ရေးတွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်နေလို့ ဒေသခံများ ထွက်ပြေးနေရ

By MPM 23 ဇန်နဝါရီ, 2024 👁

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းများက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လူနေကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေတာကြောင့် ဒေသခံများထွက်ပြေးနေကြောင်း ၎င်းတို့က ပြောဆိုသည်။

ရေးမြို့အခြေစိုက် စစ်ကောင်စီ ခမရ ၅၈၈၊ ခလရ ၁၀၆ နှင့် အမြောက်တပ်ရင်းတို့မှ ဇန်နဝါရီလ ၂၀ ရက်နေ့ကစပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရေးမြို့နယ်၊ ကွမ်ဒူးကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ဟု ရွာခံများက ပြောသည်။

ကွမ်ဒူးကျေးရွာခံတစ်ဦးက “ဆက်တိုက်ပဲ ပစ်နေတယ်။ ညပိုင်းဆို ပိုဆိုးတယ်။ ဆက်တိုက်ပဲ ပစ်နေတော့ ကြောက်တယ်လေ။ ရွာမှာရှိတဲ့ အားလုံးနီးပါးက ပြောင်းကြကုန်ပြီ။ လူကိုထိတာ မရှိပေမယ့် အိမ်အမိုးတွေ ထိတာတွေ ရှိတယ်” ဟု ဆိုသည်။

ကွမ်ဒူးကျေးရွာသည် ရေး-သံဖြူဇရပ် ကားလမ်းပိုင်းဘေးရှိ ကျေးရွာတစ်ရွာဖြစ်ပြီး အာယုတောင်ကျေးရွာ အခြေစိုက် စစ်ကောင်စီတပ်ရင်း ခမရ ၃၄၃ နှင့် နီးစပ်သည်ဟု ဒေသခံတို့ထံမှ သိရသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေတာကြောင့် ကွမ်ဒူးကျေးရွာခံများသည် နီးစပ်ရာ သောင်ပြင်၊ အာယုတောင် ကျေးရွာဘက်သို့ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု အဆိုပါကွမ်ဒူးဒေသခံက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းက ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအနီးရှိ စစ်ကောင်စီ ကြိုးတံတား ဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရမိခဲ့သည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ထုတ်ပြန်ထားသည်။

အဆိုပါကြိုးတံတားဂိတ်စခန်း တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်တို့က ကနင်ကမော့၊ မော့ကနင် ကျေးရွာဘက်တွင် လုံခြုံရေးတင်းကြပ်ထားသည်ဟု လမိုင်းဒေသခံတစ်ဦးက ပြောဆိုသည်။

“ကြိုးတံတားဂိတ်တိုက်ပွဲရဲ့ အဆက်ကြောင့် အခုစစ်တပ်က လုံခြုံရေးတင်းကြပ်ထားတယ်။ အခု မော့ကနင် ကျေးရွာဘက်မှာဆိုရင် စစ်သားတွေ ကျေးရွာအတွင်းမှာ ချထားတာ အများကြီးပဲ။ လမ်းမှာ စစ်ဆေးနေတာကတော့ ပုံမှန်စစ်ဆေးနေကြတယ်” ဟု ၎င်းက ဆိုသည်။

ရေးမြို့နယ်၊ ရေး-သံဖြူဇရပ် ကားလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး တိုက်ပွဲကြောင့် အရပ်သား ထိခိုက်သေဆုံးမှုလည်းရှိခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

IMNA ပေးပို့သည်။