖြင့် ဗုံးကြဲချတိုက်ခိုက်ခံရပြီး အဆောက်အဦးတချို့ ထိခိုက်ပျက်ဆီးခဲ့သလို စစ်ကောင်စီတပ်သား ထိခိုက် သေဆုံးတာတွေ ရှိခဲ့ကြောင်း သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။