တနင်္သာရီ၊ ဘန်လောကျေးရွာတိုက်ပွဲအတွင်း စစ်ကောင်စီ လေယာဉ်နှင့်ဗုံးကြဲ

By MPM 3 ဖေ‌ဖော်ဝါရီ, 2024 👁

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ဘန်လောကျေးရွာတွင် ဖြစ်ပွားနေသည့် နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်က လေယာဉ်နှင့်လာရောက်ဗုံးကြဲသွားတယ်လို့ ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံက သိရသည်။

“မနက်အစောပိုင်းကတည်းက တိုက်ပွဲဖြစ်တာ၊ နေ့လည် ၂ နာရီလောက်မှာ စကစဘက်က Mi 35 နဲ့ ဗုံး ၇ လုံး လာကြဲသွားတယ်” လို့ တောင်ပိုင်းညီနောင်များ တပ်ပေါင်းစုစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံကိုစိုင်းညီက ပြောသည်။

တပ်အင်အား ၅၀ ကျော်ပါသည့် စစ်ကောင်စီစစ်ကြောင်းသည် ဖေဖော်ဝါရီ ၂ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်က ဘန်လောကျေးရွာထဲ ဝင်ရောက်လာတာကြောင့် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်နှင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာဖြစ်ကြောင်း ၎င်းကဆိုသည်။

စစ်ကောင်စီဘက်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုအတွင်း တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ ထိခိုက်မှု မရှိပေမယ့် ဒေသခံပြည်သူပိုင် နေအိမ်အဆောက်အဦး ထိခိုက်ပျက်စီးမှုများကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့ သိရသည်။

နှစ်ဖက်တပ်အကြား တိုက်ပွဲဖြစ်ပွားသည့်အပြင် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ဘန်လောနှင့် ၆ မိုင်ကျေးရွာနေ ဒေသခံပြည်သူ ရာနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတို့ထံမှ သိရသည်။

တနင်္သာရီမြို့နယ်တွင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့က စ၍ တိုက်ပွဲများ ဖြစ်ပွားလာတာဖြစ်ပြီး အဆိုပါ တိုက်ပွဲများသည် ညောင်ပင်ကွင်း၊ တုံးတောကနေ ဘန်လောကျေးရွာတွေအထိ တိုက်ပွဲဧရိယာ ကျယ်ပြန့် လာတာဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုများထံက သိရသည်။

တနင်္သာရီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂၀ နီးပါး ထိခိုက်သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ပစ်ခတ်တာကြောင့် ဒေသခံအရပ်သားပြည်သူ ၃ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရှိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။