လိုင်လင်းပီမြို့အနီးရှိ CNA၊ CDF- Mara ကင်းစခန်းတစ်ခုကို MDF ဝင်ရောက်တိုက်ခိုက်တာကြောင့် ရဲဘော် ၂ ဦး ကျဆုံး

0
334
ပုံစာ - CDF- Mara

ချင်းပြည်နယ်၊ လိုင်လင်းပီမြို့အနီးရှိ ချင်းအမျိုးသားတပ်ဦး CNA ၊ CDF- Mara တို့၏ ကင်းစခန်းတစ်ခုကို Maraland Defense Force (MDF) က အလစ်ငိုက်ဝင်ရောက် တိုက်ခိုက်တာကြောင့် CNF/CNA၊ CDF – Mara တို့မှ ရဲဘော် ၂ ဦး ကျဆုံးသွားကြောင်း CDF – Mara တာဝန်ရှိသူက ပြောဆိုသည်။

ဇန်နဝါရီလ ၂၄ ရက် နံနက် ၇ နာရီခန့်က လိုင်လင်းပီမြို့နှင့် ၉ မိုင်ရွာအကြားရှိ CNF/CNA ၊ CDF- Mara တို့၏ အင်အား ၉ ဦး ရှိသည့် ကင်းစခန်းတစ်ခုကို Maraland Defense Force (MDF) မှ အင်အား ၃၀ ကျော်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု CDF – Mara က ဆိုသည်။

CDF – Mara တာဝန်ရှိသူက “ဘာလို့ ဖြစ်ရတယ်ဆိုတာ မသိဘူး။ သေချာတာက မနက် ၇ နာရီ ဝင်တိုက်တာဆိုတော့ ရည်ရွယ်ချက်ရှိရှိနဲ့ပါ၊ လိုင်လင်းပီက ကျနော်တို့ CNA တို့ CDF ပူးပေါင်းတပ်တွေနဲ့ ကျနော်တို့ တိုက်ယူခဲ့တဲ့မြို့ ဖြစ်တယ်။ ကျနော်တို့ CNF နဲ့ မရာကောင်စီတို့ ပေါင်းပြီးတော့ အုပ်ချုပ်ရေး ထူထောင်တယ်။ ဖွင့်ပွဲတွေ လုပ်တယ်။ သတင်းမီဒီယာမှာ တက်လာတယ်။ သူတို့ကမလိုလားတော့ ကျနော်တို့ကို တက်သိမ်းချင်တဲ့သဘောလို့ပဲ မြင်တယ်။ ကျနော်တို့မှာ ဘာရန်ငြိုးရန်စမှ မရှိဘူး” ဟု ပြောသည်။

ထိုကင်းစခန်းအလစ်ငိုက် တိုက်ခိုက်ခံခဲ့ရတာကြောင့် CNF/CNA မှ ကျဆုံးသွားသည့် ရဲဘော်အမည်ကို မသိရသေးသော်လည်း CDF – Mara မှ ရဲဘော် Chhua Tlai ကျဆုံးသွားသည်ဟု သိရသည်။

အချင်းချင်းကြား သွေးထွက်အောင်လုပ်ခြင်းများ၊ နယ်မြေလုခြင်းများကို ရပ်တန်းကရပ်သင့်ကြောင်း CDF – Mara မှ တာဝန်ရှိသူက ဆက်ပြောဆိုသည်။

တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ သိရှိနိုင်ရန် Maraland Defense Force (MDF) ကို ဇန်နဝါရီလ ၂၄ ရက် မွန်းလွဲပိုင်းတွင် ဖုန်းဖြင့်အကြိမ်ကြိမ် ဆက်သွယ်ခဲ့ရာတွင် ဖုန်းဝင်သော်လည်း ဆက်သွယ်လို့မရရှိသေးပါ။

