စစ်ကောင်စီတပ်က ပုလောရှိ ကျေးရွာ၂ ရွာမှ သံဃာတချို့ကို စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်သွား

By MPM 5 ဖေ‌ဖော်ဝါရီ, 2024 👁

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ ကျေးရွာနှစ်ရွာမှ သံဃာ ၇ ပါးနှင့် ကပ္ပိယ ၁ ဦးကို စစ်ကောင်စီက စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ပုလောမြို့နယ်၊ နန်းပရုပ်ကျေးရွာသို့ ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ၉ နာရီခန့်တွင် စစ်ကောင်စီတပ်များ ဝင်ရောက်လာပြီးနောက် နန်းပရုပ်ရွာဘုန်းတော်ကြီးကျောင်းမှ သံဃာ ၆ ပါးကို ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။

ထိုမှတဆင့် စစ်ကောင်စီစစ်ကြောင်းသည် ၅ မိုင်ကျေးရွာသို့ ရောက်ရှိခဲ့ပြီး ၅ မိုင်ရွာ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဘုန်းကြီးနှင့် ကပ္ပိယကိုလည်း ဖမ်းဆီးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အဲဒီဘုန်းကြီးကျောင်းက အရင်က သူတို့ဝင်နားပြီး စားသောက်နေတဲ့ ဘုန်းကြီးကျောင်းပါ။ အခုက ဘာလို့ ဖမ်းသွားလဲ မသိဘူး။ ဘုန်းကြီးကျောင်းမှာ သံဃာ ၇ ပါးလောက်တော့ ရှိတယ်။ ကျောင်းထိုင်နဲ့ ကပ္ပိယကိုပဲ ခေါ်သွားတာ။ သူတို့ တပ်ထဲကိုပဲခေါ်သွားတာ။ ဒီနေ့ထိ မလွတ်သေးဘူး” ဟု ယင်းဒေသခံက ဆိုသည်။

စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် သံဃာတော်များကို ပုလောမြို့အခြေစိုက် ခမရ ၂၈၅ သို့ ခေါ်ဆောင် သွားခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က စပြီး ပုလောမြို့နယ်အတွင်းရှိ ငါးမိုင်ကျေးရွာ၊ ဘန်လောကျေးရွာအုပ်စုနှင့် အနီးနားကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များကြား ပစ်ခတ်မှုအနည်းငယ်ရှိခဲ့သော်လည်း တိုက်ပွဲကြီးကြီးမားမား မရှိကြောင်းလည်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

စစ်ကောင်စီစစ်ကြောင်းက သံဃာတော် ၇ ပါးနှင့် ကပ္ပိယ ၁ ဦးကို ဖမ်းဆီးသွားသည်ဟု ပုလောစစ်ကြောင်း ၁ မှ အတည်ပြု ပြောဆိုထားပါသည်။

စစ်ကောင်စီက အဆိုပါသတင်းသည် သတင်းတု၊ သတင်းမှားသာ ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ မီဒီယာများနှင့် နိုင်ငံပိုင်သတင်းဌာနဖြစ်သည့် MRTV မှ ကြေညာထားသည်။

IMNA ပေးပို့သည်။