တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာ နယ်မြေရဲစခန်းကို စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်နေ့ မနက် ၆ နာရီခွဲခန့်မှာ မောင်းမကန်နယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲအတွင်း အခုလို စစ်ကောင်စီ ဘက်က သေဆုံးဒဏ်ရာရခဲ့ကြတာလို့ လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။
နှစ်ဖက်တိုက်ပွဲ အချိန် ၁ နာရီနီးပါးကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ရေတပ်သင်္ဘောက လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ကူပေးခဲ့တာကြောင့် ကျေးရွာဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ၎င်းက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်တွေက မောင်းမကန်နယ်မြေရဲစခန်းကို အင်းအားထပ်မံ ဖြည့်တင်းနေပြီး ရဲစခန်း ပတ်ပတ်လည်ကိုလည်း မြေမြှုပ်မိုင်းထောင်တာတွေ လုပ်ဆောင်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ သိရသည်။
ယင်းအပြင် ထားဝယ်ခရိုင်ရှိ နေရာအနှံတွင် စစ်ရေးအရှိန် မြင့်တက်လာနေရာ ပြည်သူများအနေနှင့် စစ်ရေးသတိ အမြဲရှိကြဖို့၊ နေအိမ်တွေမှာ ဗုံးခိုကျင်းတွေတူးထားကြဖို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေက အသိပေး တိုက်တွန်းထားသည်။
ဇန်နဝါရီ ၃၀ ရက်နေ့ကလည်း မောင်းမကန်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက လက်နက်ကြီး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ရဲစခန်းအတွင်းရှိ အဆောက်အအုံ ၁ ခု မီးလောင်ပျက်စီးခဲ့တဲ့အပြင် ရဲတပ်သား ၃ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။