ကရင်နီ (ကယား) ပြည်၊ ဒီးမော့ဆိုအနောက်ဖက်ခြမ်းရှိ စာသင်ကျောင်းတစ်ကျောင်းကို ဖေဖော်ဝါရီ ၅ ရက်က (ဒီကနေ့မှာ) စစ်ကောင်စီက တိုက်လေယာဉ်နှင့် လာရောက်ဗုံးကြဲခဲ့တာကြောင့် ကျောင်းသား ၄ ဦး သေဆုံးခဲ့ တယ်လို့ ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်ကို ကိုယ်တိုင်ကြုံခဲ့ရသည့် အလယ်တန်းပြကျောင်းဆရာမတစ်ဦးက ပြောသည်။
“ချက်ချင်းတော့ ၄ ယောက်တော့ ကျသွားတယ်ပေါ့နော။ ဒဏ်ရာရတာကတော့ ဒဏ်ရာအကြီးကတော့ ၉ ယောက် ရတယ်။ အစအနရတာတော့ အများကြီးပါပဲ” ဟု အဆိုပါဆရာမက ပြောသည်။
ဗုံးကြဲတိုက်ခိုက်ခံရသည့် စာသင်ကျောင်းသည် အလယ်တန်းကျောင်းဖြစ်ပြီး ကျောင်းသား အယောက် ၂၀၀ ကျော် ပညာသင်ကြားနေသော ကျောင်းဖြစ်တာကြောင့် ဒဏ်ရာရသူတွေလည်း အများအပြားရှိတယ်လို့ ၎င်းက ဆက်ပြောဆိုသည်။
ဗုံးကြဲခံရမှုကြောင့် ကျောင်းဆောင်တစ်ခုလုံး ပြိုကျပျက်စီးသွားကြောင်းနှင့် ပစ်ခတ်မှု ဖြစ်စဥ်မှာ မြန်ဆန် တာကြောင့် ကျောင်းသားများနှင့်အတူ ဆရာ၊ဆရာမများလည်း အချိန်မီ တိမ်းရှောင်နိုင်ခြင်း မပြုလုပ်နိုင်ခဲ့ဘူးလို့ အဆိုပါဆရာမက ပြောပါသည်။
ဖေဖော်ဝါရီ ၅ ရက် (ဒီကနေ့) မနက် ၉ နာရီခွဲ ၀န်းကျင်မှာ စစ်ကောင်စီတိုက်လေယာဉ်နှင့် လာရောက်ဗုံးကြဲ တိုက်ခိုက်သွားတာဖြစ်ကြောင်းနှင့် သေဆုံးသွားတဲ့ကျောင်းသား ၄ ဦးလုံးက အမျိုးသားတွေ ဖြစ်တယ်လို့ ဒေသခံများက ပြောဆိုသည်။
“ဒီမနက် လေယာဉ်ဝဲတယ်၊ ရောက်လာပြီး တန်းမပစ်သေးဘူး။ ပြီးမှပဲ လိုက်ပစ်တာ။ လေယာဉ်ကြဲတဲ့အသံ ဒီးမော့ဆိုတစ်မြို့လုံး ကြားရနိုင်တယ် အကျယ်ကြီးပဲ။ လူစိတ်မရှိတော့ဘူး၊ သူတို့ကောင်တွေ (စစ်ကောင်စီ) စာသင်ကျောင်းဆိုတာ ကလေးတွေပဲရှိတာ စာသင်နေကြတာ ပစ်မှတ်ထားပြီး လုပ်ရက်တယ်။ ခုကြားတာက ကလေး လေးယောက်သေတယ်လို့တော့ သိထားတယ်။ စိတ်မကောင်းတာနဲ့ ဒေါသထွက်တာကလွဲပြီး ကျန်တာ မပြောတတ်တော့ဘူး” လို့ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် အနီးတွင်ရှိနေသည့် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
စာသင်ကြားနေသည့် ကျောင်းသားများအပေါ် အခုလိုပစ်ခတ်မှုကို အရေးယူပေးဖို့ တောင်းဆိုပါကြောင်း အဆိုပါအလယ်တန်းပြကျောင်းဆရာမက အခုလိုပြောသည်။
“ဒါက ပြစ်မှုကျူးလွန်ရာ ရောက်တယ်ပေါ့နော။ အပြစ်မဲ့တဲ့ ကလေးတွေကို ဒီလိုဦးတည်ပြီးတော့မှ လာရောက် ရမ်းသမ်းပစ်ခတ်တာကို လုပ်ခြင်းအားဖြင့်က တကယ်ပြစ်မှုကြီးတစ်ခုပါပဲနော့။ အဲတော့ ဒီလိုမျိုးအပြစ်မဲ့တဲ့ ကလေးတွေအပေါ် မှာ ဒီလိုမလုပ်ဖို့ ကျမအနူးညွတ် တောင်းပန်ပါတယ်။ မိဘဖြစ်ရသူကလည်း အရမ်း ကြေကွဲတယ်။ ကျမကိုယ်တိုင် မိဘမဖြစ်ပေမဲ့လည်း သင်ကြားပေးတဲ့သူ တစ်ယောက်အနေနဲ့ ကျမအရမ်း ကြေကွဲလည်းကြေကွဲတယ်။ လာရောက်လုပ်ဆောင်သွားတဲ့ လူကိုလည်း ကျမ အရမ်းလည်းစိတ်နာတယ်။ နောက်နောင်ကျ ဒီလိုမလုပ်ပါနဲ့။ ဒီလိုဖြစ်သွားတဲ့ အရာတွေကလည်း သက်ဆိုင်ရာက ထိထိရောက်ရောက် အရေးယူပေးဖို့၊ တစ်ကယ်အပြစ်မဲ့တဲ့ ကလေးတွေပါလို့” ၎င်းက ပြောပါသည်။
အလားတူ ဖေဖော်ဝါရီ ၅ ရက်နေ့ (ဒီကနေ့) မှာပဲ ဒီးမော့ဆိုမြို့နယ်ရှိ အထက်တန်းကျောင်းတစ်ကျောင်းကို စစ်ကောင်စီက တိုက်လေယာဥ်နှင့် ဗုံးကြဲခဲ့ရာမှာ လူအထိခိုက်မရှိကြောင်း သိရသည်။
ဖေဖော်ဝါရီ ၅ ရက်နေ့ (ဒီကနေ့) တရက်တည်းမှာပင် စစ်ကောင်စီတပ်က ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း သုံးနေရာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့မှာလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဒီးမော့ဆိုမြို့နယ် ဒေါတမငယ်ရပ်ကွက်အနီးကို စစ်ကောင်စီက လေယာဉ်နှင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် နှစ်စဖြစ်သည့် တစ်လနဲ့ ၅ ရက်တာအတွင်း ကရင်နီပြည်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ကြောင့် သေဆုံးခဲ့ရသည့် အရပ်သား ၅ ဦးအထိ ရှိခဲ့ပြီး ၄ ဦးမှာ ကလေးငယ်များ ဖြစ်သည်။
ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။