မန္တလေး၊ အိုးဘိုထောင်မှ နိုင်ငံရေးအကျဥ်းသားများက အာဏာရှင်စနစ်ချုပ်ငြိမ်းရေး မြန်မာပြည်သူတရပ်လုံးနှင့် အတူ မဆုတ်မနစ် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် အိုးဘိုကြေညာစာတမ်းဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။
နိုင်ငံရေးအကျဥ်းသားများ၏ ကြေညာစာတမ်းတွင် မြန်မာပြည်သူတစ်ရပ်လုံးအပေါ် အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျုးလွန်နေသည့် စစ်ကောင်စီနှင့် ၎င်းတို့၏ လက်အောက်ခံများအား ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချထားသည့်အပြင် အာဏာရှင်စနစ် ချုပ်ငြိမ်းရန် ဆက်လက် တိုက်ပွဲဝင်မည့်အကြောင်း အလေးအနက် ကတိပြုထားသည်။
အိုးဘိုထောင်ကြေညာစာတမ်းတွင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီးလျှင် သက်ဆိုင်သူများအနေဖြင့် ဖက်ဒရယ် ဒီမိုကရေစီအတွက် အာမခံချက်ရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲပြဌာန်း၍ ငြိမ်းချမ်းသာယာသော နိုင်ငံတော်တည်ဆောက်ရေး စည်းစည်းလုံးလုံး လက်တွဲဆောင်ရွက်သွားကြရန်လည်း ရေးသားတိုက်တွန်း ထားသည်။
စစ်ကောင်စီက နိုင်ငံတော်အာဏာကို သိမ်းယူထားသည်မှာ ၃ နှစ်တာကာလ သက်တမ်းရှိလာပြီ ဖြစ်သဖြင့် အဆိုပါအိုးဘိုကြေညာစာတမ်းကို အချက် (၃) ချက်ဖြင့် ထုတ်ပြန်ကြေညာခြင်း ဖြစ်ကြောင်း စာတမ်းအရ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလပိုင်းက မန္တလေးအိုးဘိုအကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသားများက ၎င်းတို့အပေါ် ထောင်တွင်းရှိ တာဝန်ခံထောင်အရာရှိဝန်ထမ်းများမှ ပူးပေါင်းကာ သေလုမျောပါး ရိုက်နှက်မှုများ၊ လုံလောက်စွာ ဆေးဝါးကုသမှုမရှိသဖြင့် အသက်အန္တရာယ်ထိခိုက်သည်အထိ နစ်နာနေရမှုများအား လှုမှုကွန်ရက် စာမျက်နှာမှတဆင့် အမျိုးသားညီညွှတ်ရေးအစိုးရ-NUG နှင့် သက်ဆိုင်သူများသို့ တင်ပြခဲ့သေးသည်။
ထိုသို့ အကျဥ်းထောင်အတွင်း စစ်တပ်၏ မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဥ်းသားများ ထောင်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုခံနေရသည့်ကြားမှ ယခုကဲ့သို့ ကြေညာစာတမ်းထုတ်ပြန်လာသည့်အပေါ် လေးစားဂုဏ်ယူကြောင်း NUG ၏ ပြောခွင့်ရ ဦးနေဘုန်းလတ်က ပြောသည်။
“နိုင်ငံရေးအကျဥ်းသားတွေ အနေနဲ့ အခုလို တတ်နိုင်သမျှ ဖော်ထုတ်နေတာ ပြည်သူနဲ့တသားတည်း ရပ်တည်ပြီးတော့ ဆောင်ရွက်နေတာနဲ့ ပတ်သက်ပြီး အရမ်းပဲလေးစားဂုဏ်ယူပါတယ်။ ဒီလူတွေဟာ ဘာအပြစ်မှ မရှိဘဲ မတရားအကျဥ်းချခံနေရတာပါ။ သူတို့တွေကို အကျဥ်းချတဲ့သူတွေရော ထောင်ထဲရှိနေစဥ်မှာ ညှင်းပန်းနှိပ်စက်တဲ့သူတွေ အားလုံးဟာ သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေနဲ့ပတ်သက်ပြီး တချိန်ချိန်ကျရင် တာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့ ပြန်လည်ဖြေရှင်းရမယ်ဆိုတာလည်း ကျနော်အသိပေးလိုပါတယ်” ဟု ၎င်းက ဆိုသည်။
နိုင်ငံရေးအကျဥ်းသားများစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ အာဏာသိမ်း ၃ နှစ်တာ ကာလအတွင်း တော်လှန်ရေးနှင့် ဆက်စပ်ပြီး ဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဥ်းသားစုစုပေါင်း ၂၅,၉၃၁ ဦး ရှိနေပြီး ၎င်းတို့အနက် ၁၉,၉၉၃ ဦးသည် နိုင်ငံအနှံ့ရှိ စစ်ကြောရေးနှင့် အကျဥ်းထောင်အသီးသီးတွင် ထိန်းသိမ်း ခံထားရဆဲဖြစ်ကြောင်း သိရသည်။
အာဏာသိမ်း ၃ နှစ်ပြည့်အနေဖြင့် တော်လှန်သူအစုအဖွဲ့များမှ ပြည်သူလူထုအနေဖြင့် မိမိတို့တတ်နိုင်သည့် ကဏ္ဍမှ ဆန့်ကျင်တော်လှန်ကြရန် အသိပေးနှိုးဆော်ထားသလို မြို့ပြ၊ ကျေးလက်ဒေသများရှိ ပြည်သူလူထုများ ကလည်း အသံတိတ်သပိတ်ဖြင့် ဆန့်ကျင်ဆန္ဒပြမှုများ လုပ်ဆောင်လျက်ရှိသည်ကို ဒေသတွင်းသတင်းများအရ သိရသည်။
KIC ပေးပို့သည်။