တဖက်တွင်လည်း မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ/ မရာလဲန်း ကာကွယ်ရေးတပ်ဖွဲ့ (MTC/ MDF) သည် တော်လှန်ရေး အဖွဲ့အစည်း အချင်းချင်းကြား မလိုလားအပ်သော ပဋိပက္ခများ မဖြစ်စေလိုသောကြောင့် ဇန်နဝါရီလ ၁၈ ရက်မှ စတင်၍ ၎င်း၏ နယ်မြေအတွင်း ကြိုတင်အသိပေးခြင်း မရှိဘဲ တပ်စွဲခြင်း၊ သွားလာလှုပ်ရှားခြင်းများ လုံးဝမပြုလုပ်ရန် နောက်ဆုံးအနေဖြင့် သတိပေးထုတ်ပြန်ထားသည်။

အကြိမ်ကြိမ် သတိပေးထုတ်ပြန်ထားသော်လည်း ၎င်းတို့နယ်မြေအတွင်း ကြိုတင်အသိပေးခြင်း မရှိဘဲ ဝင်ရောက်လှုပ်ရှားခြင်း တပ်စွဲခြင်းများနှင့် ရန်ပြုခြင်းများကို အကြိမ်ကြိမ် ပြုလုပ်ခံရသည်ဟု MDF က ဇန်နဝါရီလ ၁၈ ရက်နေ့က ထုတ်ပြန်သည်။

ယခုဇန်နဝါရီလ သီတင်းပတ်နှစ်ပတ်အတွင်း Maraland Defense Force (MDF) သည် CDF- Mara မှ ရဲဘော် ၆ ဦးထိကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး ပြန်မလွှတ်ပေးသေးကြောင်းနှင့် သေနတ်တစ်လက်ကိုလည်း သိမ်းယူထားသည်ဟု CDF- Mara မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ချင်းပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် CNF/CNA၊ CDF- Mara၊ CDF- Matupi ၊ CDF- Lautu၊ CDF- Zophei၊ CDF- Thantlang ဒရုန်းတပ်ဖွဲ့တို့သည် ပြည်သူများကို ဘေးလွတ်ရာသို့ စစ်ဘေးရှောင်ရန် အသိပေးပြီးနောက် နိုဝင်ဘာလ ၁၉ ရက်တွင် လိုင်လင်းပီမြို့က ခလရ – ၃၀၄ အထိုင်စခန်းကို စတင်တိုက်ခိုက်ခဲ့ရာ ငါးရက်အကြာ နိုဝင်ဘာလ ၂၄ ရက်တွင် လိုင်လင်းပီမြို့ကို အပြီးသိမ်းနိုင်ခဲ့သည်။

လိုင်လင်းပီမြို့ကို မြို့သိမ်းတိုက်ပွဲဆင်နွှဲပြီးနောက် လက်ရှိတွင် CDF – Mara နှင့် ချင်းအမျိုးသားတပ်ဦး CNF/ CNA တို့က ထိန်းချုပ်ထားသည်ဟု သိရသည်။

လက်ရှိတွင် မရာနယ်ကောင်စီဝင်များ၊ တိုက်နယ် ၆ ခုမှ ကောင်စီဝင်များ၊ ကျေးရွာအသီးသီးမှ ကိုယ်စားလှယ်များနှင့် ဒေသခံ ကိုယ်စားလှယ် ၃၀၀ ခန့် တက်ရောက်ပြီး လိုင်လင်းပီမြို့တွင် မရာနယ်ကောင်စီရုံး ဖွင့်လှစ်ခြင်းအခမ်းအနား၊ လိုင်လင်းပီ မြို့တော်ကောင်စီ ဖွဲ့စည်းခြင်းနှင့် ရပ်ကွက် ၄ ခု မှ ရပ်ကွက်ကောင်စီ ဖွဲ့စည်းခြင်းတို့ကို ပြီးစီးပြီဖြစ်ကြောင်း မရာနယ်ကောင်စီက ဇန်နဝါရီလ ၁၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

မရာနယ်ရှိ ကျေးရွာတိုင်းတွင် ကျေးရွာကောင်စီ ဖွဲ့စည်းနိုင်ရေးကိုလည်း ဆက်လက် ဖော်ဆောင်နေသည်ဟု သိရှိရသည်။

လိုင်လင်းပီမြို့သည် ချင်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းကို ချိတ်ဆက်သွားလာရာ အဓိက အချက်အချာကျပြီး လေယာဉ်ကွင်းလည်းရှိသည့် မြို့ဖြစ်သည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here