မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်သားများက ပြည်သူ့စစ် ပျူစောထီးသင်တန်းကို ဇန်နဝါရီ ၂၂ ရက်နေ့ကစတင်ပြီး ပထမဆုံးအကြိမ် စတင်ပို့ချသင်ပေးနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုသည်။
သင်တန်းသား ၇၀ ကနေ ၁၀၀ နီးပါးရှိသည့် ပျူစောထီးများကို သင်တန်းပေးနေတာ ဖြစ်တယ်လို စစ်ကောင်စီတပ်က ပြောဆိုပြသထားပေမယ့် တချို့ကတော့ ဓာတ်ပုံရိုက်ခံဖို့သာ လာကြတာ ဖြစ်တယ်လို့လည်း ဒေသခံများထံမှ သိရသည်။
“ဗီဒီယိုတွေလည်း ရိုက်သွားတယ်။ သင်တန်းပေးနေတာက ကျောင်းကုန်းကြီးမှာပါ။ တချို့က အင်အားပြပဲ လာတာ ရွာကတော့ သိပ်မများဘူး” လို့ ဒေသခံတစ်ဦးက ပြောဆိုသည်။
လက်ရှိ စစ်ကောင်စီ၏သင်တန်း၌ ကျောင်းကုန်းကြီးနှင့် ဆင်လူးရေပုတ်ကလေးကျေးရွာများ အပါအဝင် ရွာ ၆ ရွာ က ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တွေနှင့် သူတို့ရဲ့ဆွေမျိုးများသာ အဓိက တက်ရောက်နေကြတာ ဖြစ်တယ်လို့ ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။
အဆိုပါ ပျူစောထီးသင်တန်းကာလ ဘယ်လောက်ကြာမြင့်မည်ဆိုတာ မသိရသေးပေမယ့် ယနေ့ (ဇန်နဝါရီလ ၂၃ ရက်နေ့) အထိ ပြုလုပ်နေဆဲဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူ ဒေသခံတွေက ပြောပါသည်။
နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီတပ်ဟာ ပြည်သူ့စစ်ခေါ် ပျူစောထီးတွေကို လိုက်လံစုဖွဲ့နေပြီး ကျေးရွာတစ်အုပ်စုကို အနည်းဆုံး လူ ၃၀ ပေးဖို့ အတင်းအကြပ် ဖိအားပေးနေတာတွေ ရှိနေတယ်လို့ ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။
တချို့ရွာများမှာ အင်အားမပေးနိုင်သည့်အတွက် PDF ထောက်ခံတဲ့ရွာတွေလို့ သတ်မှတ်ပြီး မီးရှို့ဖျက်ဆီးဖို့ ခြိမ်းခြောက်တာတွေရှိနေသလို တချို့ကိုလည်း အမျိုးသားဖြစ်သူ မလိုက်ပါနိုင်ပါက အမျိုးသမီးအင်အားပေးရမှာဖြစ်တယ်လို့ ပြောဆိုနေကြောင်း ကျေးရွာခံများက ဆိုသည်။
ထို့အပြင် စစ်ကောင်စီတောင်းသည့် အင်အားမပေးနိုင်သော အိမ်ထောင်စုများအနေဖြင့်လည်း တစ်အိမ်ကို ကျပ်ငွေ ၃ သိန်းကနေ ၅ သိန်းအထိ ခြိမ်းခြောက်တောင်းခံနေရတယ်လို့ ဒေသခံတွေက ပြောပါသည်။
နိုင်ငံအတွင်း ပြည်သူ့စစ်အုပ်စုပေါင်း ၅၀၀၀ ကျော်ရှိပြီး ၂၀၀၈ ခုနှစ်နောက်ပိုင်း စစ်အစိုးရက ကျေးရွာပေါင်း တစ်သောင်းကျော်တွင် ပြည်သူ့စစ်အဖွဲ့များဖွဲ့ရန် ကြိုးပမ်းခဲ့တယ်လို့ အရပ်ဖက်အဖွဲ့အစီရင်ခံစာတစ်ခုတွင် ပြောဆိုထားသည်။
သံလွင်တိုင်းမ် ပေးပို့သည်။