ဗန်းမောက်၊ လေးသီကျေးရွာမှ အမျိုးသားတစ်ဦး KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ ဖမ်းဆီးထား

0
299
ပုံစာ - ဗန်းမောက်၊ လေးသီကျေးရွာ

စစ်ကိုင်းတိုင်းအထက်ပိုင်း ဗန်းမောက်မြို့နယ်၊ လေးသီကျေးရွာမှ အမျိုးသားတစ်ဦးအား KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့က ဖမ်းဆီးထားခဲ့ရာမှ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံများ ပြောဆိုမှုအရ သိရသည်။

လေးသီကျေးရွာမှ ကိုမောင်ဇော်တို့ ဇနီးမောင်နှံသည် တောနောက် (ရွှေညောင်) ကျေးရွာဘက်သို့ ပန်းခူးသွားစဥ်အတွင်း ဇန်နဝါရီလ ၂၇ ရက်နေ့ ညနေ ၄ နာရီ ဝန်းကျင်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တို့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

လေးသီကျေးရွာ ရပ်မိရပ်ဖတစ်ဦးက “တောနောက်ရွာ (ရွှေညောင်ပင်ကျေးရွာ) အထွက် ကံသာရဲ့ တဲအရှေ့မှာတဲ့၊ ညနေ ၄ နာရီအချိန်ကို ဖမ်းတာတဲ့။ သူ့မိန်းမကိုတော့ အိမ်အရောက်လာပြန်ပို့ထားပေးတာတဲ့ သူတို့ (KIA+PDF) လူတွေ” ဟု ပြောဆိုသည်။

ကိုမောင်ဇော် အဖမ်းခံရခြင်းနှင့် ပတ်သက်ပြီး တိကျသေချာသည့် အကြောင်းအရင်းကို သိရှိရခြင်း မရှိသေးကြောင်းလည်း ဒေသခံ သတင်းရင်းမြစ်များက ပြောဆိုသည်။

“ဟိုတုန်းကတော့ စာပေယဉ်ကျေးမှုတွေမှာ ပါဖူးတာတော့ရှိတယ်။ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ ပါတာတော့ မရှိဘူး။ ဘာကြောင့် ဖမ်းတယ်ဆိုတာတော့ မသိဘူး” ဟု လေးသီကျေးရွာသားတစ်ဦးက ဆိုသည်။

အဖမ်းခံရသည့် ကိုမောင်ဇော်သည် ညောင်ခြေထောက်ကျေးရွာသားတစ်ဦးဖြစ်ပြီး လေးသီကျေးရွာတွင် အိမ်ထောင်ကျပြီး လေးသီကျေးရွာ၌ပင် အခြေချနေထိုင်နေသူဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက်နေ့ ကလည်း ဗန်းမောက်မြို့နယ် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) ၏ ဗန်းမောက်မြို့နယ် အတွင်းရေးမှူးဖြစ်သူ ကိုကျော်စိုး၏ တစ်နှစ်အရွယ် ကလေးငယ်နှင့် မိန်းမဖြစ်သူမမေဇင်ဦး အသက် ၂၀ နှစ်ကို ဗန်းမောက်ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့က ဖမ်းဆီးသွားသည်မှာလည်း ပြန်လည်လွတ်မြောက်ခြင်း မရှိသေးကြောင်း ဒေသခံတို့ပြောဆိုမှုအရ သိရသည်။

ဆေကောင်ခမ်း(ရှမ်းနီအသံ) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here